Health, Opinion

ခွန်အားများဖြင့် မနက်ဖြန်

childrensmedicalgroupjax.com

မိုးအကုန် ဆောင်းအကူး သာယာလှသော လအခါ သမယလေးတစ်ခုသည် အလွမ်းဓာတ်ခံရှိသူတို့အဖို့ အလိုလိုနေရင်း အလွမ်းပိုစေသော ကာလလေး တစ်ခု ဖြစ်ပါသည်။ ကြည်လင်သော ကောင်းကင်ယံထက်မှ ထွန်းတောက်စ နေမင်းကြီး၏ “နေ့တစ်နေ့တာ စပြီ” ဟူသော ပြယုဒ်ကို ငေးမောကြည့်ရင်း နူးညံ့ ဆွတ်ပျံ့အေးမြ သိမ်မွေ့လှသည့်
လေပြည်လေနုအေး၏ ညင်သာစွာ နှုတ်ဆက်မှုလေးကို ထိတွေ့ခံစားစေသဖြင့် “ဒီအချိန် ဒီမနက်ခင်းမျိုး”သည်ကား တုနှိုင်းဖွယ်ရာ မရှိလှအောင် ပြိုင်ဖက် ကင်းလှသည်။ ထိုရာသီ ထိုနောက်ခံ ပန်းချီကားပေါ်သို့ အလွှာပေါင်းစုံမှ ဖြူနီပြာဝါ “အရုပ်ပေါင်းစုံ” အားဖြည့်ခြယ်မှုန်းလိုက်သော အခါတွင်ကား “အလှပဆုံး” သရုပ်ဖော်ပန်းချီကား တစ်ချပ် ဖြစ်လာပေမည်။ စိမ့််စိမ့်အေးသော နံနက်ခင်းတွင် တခဏတာသာ နွေးသော “လက်ဖက်ရည်”ကို ဇိမ်ခံသောက်ရင်း ပတ်၀န်းကျင် အလှကို စည်းစိမ်ခံ ရှုစားရသည်မှာလည်း ဘယ်အရာနှင့်မျှ မလဲနိုင်သော အပန်းဖြေမှုလေး တစ်ခု ဖြစ်သည်။

“ဆရာ CP လေးရဲ့ အမေ ရောက်လာတယ် ဆရာ။ အဲဒါ သူပြန်ပြေး မသွားခင် ဆရာ့ကို လာခေါ်ရတာပါ”
“ဟေ ဘာပြောတယ်”
ဟေမန်နံနက်ခင်း၏ အလှကို နစ်မျောခံစားနေမိသဖြင့် မိမိအရှေ့သို့ ရောက်လာသော သူနာပြုအကူ မောင်ရေအေး၏ စကားသံ ကြားကြားချင်း အသိစိတ်တို့က ပြန်မ၀င်နိုင်ဘဲ ဖြစ်ခဲ့သည်။ ပြီးမှ “သြော် သိပြီ သိပြီ။ အေး ဆရာ အခု လာခဲ့မယ်။ ဆရာမတွေကို ထိန်းခိုင်းထားလိုက်ပါ” သောက်လက်စ လက်ဖက်ရည်ခွက်ကို ဇိမ်မခံနိုင်၊ အရသာ မခံနိုင်တော့ဘဲ တစ်ကျိုက်တည်း မော့ချလိုက်ရသည်။
“ရှင်းမယ်ဟေ့ ဒီမှာ…”

ကလေးနာမည်က လှရီ၀င့်တဲ့ အသက် (၁)နှစ် (၆)လ မိန်းကလေး။ Cerebral Palsy ဟု ဆေးပညာမှ အမည်သမုတ်ထားသည့် ရောဂါ (တနည်း) ရပ်ကွက်အတွင်း သူငယ်နာ အကြောသေရောဂါဟု ခေါ်လေ့ခေါ်ထ ရှိသော ရောဂါသည်ကလေး လေး။ ဒီထက် သနားစရာ ကောင်းသည်က ဆေးရုံ စတင်ခဲ့သော လွန်ခဲ့သည့် သုံးလကပင် အမေဖြစ်သူ၏ ဆေးရုံ၌ စွန့်ပစ်ခြင်း ခံခဲ့ရသော ကလေးလေး။ ကိုယ်ခန္ဓာ တစ်ခုလုံး တောင့်တင်းပြီး လက်များကား ကွေးကောက်လျက် ဟိုဖက် ဒီဖက်ပင် မလှုပ်နိုင်သော သစ်တုံးပမာ ကလေးလေး။ အချိန်တန်လျှင် နှာခေါင်းပိုက်မှ ပိန်လှီချို့တဲ့၍ အာဟာရ ချို့တဲ့သော ကလေးငယ်များအတွက် အထူး ဖော်စပ်ထားသော အာဟာရ အပြည့်ရှိသော နို့ကို ဆရာမများမှ တိုက်ကျေွးသမျှကို မှီခိုနေရသော သနားစရာကလေး။

ဆေးရုံတွင် လာရောက်၍ စွန့်ပစ်ထားခဲ့ကြသော ကလေးများကို သက်ဆိုင်ရာ ဆရာ ဆရာမများမှ ရောဂါပျောက်ကင်းသည်အထိ တာ၀န်ယူ၍ (အိတ်စိုက်) ကုသပေးကြရပြီး ကျန်းမာပြီး အသက်အရွယ် အချိန်ကာလ တစ်ခုသို့ ရောက်လျှင် သက်ဆိုင်ရာ အုပ်ချူပ်ရေး အဖွဲ့အစည်းနှင့် ဆေးရုံ အုပ်ချူပ်မှု အဖွဲ့အစည်းတို့မှ လူမှု၀န်ထမ်းဦးစီးဌာနသို့ တရား၀င် လွှဲပြောင်းတာ၀န်ပေးအပ်ရသည်။ ယခုကဲ့သို့ ကျန်းမာရေး ချို့တဲ့သော ကလေးမျိုးသည်ကား ဆေးရုံတွင် တစ်နှစ်ကိုးသတင်း ကြာလေ့ ရှိမြဲဖြစ်သဖြင့် အ၀တ်အစားမှအစ ငွေရေးကြေးရေး ကုန်ကျမှုများအတွက် ကြိုတင် စီမံထားကြရသည်။

“ထားခဲ့ပြီ”ဟု ယူဆထားရာမှ ယခု “အမေ ပြန်လာသည်” ဟု ကြားရတော့ အံ့သြမိသည်။ အကြောင်းတစ်စုံတစ်ရာတော့ ရှိမည်။ လူ့ အလွှာပေါင်းစုံနှင့် ဆက်ဆံနေရသော ဆေးလောကသားများအဖို့ လူနာများမှ သင်ကြားပေးခဲ့သော သင်ခန်းစာများလည်း မနည်းလှ။ ပိုက်ဆံ မရှိ၍ ပစ်သွားသည့် အဖြစ်များ ရှိသလို ပိုက်ဆံ ရှိလျက်နှင့် ပစ်ခဲ့သူများလည်း ရှိဖူးသည်။ သမီးအရင်းမှ မွေးသည့် ကလေးကို အိမ်ဖော်မှ မွေးသည်ဟု လိ်မ်ပြောသော မိဘများလည်း မရှား။

