News

ဂိုး ၂၀၀ပြည့်သွင်းနိုင်သည့် ရွန်နီ မန်ယူအတွက် မဟာကစားသမားတစ်ဦး ဖြစ်လာနိုင်ဟု မိုယက်စ်ပြော

အင်္ဂါညက ဒေးဗစ်မိုယက်စ်၏ မန်ယူနည်းပြဘ၀ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ယူတိုက်စစ်မှူး ရွန်နီမှာ လီဗာကူဆင် အသင်းဘက်သို့ ကိုယ်တိုင်နှစ်ဂိုးသွင်းပြီး စတုတ္ထဂိုးကို ဗလန်စီယာ သွင်းနိုင်ရန်အတွက် ဖန်တီးပေးခဲ့၍ ၄င်း၏ ခြေစွမ်းကို အားရကျေနပ်မိဟု နည်းပြမိုရက်စ်က ထုတ်ဖော်ပြောဆိုထားသည်ဟု သိရသည်။ အခုပွဲစဉ်တွင် နှစ်ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ရွန်နီမှာ မန်ယူအသင်းအတွက် ဂိုးပေါင်း ၂၀၀သွင်းပေးနိုင်သူ ဖြစ်လာပြီး မန်ယူအသင်း သမိုင်းတစ်လျှောက်တွင် သူ့ထက် ပိုပြီး ဂိုးသွင်းနိုင်ခဲ့သူဆို၍ ဂျက်ရော်လေး၊ ဒင်းနစ်လောနှင့် ဘော်ဘီချာလ်တန်တို့သာ ရှိတော့သည်ဟု ဆိုသည်။

ပွဲအပြီးတွင် အိုင်တီဗွီ ရုပ်သံသတင်းထောက်များက ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကာလတွင် မန်ယူအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မန်ယူတွင် မည်မျှကြာအောင် ဆက်နေမည်နည်းဟု မေးမြန်းခဲ့ရာတွင် ရွန်နီက ဒေါသတကြီးဖြင့် “ခင်ဗျားတို့ နားထောင်ကြ၊ ကျွန်တော်က ပြီးခဲ့တဲ့ တစ်နွေလုံးမှာရော အခုမှာပါ အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ အကောင်းဆုံး ကစားပေးနိုင်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကျွန်တော် ခေါင်းငု့ံပြီး အလုပ်ကိုပဲ ကြိုးစားခဲ့တယ်။ အခု ဂိုးတွေသွင်းနိုင်ပြီး အကောင်းဆုံး ခြေစွမ်းပြန်ရလာလို့လည်း ကျေနပ်မိတယ်”ဟု ဖြေကြား ပြောဆိုသွားသည်။

ထိုသို့ ပြောဆိုပြီးနောက် ရွန်နီက သူ၏ Twitter စာမျက်နှာတွင် “အကောင်းမွန်ဆုံး ရလာဒ်ပါပဲ။ မန်ယူအတွက် ဂိုး ၂၀၀ပြည့် သွင်းနိုင်ခဲ့လို့လည်း ဂုဏ်ယူမိတယ်။ နောက်ထပ်ဂိုးတွေ ထပ်လာဦးမယ်လို့လည်း မျှောက်လင့်ထားတယ်”ဟု ရေးသားခဲ့သည်။

ရွန်နီအား ၀ိုင်း၀န်းမေးမြန်းကြပြီးနောက် မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်ပွဲပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာစဉ်တွင်လည်း မီဒီယာများက ရွန်နီ မန်ယူတွင် ပျော်ရွင်မှုရှိမရှိ ဆိုခြင်းအား ထပ်မံမေးမြန်းခဲ့ရာ မိုယက်စ်က “သူပျော်မပျော် ကျွန်တော်မသိဘူး။ လေ့ကျင့်ခန်းဆင်းချိန်တွေမှာတော့ သူဟာ အရမ်းကြိုးစားတယ်။ ကြံ့ခိုင်မှု အပြည့်ရဖို့အတွက်ပဲ အားစိုက်နေတာ တေ့ွရတယ်။ သူနဲ့ ဗန်ပါစီဟာ အဲ့ဒီလို တကယ့်မဟာ ကစားသမားမျိုးတွေပါ။ ကျွန်တော်က အခုမှ မန်ယူကို ရောက်တာပါ။ ဒါပေမယ့် အရင်ကတည်းက ရွန်နီရဲ့ သွင်းဂိုးတွေကို မြင်ခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ ကျွန်တော် ပြောခဲ့သေးတယ်။ ရွန်နီဟာ မန်ယူအသင်းရဲ့ မဟာကစားသမား တစ်ဦးဖြစ်လာနိုင်တဲ့သူလို့။ ဒီပွဲရဲ့ အနိုင်ကိုလည်း ရွန်နီကပဲ စိုးမိုး ဖန်တီးပေးသွားခဲ့တာပါ။ ကျွန်တော်က မန်ယူအသင်း သမိုင်းကြောင်း ပြုစုသူတော့ မဟုတ်ဘူး။ ဒါပေမယ့် ဂိုး ၂၀၀ကျော် သွင်းနိုင်သူဆိုလို့ လေးဦးပဲ ရှိတာတော့ သိသင့်တယ်”ဟု ပြောဆိုသွားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *