မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပညာရေးကောလိပ်ပေါင်း ၂၀ ကျော်မှာ တာဝန်ထမ်းဆောင်လျက်ရှိသော ရာနှင့်ချီသည့် ဆရာဖြစ်သင် ဆရာ/ဆရာမများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည့် “ပညာရေးကောလိပ် ဆရာ/ဆရာမများအတွက် အင်္ဂလိပ်ဘာသာစကားသင်ကြားရေး အစီအစဉ်” ၏ ဖွင့်ပွဲအခန်းအနားကို ၂၀၁၄ ခုနစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin
Mackenzie တို့က အစီအစဉ်အား ဖွင့်လှစ်ပေးခဲ့ပါသည်။
The English for Education College Trainers (EfECT) ဟု ခေါ်တွင်သော ဤအစီအစဉ်ကို မြန်မာအစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ထောက်ပံ့ပေးရန်အတွက် ဗြိတိသျှဝန်ကြီးချုပ် David
Cameron အား အကူအညီတောင်းဆိုမှုမှ အစပျိုးခဲ့ခြင်းဖြစ်ပါသည်။ EfECT ပရောဂျက်ကို ဗြိတိသျှကောင်စီနှင့် DFID ခေါ် ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနတို့မှ ပူးပေါင်း၍ ရန်ပုံငွေ စတာလင်ပေါင် ၄.၂ သန်း (အမေရိကန် ဒေါ်လာ ၇ သန်း/ မြန်မာငွေ ကျပ် ၇၀ ဘီလီယံ) ထောက်ပံ့ကာ အင်္ဂလိပ်ဘာသာအား မိခင်ဘာသာအဖြစ်
ပြောဆိုသူ ဆရာ/ဆရာမ ၄၄ ဦးကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ပညာရေးလေ့ကျင့်ရေး ကောလိပ်များနှင့် ပညာရေးတက္ကသိုလ်များတွင် နေရာချထားကာ လေ့ကျင့်သင်ကြားမှု ပြုလုပ်စေမည် ဖြစ်ပါသည်။
အဆိုပါဖွင့်ပွဲ အခန်းအနားသို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးနေဝင်းဦး၊ ယူကေနိုင်ငံအခြေစိုက် နိုင်ငံရပ်ခြား လူမှုဝန်ထမ်းအဖွဲ့ Volunteer Services Overseas (VSO) မှ အမှုဆောင်အရာရှိချုပ် Jim Emerson၊ ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie၊ ယူကေနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (DFID) မှ ဒုတိယ ညွှန်ကြားရေးမှူး Peter McDermott ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်/တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊
ကျောင်းအုပ်ကြီးများ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ DFID၊ ဗြိတိသျှကောင်စီ နှင့် VSO မှ တာဝန်ရှိသူများ၊ အင်္ဂလိပ်ဘာသာသင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ
တက်ရောက်ကြပါသည်။
ဤ အစီအစဉ်ကို ဗြိတိသျှကောင်စီနှင့် VSO တို့မှ ပူးတွဲဦးဆောင် အကောင်အထည်ဖော်ကြမည်ဖြစ်ပြီး ဗြိတိသျှကောင်စီမှ လေ့ကျင့်ရေး ဆရာ/ဆရာမ ၂၂ ဦး နှင့် VSO မှ စေတနာဝန်ထမ်းလေ့ကျင့်သင်ကြားရေး ဆရာ/ဆရာမ ၂၂ ဦးကို ခန့်အပ်တာဝန်ပေး အကောင်အထည်ဖော်မည်ဖြစ်သည်။ ဗြိတိသျှကောင်စီမှ ဆရာတစ်ဦး၊ VSO မှ ဆရာတစ်ဦး စုစုပေါင်း နှစ်ဦးစီ ပညာရေးကောလိပ်၊ တက္ကသိုလ်များတွင် နေထိုင်ကာ သင်ကြားရေးများ ပြုလုပ်သွားကြမည် ဖြစ်ပါသည်။
ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie က မြန်မာအစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးမှုများ အကောင်အထည်ဖော်ရာတွင် ဗြိတိသျှကောင်စီမှ ၂၀၁၂ ခုနစ်ကတည်းက အဓိကဖွံ့ဖြိုးရေး လက်တွဲဖော် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ EfECT ပရောဂျက်သည်
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ဖြစ်ကြောင်း၊ မြန်မာ ပညာရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အဆင့်ဆင့်မှာ တစ်လျှောက်လုံး ပူပေါင်းပါဝင်ခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူကြောင်း၊ ယခုလို ဗြိတိသျှကောင်စီက မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် ရေရှည်ပါဝင်ရန်ဆန္ဒရှိခြင်းသည့်
မြန်မာနိုင်ငံနှင့် ရင်းနှီးချစ်ကြည်မှု၏ အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ကြောင်း၊ EfECT ပရောဂျက်သည် သူ့အမည်နှင့် လိုက်ဖက်စွာ သင်ကြားရေးနှင့် ဆရာအတတ်သင် လေ့ကျင့်ရေးကဏ္ဍအားလုံးတွင် ရေရှည်တည်တံ့မည့် ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများကို ယူဆောင်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။