“သနားလို့ ကောက်လာတာပါ၊ ကုန်ကျသမျှ ခံပါ့မယ်၊ ကျန်းမာအောင် မွေးပေးပါ”ဟူသော စေတနာရှင်မျိုးများလည်း ရှိဖူးပါသည်။ မည်သို့ဆိုစေ လူတစ်ယောက်၏ အသက်ကို ကယ်တင်ရန်သည် ဆေး၀န်ထမ်းများ၏ သမိုင်းပေးတာ၀န်ပင် မဟုတ်ပါလော။ ဖြူသည် မည်းသည် မခွဲခြား၊ ဆင်းရဲ ချမ်းသာ မကွဲပြားဘဲ
ပြုစုကြရမည်သာတည်း။ ယခုလည်း သုံးလတာ ကာလအတွင်း ခံစားခဲ့ရသော ရောဂါများကို အင်တိုက်အားတိုက် ကုသပေးခဲ့၍ (မူရင်းစွဲ ကြွက်သွားနှင့် အာရုံကြော ချို့တဲ့ရောဂါ Cerebral Palsy မှ လွဲ၍) ကျန်းမာလာသော လှရီ၀င့်ကလေးကား မျက်နှာမှာ သနပ်ခါးအပြည့်နှင့် ပါးစုံများပင် ထွက််လျက် ၀၀ဖြိုးဖြိုး မဖြစ်သေး
သည့်တိုင် Weight တက်လာပြီး ချစ်စဖွယ် ဖြစ်လာပြီ။ အမြင် အကြား အထိခိုက်သဖြင့် သူ့ကို ပြုစု စောင့်ရှောက်ပေးသူများကို အရည်လည်သော မျက်၀န်းလေးဖြင့် လိုက်ကြည့်မြဲ။ ဆရာ၀န် ဆရာမမှ အစ အောက်ခြေအလုပ်သမားအထိ သူ့ကို ချစ်လာကြပြီ သံယောဇဉ် တွယ်လာကြပေပြီ။

ဆေးရုံအခန်းတွင်း ၀င်လိုက်သောအခါ ကလေးငယ်၏ ကုတင်ဘေးတွင် လှရီ၀င့်၏ အမေဖြစ်သူကို တွေ့လိုက်ရသည်။ သူ၏ ဘေးတွင်လည်း အသက်(၁၀)နှစ် ၀န်းကျင်ရှိသော မိ်န်းကလေးငယ် တစ်ဦးကို တွေ့လိုက်ရသည်။“ဆရာကြီးရယ် ကျွန်မတို့ မိသားစုကို ကယ်ပါ။ကျွန်မတို့ ဒုက္ခရောက်လွန်းလို့ပါ”ကျွန်တော့ကို မြင်သည်နှင့်
ဆီး၍ ငိုယိုပြောကြားတော့သည်။ ဘေးနားရှိ သမီးငယ်လေးသည် အမေငို၍ လိုက်ငိုနေသည်။

နံနက်ခင်း၏ အလှ သာယာမှုကို ခံစား၍ နာရီ၀က်ပင် မပြည့်သေး။ ရာသီဥတုက ရုတ်ချည်း ပြောင်းလဲတော့သည်။ ကောင်းကင်ယံတွင် တိမ်ညိုတိမ်မည်းများ နေရာယူထားပြီး “တပြောက်ပြောက်” နှင့် မိုးပေါက်များ စကျကာ “၀ုန်းကနဲ” မိုးသည်းကြီး ရွာချတော့ပေပြီ။ ထို့အတူပင် မိမိ၏ စိတ်အစဉ်သည်လည်း ပကတိ ကြည်လင်နေရာမှ ရုတ်ချည်း နောက်ကျိသွားခဲ့ရပြီ။

“ဆရာကြီးတို့ သမီးငယ်လေးကို ကြည့်ရှု ကုသပေးတာ ကျေးဇူး မမေ့ပါဘူး။ ကျွန်မလဲ မတတ်သာလို့ ထားခဲ့ရတာပါ။ ကျွန်မနဲ့ နေရင် ဒီကလေး သက်ဆိုးရှည်မှာ မဟုတ်ဘူး”… ကနဦး တင်ပြခဲ့သလို လူမျိုးစုံ တွေ့ကြုံဖူးသည်ဆိုရာ၌ ရောဂါအခြေအနေ ဆိုးသော အချိန်၌ ပစ်ထားခဲ့ကြပြီး သက်သာကာမှ ပြန်၍ လာခေါ်တတ်သည့် အုပ်ထိန်းသူများလည်း ရှိဖူးသည်။ “ငါတို့ အပင်ပန်းခံ ငွေကုန်ခံပြီး ပြုစု ကုသထားရတာ ဒီလို လွယ်လွယ်နဲ့ ပြန်ခေါ်သွားလို့ ရမလား”ဟု ပြန်ခံ ရန်တွေ့၍ မဖြစ်။ လာခေါ်လျှင် ပြန်ထည့်ပေးရမည်။ နောက်ထပ် မဖြစ်ရအောင် အသိပညာ ပေးရမည်။ နောက်တစ်ခါ ပြန်လာလျှင်လည်း မငြူမစူ ပြုစုရမည်မှာ မိမိတို့ တာ၀န်တည်း။
“အခု နေစရာ အိမ်လည်း မရှိတော့ဘူး။ သမီးကြီးကလည်း မကောင်းတာ လုပ်လို့ အဖမ်းခံရတယ်။”
“ကလေးတို့ အဖေကကော” သူနာပြု ဆရာမကြီးမှ ၀င်မေးသည်။

“သူ့အကြောင်းကတော့ မပြောချင်ပါဘူး ဆရာမရယ်။ တစ်နေကုန် ကျွန်မ ရှာသမျှ ငွေစလေးကို အရက် သောက်ပစ်တယ်။ ဘာအလုပ်မှ မလုပ်ဘူး။”
ဤကဲ့သို့ ဇာတ်လမ်းမျိုးတွေ ကြားရသည်မှာလည်း အဆန်း မဟုတ်။ ရုပ်ရှင် စာတမ်းထိုးကတည်းက နောက် ဘာဖြစ်မည် ကြိုသိသော ခပ်ညံ့ညံ့ ဇာတ်ကားများကဲ့သို့ပင်…။ ဤသည်ကိုပင် “ဘ၀” ဤသည်ကိုပင် “လောကဓံ”၊ မည်သို့ သမုတ်ရမည် မသိ။ ထိုသို့သော သူများကို ထောင်သွင်း အကျဉ်းချရမည် ဆိုလျှင်လည်း မြန်မာနိုင်ငံ ဧရိယာ၏ လေးပုံသုံးပုံသည် အကျဉ်းထောင်ကြီး ဖြစ်ရတော့မည်။

“အဲဒါ ဒီသမီးငယ်လေးကိုပါ ဆရာကြီးတို့ ဆေးရုံမှာ နေခွင့်ပြုပါ၊ သူ့ညီမကို သူ ပြုစုပါလိမ့်မယ်။ ကျွန်မတို့ကတော့ ကြုံရာနေရမှာမို့ပါ။ သူ့ကို ဆရာကြီးတို့လိုသမျှ ခိုင်းပါ။ ထမင်းဖိုးတစ်နေ့ နှစ်ရာလောက်တော့ နေ့တိုင်း ကျွန်မ လာပေးပါ့မယ်။”
“ဒုကေ္ခာ” အာမေဋိိတ်သံကြီး ထွက်သွားမိသည်။ ရောဂါသည် ကလေးငယ်ကို ပြုစုကုသပေးရုံသာမက ကလေး၏ အစ်မဖြစ်သူကိုပါ ခေါ်ထားရဦးမည်။ အမိုးအကာ နေရာ ထိုင်ခင်းအပြည့်အစုံနှင့် လုံခြုံစိတ်ချရသော ဆေးရုံကြီးမို့ အားကိုးရာဟု တွက်ဆထားပုံရသည်။ “လူနာစောင့်”ဟု ရာထူးပေးပြီး နေခိုင်းမည်ဟု သူ့အကြံအစည်နှင့်သူ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ သူ မသိသည်က ဆေးရုံသည် ကလေးသူငယ်ထိန်းသိမ်းဌာန မဟုတ်။ ပိုဆိုးသည်က အသက် (၁၂)နှစ်အောက် ကလေးဆေးရုံသို့ ခေါ်မလာရဟူသော စည်းကမ်း။ ဆရာ၀န် ခေါင်းကိုက်ချေပြီ။

“ ဒီလို လွယ်လွယ်နဲ့ ဘယ်ပြောလို့ရမလဲ၊ ဆေးရုံမှာ ထားလို့ မရဘူး။ ဆွေတွေ မျိုးတွေ မရှိဘူးလား” သူနာပြုဆရာမကြီး ဒေါ်နန်းနွဲ့ကကျွန်တော်၏ တွေေ၀ခက်ခဲနေသော
ဆုံးဖြတ်ချက်ကို သည်းမခံနိုင်၊ မစောင့်နိုင်တော့ဘဲ ပြောချလိုက်ပြီ။

“ဆရာရယ် တကယ် မရှိလို့ပါ၊ သမီးကြီးကလဲ ခုမှ (၁၆)နှစ် ရှိသေးတာ၊ သူများအိမ်မှာ ထားရင်း အလွယ်လိုက်မိ၊ လမ်းမှားလိုက်မိလို့ မကောင်းတာ လုပ်စားတဲ့ ဘ၀ရောက်သွားတယ်။ ခု ဒီသမီး အလတ်မလေးကိုတော့ ဒီအဖြစ်မျိုး ထပ်မဖြစ်စေချင်ဘူး။” ကြားရသည်မှာ နားမချမ်းသာစရာ၊ “ကဲဗျာ ခင်ဗျားတို့ မိသားစု လုပ်ကိုင် စားသောက်နိုင်အောင် ငွေဆယ်သိန်း ပေးလိုက်မယ်၊ လောက်အောင်သုံး ဟု ပြောလိုက်ချင်သော်ငြား မိမိတွင်ပင် ထိုမျှ အင်အား မရှိ။ အမှန်တကယ် ရှိပေဦးတော့။ ထိုသို့ တစ်ဦးကို ပေးမိလျှင် သူ့ထက်သူ ဆိုးသောသူများ လာဦးမည်။ ငွေပင်သီးသော ငွေပဒေသာပင် ရှိစေဦးတော့ လောက်မည် မထင်။ ဆေးတက္ကသိုလ်တွင် ပညာသင်ကြားစဉ်အခါက ကလေးကျန်းမာပညာ ပါမောက္ခဆရာကြီးတစ်ဦးမှ ဘွဲ့လွန်ဆရာများကို ဆုံးမလေ့ရှိသော စကားလေးကို ကြားယောင်မိသည်။

“Please Try to Earn Money by Good Practice. Save Half For You and Half For the Patients. The Best Way of Problem Solving is Usage of Your Own Money From Your Pocket For The Patients.” ပိုက်ဆံရှာပါ၊ တစ်၀က်ကို သင်ယူပါ။ တစ်၀က်ကို လူနာတွေအတွက် ထားပါ။ ဆေးရုံရှိ လူနာများ၏ အခက်အခဲအတွက် သင့်အိတ်ကပ်ထဲမှ ပိုက်ဆံဖြင့် တာ၀န်ယူ ဖြေရှင်းပါဟူသော ဆုံးမစကားတည်း။ ဆရာကြီး ဆိုလိုသော “ငွေရှာပါ” ဟူသော စကား၏ အဓိပ္ပာယ်မှာလည်း သမ္မာအာဇီ၀ဖြင့် ရှာရန်၊ မိမိ၏ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်းနှင့် တာ၀န်ချိန်၌ မယူသင့် မယူထိုက်သော နည်းဖြင့် ငွေရှာဖွေခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်မိစေရန် ဖော်ညွှန်းသည်။

