News

ချယ်လ်ဆီးသို့ ရွန်းနီ ရောက်သွားလျှင် အာဆင်နယ် အခက်တွေ့နိုင်ဟု ဝင်းဂါးပြော

အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက မန်ယူမှ တိုက်စစ်မှူး ရွန်းနီကိုသာ ချယ်လ်ဆီးက ရရှိသွားပါက ရာသီသစ်တွင် အာဆင်နယ် အခက်တွေ့ဖွယ်ရှိကြောင်း ယုံကြည်နေသည်ဟု ဆိုသည်။
“ရွန်းနီသာ ရှိမယ်ဆိုရင် ချက်လ်ဆီးဟာ ပိုပြီး အန္တရာယ်ကြီးလာနိုင်တာ သေချာပါတယ်။ ကျွန်တော်က ရွန်းနီကို တော်တော်လေး အမှတ်ပေးထားတယ်။ ကံမကောင်းစွာနဲ့ပဲ မန်ယူ၊ ချယ်လ်ဆီးတို့နဲ့ ကျွန်တော် လုနေရပါတယ်”ဟု နည်းပြဝင်းဂါးက ပြောသည်။

ရွန်းနီကို မရဘဲ ချယ်လ်ဆီးသို့ လက်လွှတ်လိုက်ရပါက ၎င်းတို့ အသင်းများ တွေ့ကြုံနိုင်သည့် အခြေအနေနှင့် ပတ်သက်၍လည်း “တစ်ဖက်မှာ သူထွက်သွားမယ်ဆိုရင် မန်ယူဟာ အားနည်းသွားပါမယ်။ ဒါဟာ ကျွန်တော်တို့အတွက် တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ရွန်းနီက ချယ်လ်ဆီးကို ထွက်သွားတာ ဆိုရင်တော့ ချယ်လ်ဆီးက ပိုကောင်းလာမှာပါ။ ကျွန်တော်တို့အတွက်တော့ မကောင်းပါဘူး”ဟု ဝင်းဂါးက အယ်လ်ဂျာဇီးယား အားကစား အစီအစဉ်အား ပြောပြသည်။

မန်ယူအသင်း နည်းပြမိုယက်စ်သည် ရွန်းနီအား အသင်းက ရောင်းချရန် အစီအစဉ် မရှိဟု အကြိမ်ကြိမ် ပြောနေသော်လည်း ကစားသမားက အသင်းမှ ထွက်ခွာချင်နေသောကြောင့် ချယ်လ်ဆီးဘက်မှ ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ အာဆင်နယ်သည် မူလက ရာသီသစ်အတွက် ရီးယဲလ်မှ ဟီဂူအင်ကို ပစ်မှတ်ထားခဲ့သော်လည်း ၎င်းမှာ နာပိုလီသို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု သိရသည်။

သူတို့ဆီမှာလည်း ဘောလုံးသမားတွေဟာ ရောင်းကုန်တစ်ခုလို ဖြစ်နေပါတယ်။ ရောင်းတဲ့သူကလည်း ကြိုက်ဈေးရရင် ရောင်းမယ်။ ဝယ်တဲ့သူကလည်း နာမည်ကြီးတွေဆိုတော့ ဘယ်လောက် ပေးရ ပေးရ။ ဘောလုံးသမား အရောင်းအဝယ် တစ်နည်းပြောရရင် ပြောင်းရွှေ့ကြေးတွေဟာ ပေါင်သန်းနဲ့ချီပြီး ရှိပါတယ်။ ပြောင်းတဲ့လူကလည်း တစ်ဖက်က လစာပိုပေးနိုင်တဲ့ပေါ် မူတည်ပြီး တစ်သင်းနဲ့ တစ်သင်း ကူးသန်းနေကြတာပေါ့။ ကိုယ့်ဆီမှာတောင် မြန်မာနယ်ရှင်နယ်လိဂ် (MNL)ကစားသမားတွေ အပြောင်းအရွှေ့ ရှိနေကြတာပဲ။ ဟိုကလိုတော့ ပေါင်သန်းချီပြီး မရဘူးပေါ့။ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ရနေကြတာဆိုတော့ မဆိုးဘူး ပြောရမှာပဲ။ ဒီလိုနဲ့ပဲ ဟိုပင်-ဒီပင် ကူးပါလို့ ဖြစ်နေကြတာပေါ့။ သဘောရိုးနဲ့ ပြောတာလို့ မှတ်ယူစေချင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *