‘‘သားရေ မင်းတူလေး ပဲသီတာတွေ ပေါက်လို့ ကြည့်ပေးပါဦး’’ လေသံလာရာသို့ အာရုံပြု ရှေ့ ရှု လိုက်ရာ ငယ်စဉ် မူလတန်းဘ၀က ကျေးဇူးရှင် ဆရာမကြီးအား တွေ့လိုက်ရသဖြင့် ‘‘ဆရာမကြီး ကြွပါ၊ ဆရာမကြီးနဲ့ ဘယ်လို တော်စပ်ပါသလဲ၊ ကလေးက အသက် ဘယ်လောက် ရှိပြီလဲ၊ ရောဂါ ရာဇ၀င် ဖြစ်စဉ်လေး ပြောပြပေးပါဦး’’ဟူ၍ မေးခွန်းများ ဆက်တိုက် မေးမိသည်။ စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာ (၃)နာ သန့်သန့်ကိုသာ အရင်းခံ၍ အသပြာ မလိုဘဲ အချိန်ပိုပင် ခေါ်၍ သင်ကြားပေးခဲ့သော အနန္တကျေးဇူးရှင်ကြီးများထဲမှ တစ်ပါးဖြစ်သည့် ဆရာမကြီးဖြစ်သည့်အလျောက် ချစ်ကြောက်ရိုသေမှုသည် ယခု အသက်အရွယ် ရောက်သည်ထိတိုင် အရိုးစွဲနေသည်။
ဆရာမကြီး၏ ကျေးဇူးများကြောင့်သာ ကျွနု်ပ်တို့သည် ယနေ့အချိန်တွင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ခြင်း မဟုတ်ပါလော။ ငယ်စဉ် မူလတန်းဘ၀က သူငယ်ချင်း ဖြစ်သူတစ်ဦး၏ စာမေးပွဲ အောင်စာရင်း ထွက်ပြီး အတန်းသစ် တက်ရမည့် စာရင်းသစ် ကပ်သောအချိန်တွင် ငိုယို အော်ဟစ်ခဲ့သော စကားလုံးများကား ထိုအချိန်က ရယ်စရာဖြစ်ခဲ့သော်လည်း အသက်အရွယ် ရလာ၍ စဉ်းစားကြည့်မှ ဆရာမများ၏ စေတနာနှင့် ကျေးဇူးတရားကို ပိုမို နားလည်လာခဲ့သည်။ ထိုစဉ်က သူအော်ဟစ် ငိုကြေွးခဲ့သည်မှာကား ‘‘သားတို့ကတော့ သုံးတန်း အောင်ပြီး လေးတန်း တက်ရပြီ။ ဆရာမက ဘာလို့ သားတို့နဲ့ လေးတန်း တက်မလာဘဲ သုံးတန်းမှာပဲ ကျကျန်ခဲ့ရတာလဲ။ ဆရာမကြီး မတရားဘူး’’ဟူ၍ပင်တည်း။…
‘‘ဖျားတာတော့ နှစ်ရက်ပဲ ရှိသေးတယ်’’ ဆရာမကြီးအသံ ပြန်ကြားရမှ လေလွင့်နေသော အတိတ်မှ အတွေးပုံရိပ်များ ဖျတ်ခနဲ ပျောက်သွားပြီး သတိပြန်၀င်လာခဲ့သည်။ ‘‘ဟုတ်ကဲ့ ပြောပါ ဆရာမကြီး’’ ‘‘မနေ့ကတော့ ၀မ်းအရည်တွေ သွားပြီး ဒီနေ့တော့ ဒါတွေ ထွက်လာတော့တာပဲ’’ (၃)နှစ်အရွယ်ကလေးငယ်၏ လက်ဖျားနှင့် လက်ကောက်၀တ်နေရာ တစ်ချို့တွင် အရည်ကြည် အဖုငယ် တစ်ချို့ကို တွေ့ရသည်။
အနီရောင် အကွက်အချို့နှင့် အင်ပြင်သဏ္႑န် အကွက်ငယ်တို့သည်ကိုကား တစ်ကွက် နှစ်ကွက်မျှ တွေ့ရသည်။ ကျောပြင်နှင့် ၀မ်းဗိုက်တို့တွင်ကား ရှင်းလင်းနေပြီး တင်ပါးနောက်နှင့် ပေါင်နောက်ကျောတွင် တစ်ချို့ကို တွေ့ရသည်။ ကလေးကား အဖျားမကြီးဘဲ လန်းလန်းဆန်းဆန်း ရှိနေသည်။ ‘‘ကလေးက အစားအသောက်ရော စားလား။ ပုံမှန် စားနေကျ အရည်အဖတ် ၀င်ရဲ့လား’’ ‘‘အဲဒါ မင်းကို ပြောမလို့ကွဲ့၊ ကလေးက ဒီလိုဖြစ်ကတည်းက ဘာမှ ကျေွး ဘာမှ တိုက်လို့ကို မရဘူး။ သူသိပ်ကြိုက်တဲ့ Ovaltine တောင် မသောက်တော့ဘူး။