သို့သော် ယခုခေတ် လူနာအများစုကား ဒီဆရာ၀န်တွေ ငါတို့ ၀ယ်ခိုင်းတဲ့ ဆေးတွေ ပြန်ရောင်းစားပြီး ချမ်းသာနေတာ။ ဟိုကြေး ဒီကြေး ကောက်ပြီး ထောနေကြတာ” ဟု အထင်အမြင် မှားနေကြမြဲ။ မိမိတို့ ဆေးရုံချိန်ပြင်ပ၌ ဆေးခန်းထိုင်၍ သမာအာဇီ၀ဖြင့် ရှာခဲ့ရသော ငွေကြေး၏ တစ်၀က်ကိုပင် အမှန်တကယ် လိုအပ်သော လူနာများအတွက် အမှန်တကယ် အသုံးပြုနေရသည် ဆိုလျှင် ယုံတမ်းစကားဟု ထင်ကြပေလိမ့်မည်။ မယုံလျှင် ဆေးရုံသို့ လာရောက်လေ့လာပါ။ “လှရီ၀င့်” လို ဖြစ်ရပ်မျိုး မရှိနိုင်ပါဘူးကွာ။ အလကား လုပ်ကြံထားတာပါ။ ဇာတ်နာအောင် အဆိုးတွေချည်း ထည့် ဇာတ်လမ်းစဉ်ထားတာပါဟု ထင်လျှင် ထိုသို့သော သူပေါင်းများစွာ ရှိနေသည်ကို သင် အမှန်တကယ် မသိခြင်းပါလား။ မျက်စိပ်ိတ် နားပိတ်နေသည်ပါလားဟု ဆင်ခြင်ကြည့်ပါ။

စာရေးသူတို့ ဆေးရုံများမှ မတတ်နိုင်တော့သည့် ငွေကြေးပမာဏာကိုပင် ထောက်ပံ့နေသော “သုခ” ကဲ့သို့သော ဆေးခန်းမျိုး “သီတဂူ” ကဲ့သို့သော ဆေးရုံမျိုး၊ မွန်မြတ်မေတ္တာ ကဲ့သို့သော သွေးလှူရှင် အဖွဲ့မျိုး ပေါ်ပေါက်လာရသည်မှာလည်း ထိုသို့သော မိသားစုမျိုး များပြားလာ၍ မဟုတ်ပါလော။
မိမိတု့ိ လူကြီးများ ပြောဆိုနေသည်ကို မျက်လုံး အ၀ိုင်းသားနှင့် ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေသော ကလေးမကို သနားမိသည်။ အတိတ်ဘ၀က အကုသိုလ်ကံကြီးခဲ့၍ ယခုဘ၀ ဒုက္ခများစွာ ခံစားနေကြရပြီ။ ယခုလည်း ကုသိုလ်ဟူ၍ ဘာမျှ ထပ်ရှိမည် မဟုတ်။ သည်နွံမှ မည်သည့်အခါ လွတ်အောင် ရုန်းနိုင်မည်နည်း။ မည်သူ့မှာ တာ၀န်ရှိ၍ မည်သူ့ကို အပြစ်တင်ရမည်နညး်။ “ဘယ်သူမပြု မိမိမှုလား” “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်” မှာလား။ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” နေဦးမှာလား၊ စဉ်းစားရင်း ခေါင်းရှုပ်ရသည်။

“ခစ် ခစ်” လူကြီးများအားလုံး စိတ်ရှုပ်နေချိန်တွင် ကလေးရယ်သံ တစ်ခါ ကြားလိုက်ရသည်။ ဘယ်ကလာ သနည်း။ လှရီ၀င့်ဆီကပေါ့။ ရယ်ရုံသာမက တဒုန်းဒုန်းနှင့်ပင် သူ့ခြေထောင် အဆန့်လိုက်ဖြင့် ကုတင်ကို ဆောင့်နေချေပြီ။ “သြော် အမေတွေ အစ်မတွေ တွေ့ရလို့၊ သူပျော်နေတာ ဖြစ်မယ်” အသက်မသေအောင် ကုသပေးနိုင်သဖြင့် မိမိကိုယ်ကို မိမိ ၀မ်းသာအားရ ဖြစ်မိသည်။ မိမိကိုယ်ကိုလဲ ပြန်အားပေးမိသည်။ လှရီ၀င့်က မနက်ဖြန်အတွက် ခွန်အား မွေးခိုင်းခဲ့ပြီ၊ “ငါ တတ်နိုင်တာထက် ပိုတဲ့ ပေးဆပ်မှုမျိုးနဲ့ လူတွေကို ကယ်ဖို့ ဆက်ပြီး ကြိုးစားသွားရမယ်” ဟူ၍ ပင်တည်း…။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *