Health, Opinion

မရှားပါးသော ထူးခြားဖြစ်စဉ််

ICTဂျာနယ်၏ Healthကဏ္႑ပင်တိုင် စာရေးသူအဖြစ် အပတ်စဉ် ရေးသားတင်ပြ ခဲ့ရာ၌ ကလေးသူငယ်တို့၏ ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ပိုမိုအသားပေး ဖော်ပြခဲ့မိသည်ကိုအပတ်စဉ် အားပေးဖတ်ရှုသူများ သတိထားမိကြပေ လိမ့်မည်။ ပန်းကလေးများကဲ့သို့ နုနယ်၍ ချစ်စဖွယ်ဖြစ်သော ကလေးသူငယ်များ သည်ကား အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည်နှင့်အညီ ကာကွယ်၍ ရနိုင် သော အကြောင်းအရာ၊ စောစီးစွာ ကုသ၍ရနိုင်သော အကြောင်းအရာများကို အသားပေး ဖော်ပြရခြင်းလည်းဖြစ်သည်။ မသိ၍ မကုလိုက်မိခြင်းမဖြစ်ရလေအောင်၊ အချိန်လွန်ပြီးကာမှ မကုသနိုင်လိုက်ခြင်းမျိုး မဖြစ်ရလေအောင် မိမိ၏အတွေ့အကြုံများ ပေါ် အခြေခံ၍ ရေးသားတင်ပြရခြင်း လည်း ဖြစ်ပါသည်။ ထိုအထဲတွင် သူငယ်နာ အကြောနှင့် ကြွက်သားအားနည်းရောဂါ Cerebred Palsy CP ရောဂါသည် ကလေးငယ်များအကြောင်းလည်း ရံဖန်ရံခါ ပါရှိခဲ့သည်ကို စာဖတ်သူ မိဘပြည်သူများ မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။

ကာလဒေသကို လိုက်၍လည်းကောင်း ရာသီဖျား ရာသီနာများနှင့် ဆက်စပ်၍လည်း ကောင်း မိမိတို့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများတွင် လတ်တလော ကြုံတွေ့ရသည့် အဓိက ပြဿနာများကိုသာ ဦးစားပေး၍ လက်တွေ့နှင့် တစ်ထပ်တည်း အကြာင်းအရာများကိုလည်း ကြိုးစားတင်ပြ နေခဲ့မိပါသည်။ ယခင်ကာလများကရေးခဲ့ သော စာမူဟောင်းများကိုလက်တွေ့ ပစ္စုပ္ပန် အချိန်နှင့် ကိုက်ညီမှုမရှိလျှင် မပေးပို့ဖြစ်ခဲ့ပါ။ ယခုလည်း မိဘပြည်သူများ၏ရင်၀ယ်လိပ်ခဲ တည်းလည်း ဖြစ်နေမည်။ ထို Cerebral Palsy ရောဂါအကြောင်းကို ယခင် တင်ပြခဲ့ သည်များထက် ပိုမိုပြည့်စုံ၍ နားလည် သဘောပေါက်လွယ်အောင် ကြိုးစားတင်ပြပါမည်။ မိမိထက်အသက် ရော ဝါပါကြီးမားသော ဆရာကြီးများ ရေးသားခဲ့သော ကျန်းမာရေးပညာပေး စာပေများ၌လည်း ပါ၀င်ပြီးဖြစ်သဖြင့် စာဖတ်သူတို့ သိရှိပြီးသား ဖြစ်စေသည့်တိုင် မှတ်ဉာဏ်ကို ပြန်လည်နွေှးပေးခြင်း Refresh Memory လုပ်ပေးသည်ဟုလည်း လက်ခံပေးစေလိုပါသည်။