VSO မြန်မာ၏ ပရိုဂရမ်မန်နေဂျာ Emily Speers Mears က မြန်မာနိုင်ငံ၏ အရေးအပါဆုံး ပြုပြင်ပြောင်းလဲရေးကာလတွင် ဗြိတိသျှကောင်စီနှင့် ပူးပေါင်းပြီး ယခုပရောဂျက်တွင် မြန်မာ့ပညာရေးကဏ္ဍ တိုးတက်မှု မြှင့်တင်ပေးရန် ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ
အဓိကမဏ္ဏိုင်တွေဖြစ်ကြသည့် ဆရာ/ဆရာမများအား မွေးထုတ်ပေးသည့် ပညာရေးတက္ကသိုလ် ကောလိပ်များမှာ ပါဝင်လုပ်ကိုင်ခွင့်ရသည်ကို ဂုဏ်ယူမိကြောင်း၊ VSO စေတနာ့ဝန်ထမ်းများသည် သူတို့၏ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စေတနာ၊ အင်အားများဖြင့် ပညာရေးကောလိပ်တက္ကသိုလ်များကို အထူးတလည် အထောက်အကူများ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
အင်္ဂလိပ်ဘာသာအား မိခင်ဘာသာအဖြစ် ပြောဆိုသူ ဆရာ/ဆရာမများကို စခန်းသွင်းသင်ကြားစေမည့် ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များမှာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကင်း ပညာရေးကောလိပ်၊ သင်္ကန်းကျွန်း ပညာရေးကောလိပ် အပါအဝင် တောင်ငူ ပညာရေးကောလိပ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်၊
မန္တလေး ပညာရေးကောလိပ်၊ မုံရွာ ပညာရေးကောလိပ်၊ လှည်းကူး ပညာရေးကောလိပ်၊ မော်လမြိုင် ပညာရေးကောလိပ်၊ ဘားအံ့ ပညာရေးကောလိပ်၊ ထားဝယ် ပညာရေးကောလိပ်၊ မြစ်ကြီးနား ပညာရေးကောလိပ်၊ လာရှိုး ပညာရေးကောလိပ်၊ တောင်ကြီး ပညာရေးကောလိပ်၊ မိတ္ထီလာ ပညာရေးကောလိပ်၊ မကွေး ပညာရေးကောလိပ်၊ ပခုက္ကူ ပညာရေးကောလိပ်၊ ပုသိမ် ပညာရေးကောလိပ်၊ မြောင်းမြ ပညာရေးကောလိပ် နှင့် ပြည် ပညာရေးကောလိပ်တို့ ဖြစ်ကြပါသည်။ ကျောက်ဖြူ နှင့် ဘိုကလေး ပညာရေးကောလိပ်များတွင်လည်း
ပြုလုပ်သွားရန်စီစဉ်လျှက်ရှိပါသည်။
ဤအစီအစဉ်အရ ပါဝင်သင်ယူမည့် ဆရာဖြစ်သင် ဆရာ/ဆရာမများ (teacher trainers) ၁၅၀ဝ ခန့်ရှိပါသည်။ ထိုအထဲတွင် အင်္ဂလိပ်စာဘာသာရပ် ပညာရေးနှင့် နည်းပညာလေ့ကျင့်ရေး ဆရာ/ဆရာမများ၊ အခြား သင်ကြားရေးနည်းပညာ လေ့ကျင့်ရေး ဆရာ/ဆရာမများ၊ ပညာရေးဘာသာရပ်ဆိုင်ရာ နည်းပညာ ဆရာ/ဆရာမများနှင့် သင်ရိုးညွှန်းတမ်းပြုစုရေး ဆရာ/ဆရာမများ ပါဝင်ပါသည်။ ပရောဂျက် မစတင်မီ၊ ပရောဂျက် ပြုလုပ်နေချိန်ကာလနှင့် ပရောဂျက် ပြီးဆုံးသည့် ၂နှစ်ကာလအချိန်များတွင် သင်ယူမည့် ဆရာ/ဆရာမများ၏
အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးမည် ဖြစ်ပါသည်။
ပရောဂျက် ၂နှစ်ကာလ၏ ပထမနှစ်တွင် ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာအရည်အချင်းကို မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး ဒုတိယနှစ်တွင် ဆရာ/ဆရာမများ၏ သင်ကြားမှုနည်းပညာပိုင်းဆိုင်ရာကို အထောက်အပံ့ပြုရန် လုပ်ဆောင်မည် ဖြစ်ပါသည်။ ပရောဂျက်၏ စွမ်းဆောင်ရည်ကို အမြဲမပြတ် စောင့်ကြည့်အကဲဖြတ်သွားမည်ဖြစ်ပြီး ပြင်ပမှ အကဲဖြတ် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ကာ ပရောဂျက်ကာလ အလည်ပိုင်းနှင့် အဆုံးပိုင်းတို့တွင် အကဲဖြတ်ဆန်းစစ်သွားမည် ဖြစ်ပါတယ်။
EfECT ပရောဂျက်၏ ညွှန်ကြားရေးမှူး Ian Clifford က EfECT သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်သည့် ဆရာ/ဆရာမများ၏ သင်ကြားရေးလေ့ကျင့်မှု ပရောဂျက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း မြစ်ကြီးနားမှ တောင်ပိုင်း ထားဝယ် အထိ၊ အရှေ့ပိုင်း ပုသိမ်မှ အနောက်ပိုင်း လာရှိုးအထိ EfECT မှ
နိုင်ငံအနှံ့ ခြေဆန့်ပြီး ပညာရေးကောလိပ်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာဆောင်သည့် ပညာရေးပြောင်းလဲမှုကို ဖော်ဆောင်ကြမှာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။