‘‘ဒါဆိုရင် ဆရာမကြီး၊ ကျွန်တော် ကလေးရဲ့ ပါးစပ်ထဲကို ခဏ ကြည့်ချင်တယ်။ ချော့ပြီး ဖွင့်ခိုင်းပေးပါဦး’’ ဒီနေရာမှာ အခက်တွေ့ချေပြီ။ မိမိ ဆေးတက္ကသိုလ်တွင် သရုပ်ပြ ဆရာတစ်ဦးအဖြစ် တာ၀န်ထမ်းစဉ်က သင်တန်းသား ကျောင်းသား ကျောင်းသူများကို ‘‘ကလေးနဲ့ လူကြီး ဘာတွေ ကွာသလဲ’’ဟု မေးဖူးသည်။ အစဉ်အမြဲ တက်ကြွ၍ မေးသမျှ မဆိုင်းမတွ ဖြေတတ်သော တပည့်တစ်ဦးက ‘‘အသက် ကွာတာပေါ့’’ဟု ဖြေခဲ့သည်။ မှန်ပါသည်။ ထိုကဲ့သို့ အသက်ကွာသဖြင့် အမူအကျင့်လည်း ကွာပြီး ဆရာ၀န်တစ်ဦးအနေဖြင့် လူကြီးလူနာနှင့် ကလေးလူနာတို့ကို စမ်းသပ်ရန် ချဉ်းကပ်ပုံ ကွာခြားလှသည်။ လူကြီးတစ်ဦးကို ‘‘ပါးစပ် ဟပြပါ’’ဟု ညွှန်ကြားလျှင် အသာတကြည် လိုက်နာမည် ဖြစ်သော်လည်း ကလေးငယ်တစ်ဦး၊ ထို့ထက် ပါးစပ်နာရှိသော ကလေးငယ်တစ်ဦးကို ထိုသို့ ညွှန်ကြားရန် မလွယ်။ ‘‘Chickenpox ဆိုတာ ဒါမျိုးလား’’ ဆရာမကြီးက ဖြတ်မေးသည်။
ဤကလေးကား နဂို ရှိရင်းစွဲ လိမ္မာသူဖြစ်၍သော်လည်းကောင်း၊ အဖွားကို ကြောက်၍သော်လည်းကောင်း၊ မည်သည့်အကြောင်းကြောင့် မသိ၊ အသာတကြည် ပါးစပ်ဟပေးသဖြင့် ပါးစပ်တွင်းတွင်ပါ အနာလေးများကို တွေ့ရသည်။ ထို့နောက် ခြေဆုံး၊ ခေါင်းဆုံး စမ်းသပ် စစ်ဆေးကာ အရေးကြီးသည့် ပင်မ လက္ခဏာဖြစ်သည့် သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ နှလုံးသံမှန် မမှန်၊ အသက်ရှူ မြန် မမြန်၊ ချွဲကျပ်ခြင်း ရှိ မရှိ၊ လေပြွန် ရောင်ရမ်းခြင်း ရှိ မရှိ၊ ကိုယ်ခန္ဓာ အရည်တတ် ခြောက်ခမ်းခြင်း ရှိ မရှိ အသည်းနှင့် ဘေလုံးများ၏ အနေအထား အလုံးစုံကို စစ်ဆေးကြည့်ရှူရသည်။
‘‘တချို့ကလည်း ရေကျောက်တွေ ပြန်ပေါက်နေကြတယ်လို့ ပြောကြတယ်ဆရာ’’ ကလေး၏ အမေဖြစ်သူက လှမ်းပြောသည်။
‘‘မင်းစမ်းသပ်တာ ဘာတွေ့ရလဲ၊ စိုးရိမ်ရလား၊ ဘာရောဂါဖြစ်တာလဲ’’ ဆရာမကြီး၏ မေးခွန်းကြောင့် ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ငယ်စဉ်ကကဲ့သို့ နှစ်နှစ်လီ မရလျှင် ‘‘စာမကျက်တဲ့ကောင် ခုံပေါ်တက်စမ်း’’ဟု ဒဏ်ပေးလျှင် ဒုက္ခ နှစ်နှစ်လီ လေးဟု ငယ်စဉ်က သချၤာတွင် အတိအကျ ဖြေနိုင်ခဲ့သော်လည်း ဆေးပညာရပ်၌မူ နှစ်နှစ်လီ လေး အမြဲ မဖြစ်တတ် ခြောက်ဖြစ်ချင် ဖြစ်နိုင်သလို သုညလည်း ဖြစ်နိုင်သည်။ လူအများစု ဖြစ်တတ်သော လက္ခဏာများကို ပြုစု စုစည်းကာ သင်ရိုးညွှန်းတမ်းနှင့် ကျမ်းစာအုပ်များ ပြုစုထားသည်ကို ဆေးပညာ သင်တန်းသားများက ဆည်းပူးနေချိန်တွင် လူနည်းစု ဖြစ်တတ်သည့် လက္ခဏာများကိုလည်း ချန်လှပ်မထားဘဲ အစဉ် သတိချပ်ရသည်။
‘‘ဒီအရည်ကြည်ဖုတွေ (Vesicles)ကတော့ Chickenpoxနဲ့တော့ တူတယ်။ အဲ… မတူတာက ခန္ဓာကိုယ်မှာတော့ မရှိဘဲ ခြေလက်တွေမှာ များနေတာပဲ။ ‘‘ပြီးတော့ ပါးစပ်ထဲမှာလည်း အနာလေးတွေ ရှိတော့ လက်၊ ခြေ၊ ပါးစပ်နာရောဂါ Hand, Foot-and-Mouth Disease ဖြစ်မလားလို့’’ မဝံ့မရဲဖြင့် ဆရာမကြီးကို ပြောကြည့်မိသည်။ မင်းတို့ ဆရာတွေက ငါတို့လို တပ်အပ် အဖြေထွက်အောင် တွက်ချက်နည်း သင်မပေးလိုက်ဘူးလား၊ ခုထိ မရေမရာနဲ့ ‘‘ဖြစ်မလားလို့’’ အဆင့်ပဲ ရှိသေးသလားဟု အပြစ်တင်မည်ကို ကြောက်ရသည်။ ‘‘ဘယ်ဟာ ဖြစ်မလဲဆိုတာကတော့ ဓာတ်ခွဲ စမ်းသပ်မှုတွေ လုပ်ရဦးမယ်။
အရေးကြီးတာက ဘာပဲဖြစ်ဖြစ် နှစ်မျိုးလုံးက Virusတွေ ကြီးပဲ။ နောက်ဆက်တွဲ ပြဿနာ (Complications) ၀င်/မ၀င်ဘဲ ဆက်စောင့်ကြည့်ဖို့ အရေးကြီးတာ။ ကာကွယ်ဆေးက လွဲလို့ ပိုးသတ်ဆေးလိုမျိုး မရှိဘူး။ အခုကလည်း ပေါက်နှင့်နေပြီးသားမို့ မပေါက်ခင်သာ ထိုးသင့်တဲ့ အဲဒီ ကာကွယ်ဆေးလဲ မလိုတော့ဘူး။ ‘‘ဒီထက် သေချာအောင် ကလေးကို ဓာတ်ပုံ ရိုက်ပြီး ရန်ကုန်က ကျွန်တော့ဆရာ ကလေးအထူးကု ပါမောက္ခကြီးထံ မေးမြန်းပေးပါ့မယ်။’’ ဆရာမကြီး ကျေနပ်အောင် ကတိစကားတွေ ရွှန်းရွှန်းေ၀အောင် ပြောရသည်။ ‘‘အခုအချိန်မှာတော့ စိုးရိမ်ရတဲ့ လက္ခဏာ မတွေ့ရပါဘူး။ အဖျားကျဆေး သောက်ပြီး တတ်နိုင်သလောက် အစာ၀င်အောင်ပဲ ချော့မော့ပြီး ကျေွးပေးပါ။ လုံး၀ မ၀င်ဘူးဆိုရင်တော့ တစ်မျိုး လုပ်ရမှာပေါ့။ ‘‘အေး ဟုတ်ပြီလေ မင်းကိုတော့ ယုံပြီးသားပဲ၊ ဆရာမတို့ နေ့တိုင်း လာပြနိုင်ပါတယ်’’ဟု ပြောပြီး ပြန်ထွက်သွားသဖြင့် စိတ်ထဲမှ အစိုင်အခဲ အလုံးကြီး ကျသွားသည်။
ဆရာမကြီး ပြန်ထွက်သွားသည်နှင့် မဆိုင်းမတွပင် ရိုက်ကူး ရယူထားသော ဓာတ်ပုံများနှင့် သိလိုသည့် အချက်များကို ရေးသားပြီး ရန်ကုန်မှ ဆရာကြီးထံသို့ Email ပို့ရသည်။ နိုင်ငံတော်၏ စေတနာကြောင့် တောရော မြို့ပါ အင်တာနက်ကို လွယ်လင့်တကူ သုံးနိုင်နေပြီ ဖြစ်သဖြင့် ဤ ‘‘Tele-Communication’’ ကဏ္႑သည်လည်း နိုင်ငံတကာတွင် အရေးပါ အသုံး၀င်နေသည်နှင့်အညီ မိမိ လက်လှမ်းမမီသည့် ကျန်းမာရေးကဏ္႑များကို ထပ်ဆင့် သင်ယူရာတွင် အသုံးချရသည်။ ဆရာကြီးမှာ Ph ပြန်ဆက်ပေးသည် (မိမိ ဆက်ခဲ့သော Missed Call ပေါ်နေ၍ ဖြစ်မည်)မှာလည်း မိမိ ယူဆခဲ့သကဲ့သို့ ‘‘Hand, Foot-and-Mouth Disease’’ပင် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်လည်း အလားတူ ကလေးများ ခံစားရကြောင်း၊ အများစုမှာ လွယ်လင့်တကူ သက်သာ ပျောက်ကင်းကြသော်လည်း နှလုံးကြွက်သား ရောင်ရမ်းမှုကြောင့် အထူး ကြပ်မတ်ဆောင် (Intensive Care Unit)အထိ ရောက်ရသူများရှိကြောင်း ထို့ကြောင့် အရေးကြီးသည့် လက္ခဏာများ (Vital Signs)ကို အထူး သတိချပ် စောင့်ကြည့်သင့်ကြောင်း ညွှန်ကြားလိုက်သဖြင့် Hand Food and Mouth Disease (HFMD) တစ်ခေတ်ပြန်ထလာပြီ ဖြစ်သဖြင့် အနည်းငယ် တင်ပြလိုက်ရပါသည်။
HFMD သည် Enterovirus တစ်မျိုးဖြစ်သော Coxsackie Virusကြောင့် အဖြစ်များပြီး Human Enterovirus 71 နှင့် Herpes Simplex Virus တို့ကြောင့်လည်း ဖြစ်တတ်သည်ကို အနည်းငယ် တွေ့ရပါသည်။ လူလူချင်းသာ ကူးစက်တတ်ပြီး ရောဂါရှိသူမှတဆင့် တိုက်ရိုက် ထိတွေ့ရာမှ လည်းကောင်း၊ လေထုထဲမှ လွှင့်စင်လာ၍လည်း ကူးစက်နိုင်ပြီး အများစုမှာ အထလမ်းကြောင်း (Fecal-Oral Roube)မှ ၀င်တတ်ပါသည်။ ကူးစက်ပြီး နှစ်ရက်ကျော် သုံးရက်ခန့်တွင် လက္ခဏာ စပြနိုင်ပါသည်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ရောဂါကူးစက်နိုင်သော်လည်း ငါးနှစ်အောက် ကလေးသူငယ်များတွင် အဖြစ်များကြောင်း တွေ့ရှိရပါသည်။ တစ်ကမ္ဘာလုံး ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း ပူအိုက်သော အချိန်အခါတို့တွင် ပိုမို ဖြစ်ပွားတတ်ပါသည်။
လက္ခဏာဟုဆိုရာတွင် သာမန် ဖျားရိုးဖျားစဉ်အတိိုင်း ကျောပူ ခေါင်းပူဖြစ်ခြင်း (အပူမကြီးလေ့မရှိ)၊ နုံးချိညောင်းညာ မအီမသာဖြစ်ခြင်း၊ ပါးစပ်နာ၍ မစားနိုင်သလို စားချင်စိတ် လျော့ခြင်း၊ ဗို်က်အောင့်ခြင်းများ ဖြစ်လာတတ်သည်။ မကြာမီအချိန်အတွင်း လက်နှင့်ခြေများ၊ ရံဖန်ရံခါတွင် တင်ပါးနောက်ဘက်တွင် အရေပြားလက္ခဏာများ ပေါ်လာတတ်သည်။ ထိုအရေပြား လက္ခဏာသည် Erythematous Haloဟု ခေါ်သော အနီပြင်၀န်းသည့် အချိုင့်ငယ်သဏ္႑ာန်အဖြစ်များသော်လည်း Chickenpox, Herpes တို့ကြောင့်ဖြစ်သော Vesicle Eruption နှင့်လည်း ခွဲမရအောင်ဖြစ်တတ်ကြောင်း တွေ့ရှိရသည်။ ၄င်းအသားစကို ဓာတ်ခွဲ စမ်းသပ်ကြည့်လျှင်တော့ မည်သည့် Virusကြောင့် ဖြစ်ကြောင်း သိနိုင်သော်လည်း လွယ်လင့်တကူ မဖြစ်နိုင်ပေ။ သို့သော် ပေါ်ပြီး (၄) ရက်မှ (၆) ရက်အတွင်း အမာရွတ် မကျန်အောင် ပျောက်ကင်းသွားတတ်ပါသည်။ ထို့ကြောင့်လည်း Clinical Diagnoseသာ ပေးတတ်ကြသည်။
မကြာသေးသော ကာလက ဗီယက်နမ်နိုင်ငံတွင် ကူးစက်ရောဂါ ဖြန့်ပွားမှု များခဲ့သဖြင့် အသေအပျောက်ပင် ရှိခဲ့ကြောင်း ဆရာကြီးမှ ပြောပါသည်။ (၇) ရက် တစ်ပတ်မှ (၁၀)ရက် မကျော်ခင် ပျောက်ကင်းတတ်သော်လည်း လူနည်းစုတွင် နောက်ဆက်တွဲ ပြဿနာ (Complications)များ ၀င်လာတတ်ပါသည်။
အသက်အန္တရာယ် ပေးနိုင်သော ဦးနှောက် အမြေှးရောင်ခြင်း (Meningitis)၊ ဦးနှောက်ရောင်ခြင်း (Encephalitis)၊ ပင်မ အာရုံကြော ရောင်ရမ်းခြင်း (Transverse Myelitis) အစရှိသည့် နောက်ဆက်တွဲ ပြဿနာများကိုလည်း ကံဆိုးလျှင် ခံစားရနိုင်သည်။ နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) ကြောင့် နှလုံး အမောဖောက်ခြင်း (Heart Failure)၊ နှလုံးခုန် စည်းချက် ကစဥ့်ကလျား ဖြစ်ခြင်း (Arrhythmia) များသည်လည်း အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်သည်။
HFMDအား ကုသရာ၌ အဓိကသည် ရောဂါလက္ခဏာများကို ရှာဖွေ ကုသပေးခြင်း Supportive Management နှင့် နောက်ဆက်တွဲ ပြဿနာများကို အချိန်မီ ကုသပေးခြင်းသာ ဖြစ်သည်။ အဖျားကျဆေး (ဥပမာ-ပါရာစီတယ်မော) အရည်ဓာတ် ဖြည့်တင်းပေးခြင်း (ဥပမာ-ကလေးကြိုက်တတ်သော သန့်ရှင်းလတ်ဆတ်သည့် အုန်းရည်၊ ဓာတ်ဆားရည်၊ ဖျောရည် အစရှိသည်တို့ကို ‘‘အအေး’’ အသွင် တိုက်ကျေွးခြင်းဖြင့် ပါးစပ်နာ သက်သာပြီး အရည်ဓာတ် ရရှိခြင်း) များကို အဓိက ဦးစားပေးရမည်။ ကလေး၏ အမူအကျင့် ပုံပန်းသဏ္႑န် မမှန်ခြင်း၊ တက်ခြင်း၊ နှလုံးခုန် မငြိမ်ခြင်း၊ အစာမ၀င်ဘဲ ဆက်တိုက် ပျို့အန်ခြင်းများ ဖြစ်ပါက နီးရာ ဆရာ၀န်နှင့် ပြသသင့်သည်။
ထို့ကြောင့် ငယ်ရွယ် နုနယ်သော ကလေးများ ဤရောဂါ ခံစားရပါက ပေါ့ပေါ့တန်တန် မထားဘဲ တစ်ပတ်တာ ကာလ ကလေးကို အထူး စောင့်ရှောက်သင့်သည်။ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းကား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ မျှတ ကျန်းမာသော အစားအသောက်များ စားသုံးရေနှင့်မိမိ ကိုယ်ခံအား ရှိအောင် အိပ်ရေး၀၀ အိပ်ခြင်းများပင် ဖြစ်သည်။ ထို့ကြောင့် ‘‘ပဲသီတာလား/ ရေကျောက်လား’’ဟု သံသယ ရှိပြီဆိုလျှင် ယခုအချိန်အခါ၌ ‘‘လက်-ခြေ-ပါးစပ်နာ- Hand-Foot-and-Mouth Disease များဖြစ်နေမလား’’ဟု အစဉ်သတိချပ် စစ်ဆေးကုသသင့်ပါကြောင်း တင်ပြလိုက်ရပါတော့သည်။