လူသားတို့၏ ဘ၀သည် မိခင်၏ ၀မ်းအတွင်း ကိုယ်၀န်ဆောင်စဉ်မှစသည်ကို လူတိုင်းသိရှိပြီးဖြစ်သည်။ ဖခင်၏မျိုးရိုးဗီဇ နှင့် မိခင်၏ ဗီဇတို့ပေါင်းစပ် သနေ္ဓတည်ကာ ဆဲလ်တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှ လေးလုံး အစရှိသဖြင့် ပွားကာ သနေ္ဓသားတစ်ဦး ဖြစ်လာသည်ကိုလည်း သိရှိပြီးဖြစ်မည် ထင်ပါသည်။ အသက်ရှိြုပီဟု မသိခင် လောက်ကတည်းကပင် လူတစ်ဦး၏ ပင်မအတွင်းကလီစာများ ပေါ်ထွန်းရန် တာစူခဲ့ချေပြီ။ ၄င်းတို့အထဲတွင် ဦးနှောက် ပေါ်ထွန်းလာမှုသည် အရေးကြီးသောကဏ္႑ တစ်ခုဖြစ်သည်။ သနေ္ဓသား၏ဖြစ်တည် ဖံွ့ဖြိုးကြီးထွားမှုသည် ကိုယ်၀န်ဆောင်စဉ် တစ်လျှောက်သာမက မွေးဖွား သန့်စင်ပြီး သည့်တိုင်အောင် လိုအပ်နေဆဲဖြစ်ပါသည်။ ထိုကြောင့် မမွေးဖွားခင်အချိန်မှစ၍ မွေးဖွားပြီး အချိန်ကာလတစ်ခုအထိလူသား တစ်ဦး၏ အင်္ဂါကလီစာများသည် လမ်းကြောင်း မှန်မှန်၊ အချိန်မှန်မှန်ဖြင့် တိုးတက် ဖံွ့ဖြိုးကြီးထွားရန်လိုပါသည်။ ပန်းတိုင် မရောက်ခင် ရပ်တန့်သွားလျှင်ကား ဖံွ့ဖြိုးမှု ချို့တဲ့သော ရောဂါများ ဖြစ်လာ တော့မည်။ သို့ဆိုလျှင် ကလေးတစ်ဦး၏ ဦးနှောက်ဖံွ့ဖြိုးမှုအတွက် အရေးကြီးသော အချိန်ကာလသည်ကား အဘယ်နည်း။

သနေ္ဓတည်ချိန်မှစ၍အသက်(၃) နှစ်၀န်း ကျင်အထိ အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖံွ့ဖြိုးတိုးတက်နေပါသဖြင့် ၎င်းအချိန်ကာလ အတွင်း ပြဿနာရှိလျှင် CP ကဲ့သို့ ရောဂါများ ပေါ်လာရပါသည်။ CP ကို အဓိပ္ပယ် ဖွင့်ဆိုရာ၌ ဖံွ့ဖြိုးဆဲ ကလေး ဦးနှောက် အစိတ်အပိုင်းအချို့ကို အနှောက်အယှက် အထိအခိုက်ဖြစ်မိ၍ ခန္ဓာကိုယ်၏ လှုပ်ရှားမှုနှင့် အနေအထား ယိုယွင်းလာခြင်းဟု အဓိပ္ပာယ် ဖွင့်ဆို ထားပါသည်။ ထိုတစ်ချိန်၌ ထိခိုက်မိသည့် ပမာဏပေါ် မူတည်၍ ရောဂါအတိမ်အနက် ကွာခြားသော်လည်း လိုအပ်သောကုထုံး များကို အချိန်မီ စောစီးစွာမယူထားမိ ပါက ဦးနှောက်ကိုထပ်၍ ထိခိုက်မည် မဟုတ်သည့်တိုင်အောင် ကြွက်သား၊ အာရုံကြောနှင့် လှုပ်ရှားမှု၊ နေအထား တို့မှာ ပြုပြင်၍မရအောင် ဆိုးရွားသွားတတ်သဖြင့် မိမိတို့၏ ကလေးသူငယ်များတွင် သံသယ ဖြစ်စရာ လက္ခဏာများရှိပါက စောစီးစွာ ပြသ တိုင်ပင်သင့်ပါသည်။

မည်သည့်အကြောင်းများကြောင့် ဖံွ့ဖြိုးဆဲဦးနှောက်ကို ထိခိုက်ရ သနည်းဟု မေးလျှင် ကြောင်းများစွာရှိပါသည်။ ရှာဖွေဖော်ထုတ်နိုင်သော ကြောင်း များ ရှိသကဲ့သို့ ၊ ရှိမှန်းသိသော်လည်း မဖော်ထုတ်နိုင်သော(Cryptogenic) အောင်းနေသော အကြောင်းအရာများ လည်း ရှိပါသည်။ မေရိကန်ဦးနှောက်နှင့် အာရုံကြော အထူးကု အဖွဲ့ကြီးက တင်ပြရာ၌မူ လေးပုံသုံးပုံခန့်သည် အကြောင်းရင်းမရှိသော (Idiopathic Eauses) များကြောင့် ဖြစ်သည်ဟု ဖော် ပြထားသည်။

အစကောင်းမှအနှောင်းသေချာ ဆိုသကဲ့သို့ ဦးနှောက်နှင့် အာရုံကြော များစတင်ဖြစ်ထွန်းပေါ်ပေါက်စဉ် ကတည်းက ကောင်းမွန်မှသာကျန်းမာ၍ ဉာဏ်ရည် ပြည့်မီသော သားကောင်း သမီးကောင်း ရတနာများ ပေါ်ထွန်းလာနိုင်ပါမည်။ မျိုးရိုးဗီဇကြောင့် ဦးနှောက် ပုံမှန်မဖွံံ့ဖြိုးခြင်း၊ သွေးကြောများ ပုံမှန် မဖြစ်ထွန်းခြင်းတို့ကြောင့် သော် လည်းကောင်း၊ ကိုယ်၀န်ဆောင်စဉ် ကာလအတွင်း မိခင်ထံမှ ရောဂါပိုးမွှားများ ကူးစက်ခြင်းကြောင့်လည်းကောင်း ၊ မွေးဖွားချိန်တွင် အလွယ်တကူမဖြစ်ဘဲ ကလေးမွမ်းခြင်း၊ မသက်မရှုနိုင်ခြင်း၊ မွေးကင်းစကာလတွင် ပြင်းထန်စွာ အသားဝါ ခြင်း၊ မွေးကင်းစဘ၀မှ အသက်၃၊ ၄နှစ်တိုင်ကြားကာလတွင် ဦးနှောက်အမှေး ရောင်ခြင်း ဦးနှောက်ပိုး၀င်ခြင်းတို့သည် လည်း အဖြစ်များသောအကြောင်းရင်းခံများ ဖြစ်သည်။ ဤ ကြောင်းအရာများသည်ကား သိသာစွာ ဖြစ်ပွားခဲ့သည်များ ရှိသကဲ့ သို့ မထင်ရှား တိတ်ဆိတ်စွာဖြင့် သတိ်မထားမိဘဲ ပေါ်ပေါက် လာခဲ့သည် များလည်း ရှိတတ်သောကြောင့် လက္ခဏာ ပေါ်ပေါက်လာမှ CP ဖြစ်မှန်း သိရခြင်းများလည်း ရှိပါ သည်။ ပေါင် မပြည့်လမစေ့ဘဲ ကလေး မွေးဖွားခြင်းသည်လည်း စာရေးသူတို့ အများဆုံး ကြုံတွေ့ရသော CP၏ တရားခံဖြစ်သည်။

ထို့ကြောင့် CP မဖြစ်အောင်ကာကွယ် ၍ ရမည်လားဟုမေးလျှင် ရနိုင်သည့် အတိုင်းအတာ တစ်ခုအထိ ရနိုင်ပါသည်။ ဥပမာ ဦးနှောက်အာရုံကြော ရိုးမ ပေါ်ထွန်း ဖြစ်ပွားရာ၌ အားပေးသော Folic Acid ကို ကိုယ်၀န် မယူမီ ကာလမှ စတင် သောက်သုံးခြင်း၊ ကိုယ်၀န်ဆောင်စဉ် အဖျားကြီးခြင်း အကြိတ်ထွက်ခြင်းများဖြစ်လျှင် စောစီးစွာ ကုသမှုခံယူခြင်း၊ ကိုယ်၀န် စောင့်ရှောက်မှု ခံယူခြင်း၊ မွေးဖွားခါနီး ရေဆင်း သွေးဆင်းလျှင် အချိန်မီ ပြသခြင်း ဖျားနာလျှင် ကုသမှုခံယူခြင်း သင့်တော်သော သားဖွားခန်း၌ ကျွမ်းကျင်သူနှင့်သာ မွေးဖွားခြင်း၊ မွေးမွေးချင်း ကလေး မငိုနိုင်လျှင် စောစီးစွာ ကုသပေးခြင်း ပေါင်မပြည့်လျှင်၊ လမစေ့လျှင် သတိထားခြင်း၊ အသားဝါလျှင် ကျွမ်းကျင်သူနှင့် ချိန်မီ ပြသခြင်း၊ ကလေးဖျား၍ မလန်းလျှင် စောစီးစွာ ကုသမှု ခံယူခြင်း၊ ကာကွယ် ဆေး ပုံမှန်ထိုးခြင်းတို့သည်ကား တန်ဖိုးကြီး လှသော ကာကွယ်နည်းများဖြစ်သည်။ မီးကို မလောင်ခင်က တားသင့်သည် မဟုတ်ပါလော။ ကျန်းမာရေးအသိပညာ မရှိ၍သာ ထင်ရာစိုင်း ကုသတတ်သော တောသူတောင်သားတို့၏ ဘ၀ပေါင်းများ စွာအတွက် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရောက်အောင် ပညာပေးရခြင်းဖြစ်သည်။ CP ဖြစ်မဖြစ် စောစီးစွာ သိရှိနိုင်မည့် လက္ခဏာများကိုလည်း တင်ပြပါဦးမည်။ မိမိ၏ မွေးကင်းစကလေးသည် ပုံမှန် လှုပ်ရှားမှု မရှိခြင်း၊ နို့ကောင်းစွာမစို့ခြင်း တို့သည် ရှေ့ပြေးလက္ခဏာများ ဖြစ်နိုင် သည်။

ကျန်းမာသောနို့စို့ကလေးငယ် တစ်ဦးအဖို့ နီ၊ နွေး ၊ ကွေး ၊ စို့ ၊ အော် ဟူသော အရည်အချင်းများ ရှိပေသည် မဟုတ်လော။ ထို့ပြင် ဦးခေါင်းထောင်နိုင်ချိ်န် (ဇက်ခိုင်ချိန် ) (၃)လသား အရွယ်အထိ ခေါင်း မခိုင်ခြင်း၊ မှောက်လှန်နိုင်ချိန်အထိ မမှောက်လှန်နိုင်ခြင်း၊ သူများ ထိုင်နိုင်ချိန်တွင် မထိုင်နိုင်သေးခြင်း ၊ လမ်းမလျှောက်ခြင်း တို့သည်ကား ကနေဦး လက္ခဏာများ ဖြစ်နိုင် သဖြင့် ကျွမ်းကျင် သူများနှင့် တိုင်ပင်ပြသသင့်သည်။

ကျန်းမာသော ကလေးများအဖို့ အသက် (၁)နှစ်ခွဲ (၂)နှစ်မတိုင်ခင် ဘယ်သန်၊ ညာသန်ဟူ၍ မရှိတတ်သေးသော်လည်း CP ဖြစ်နိုင်ချေရှိသည့် ကလေးများတွင် တစ်ဖက်မှ အားလျော့နေ၍စောစီးစွာ ဘယ်သန်၊ ညာသန် ဖြစ်လာ တတ်သည်။ တစ်ခါ တစ်ရံ ကြွက်သားများ တင်းမာ နေတတ်ပြီး ဘောင်းဘီ လဲရသည့်အခါ ခြေထောက် နှစ်ဖက် ပူးကပ်နေသည်ကို ခဲယဉ်းစွာ ခွဲပေးရ သည်များလည်း ရှိတတ်သည်။ ဦးနှောက် ထိခိုက်သည့် ပမာဏများလျှင် အသိဉာဏ်၊ အမြင်၊ အကြား အာရုံများပါ လျော့ပါးချို့တတ်သလို တက်တတ်သည်များလည်း ရှိပါသည်။ ကံဆိုး၍ CP ဖြစ်ရသော်လည်း ကံကောင်း၍ အသိဉာဏ်နှင့် ဆဌမအာရုံ ထိခိုက်မှုမရှိခြင်း ဦးနှောက်အစိတ်အပိုင်း အနည်းငယ်သာ ထိခိုက်ခြင်းများ ဖြစ်ပါက သက်ဆိုင်ရာ ခြေ၊ လက် သာမသန်သော်လည်း ဉာဏ်ရည် ပြည့်မီသော ပညာရှင်များပင် ပေါ်ထွန်းခဲ့သည့် သာဓကများရှိသည်။

CP ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလားဟုမေးလျှင် မပျောက် ကင်းနိုင်ပါ။ သို့သော် လူစဉ်မီအောင် ကုသနိုင်ပါသည်ဟု ပြောရပါမည်။ ဟုတ်ပါသည်။ အရေးကြီးသည်က လူစဉ်မီ လူတော တိုးနိုင်ရန် ဖြစ်ပါသည်။ စောစီးစွာ ကုသမှသာ ထိုအခွင့်အရေးကို ရပါလိမ့်မည်။ Multidisciplinar Management Approach ဟူသော ကျွမ်းကျင်သော ကဏ္႑ပေါင်းစုံမှ အထူးကု ဆရာ၀န်များ၊ ပညာရှင်များနှင့် သက်ဆိုင်ရာ ကုထုံးများ၊ အကူအညီ ပစ္စည်းများဖြင့် ပြုစုပါက သင့်ကလေး လူရာ၀င်ပေမည်။ ကလေးအထူးကု ဆရာ၀န်များ၏ ညွှန်ကြားမှုနှင့်အတူ ပြန်လည်သန်စွမ်းရေးမှ ကုထုံးများ Physiatherapy လိုအပ်သော ပြုပြင်ပြင်ဆင်မှုနှင့် နိစ္စဓူ၀ အလုပ်အကိုင်များအတွက် Occupational Thempy စာပေသင်ကြားရေးအတွက် ဆရာမများ၊ အမြင် ချို့တဲ့သူတို့အတွက် မျက်စိဆရာ၀န်၊ အကြားအတွက် နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ ၊ စကားပြောနိုင်ဖို့အတွက် Speech and Language Therpist ခြေလက်များ စိုင်းသွားလျှင် ပြုပြင်ရန် အရိုး အကြော ပါရဂူ အစရှိသည့် ပညာရှင်များ ပူးပေါင်း ၍ ပြုစုကုသကြရပါမည်။ ပညာတတ် ပါမောက္ခကြီး မဖြစ်နိုင်တောင် မျက်နှာသစ်၊ သွားတိုက်မှစ၍ တစ်ကိုယ်ရေ သန့်ရှင်းမှု နှင့် ကိုယ်တိုင် ကိုယ်ကျ စားသောက် သွားလာနိုင်လျှင်ပင် လူရာ၀င်ပြီဟု ဆိုရမည်။ စာရေးသူ၏ မိတ်ဆွေ တစ်ဦးဆိုလျှင် ထိုင်၍ စကား ပြောနေလျှင် ရောဂါသည်မှန်း မသိရ။ လမ်းထလျှောက်ခါမှ ခြေတစ်ဖက်သိမ်း၍ အထောက်အကူ သုံးရမှန်းသိရသည်။ ထို့ကြောင့် မိသားစု၏ ၀ိုင်း၀န်းပြုစု စောင့် ရှောက်မှုသည် ကလေး၏ အနာဂတ် အတွက် တန်ဖိုးကြီးလှသည်။

ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် Prevention is Bether than Care ဆိုသည့်အတိုင်း CP မဖြစ်အောင် တတ်နိုင်သမျှ ကာကွယ် သင့်သည်။ CP ဖြစ်ခဲ့လျှင်လည်း နောက်ဆက်တွဲ လူဖြစ် မရှုံးအောင် ပြုစုသင့်သည်။ အပြော လွယ်သော်လည်း အလုပ် ခက်သည်ကို ရောဂါသည် မိသားစုများ အသိဆုံး ဖြစ်သည်။ တိုးတက် ချမ်းသာသော နိုင်ငံများတွင်မူ CP စောင့်ရှောက်မှု အဖွဲ့အစည်းမှ အစအဆုံး တာ၀န်ယူ ထောက်ပံ့ စောင့်ရှောက်ပေး သည်ဟု အားရဖွယ်ရာ ကြားသိရပါသည်။ နေရာတိုင်းတွင် အကောင်းအဆိုး ရှိပါသည်။ စာရေးသူတို့ နိုင်ငံတွင် ထိုသို့အဖွဲ့အစည်းများ မပေါ်ပေါက်သေးသည့်တိုင် ထို CP ကလေးငယ်များကို တွေ့သည့်နေရာ၌ တွေ့သူတိုင်းက စောင့်ရှောက် ကူညီတတ်သည့် အလေ့အထ ရှိပါသည် မဟုတ်ပါလော။

သို့ဆိုလျှင် သူငယ်နာအကြောနှင့် ကြွက်သားအားနည်းရောဂါအကြောင်း Cerebral Petsy CP အကြောင်း အနည်းအကျဉ်းမျှ ရှင်းလင်းလာမည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံ၏ တစ်နေရာ တစ်ဒေသ ထဲ၌သာ ဘေးအန္တရာယ် အဆိပ် အတောက် တစ်မျိုးမျိုးကြောင့် ဖြစ်ပေါ်လာရသည် မဟုတ်ကြောင်း ကိုလည်း လက်ခံနိုင်လောက်ပြီဟု ယူဆပါသည်။ မပြင်နိုင်သော အကြောင်း အရာများကား အမြဲရှိနိုင်ပါသည်။ ကမ္ဘာတစ်၀ှမ်းရှိ ဆေးပညာရှင်များမှ သုတေသနပေါင်းများစွာ ပြုလုပ်ပြီး၍သာ ရောဂါ၏ သဘောသဘာ၀နှင့် ဇစ်မြစ်တို့ကို သိရှိသဘောပေါက် လာရခြင်းဖြစ်ပြီး အခိုင်အမာ ကောက်ချက်ချနို်င်သော ရောဂါ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် စာဖတ်သူ မိဘပြည်သူအပေါင်းတို့ ထူးခြားဖြစ်စဉ်ဖြစ်ခဲ့သည့် CP ရောဂါမှာ ရှားပါးလှသော ရောဂါမဟုတ်ကြောင်း၊ နေရာဒေသ တစ်ခုတည်း၌သာ တစ်စုံ တစ်ခုသော အကြောင်းအရင်းတစ် မျိုးတည်းကြောင့် ဖြစ်ပေါ်လာနိုင်ခြင်း မဟုတ်နိုင်ကြောင်းကို လက်ခံ သိရှိလာနိုင် မည်ဖြစ်ကြောင်း မျှော်လင့်ရပါသည်။ ထို့ကြောင့် Prevention is Bether Than Cure ဟူသော အဆိုကို လက်တွေ့ ကျင့်သုံးနိုင်ရန် ဗဟုသုတရရှိပြီဟု ယုံကြည်ရင်း နိဂုံးချုပ်လိုက်ရပါသည်။

 

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *