News, Opinion, Policy & Law

ရွေးကောက်ပွဲ…ဘာနဲ့သွားမလဲ…

ရွေးကောက်ပွဲ…ဘာနဲ့သွားမလဲ…

လူတွေကPR . PR နဲ့ အော်နေပြောနေကြတော့ ကိုဘအေးလည်း အော်ချင်-အဲလေ၊ ပြောချင်လာလို့ပါ။

PR ဆိုတာကတော့ ရွေးကောက်ပွဲစနစ်တစ်ခုပေါ့။ Propotion Representative အချိုးကျ ကိုယ်စားပြုစနစ်ပါ။ လက်ရှိကျင့်သုံးနေတာက FPTP လို့ခေါ်တဲ့ နိုင်သူအကုန်ယူစနစ် ဖြစ်ပါတယ်။ First Pass The Post လို့ဆိုပါတယ်။ ကိုဘအေးတို့ မြန်မာနိုင်ငံမှာတော့ PR စနစ်ကို ကျင့်သုံးခဲ့ဖူးခြင်းမရှိပါ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ရွေးကောက်ပွဲကိုတော့ အဲဒီတုန်းက ကိုဘအေးတို့က ငယ်သေးတော့ ကောင်းကောင်းမမှတ်မိပါ။ အိမ်က ဘဘရွှေ (သူရိယအလင်းကရေးတဲ့ ဘကြီးရွှေမဟုတ်ပါ။ ကိုဘအေးတို့ အဖိုးရဲ့ညီဖြစ်တဲ့ အဖိုးလေးဦးအရွှေပါ။ ကိုဘအေးတို့က ဘဘရွှေလို့ခေါ်ပါတယ်။) မြူနီစပယ် လူကြီးဝင်ရွေးတာ ကိုဘအေး ရေးရေးလေးပဲ မှတ်မိပါတယ်။ ဒါပေမယ့် ပါလီမန်ရွေးကောက်ပွဲမှာ ဖဆပလပါတီက အာဏာရပါတီလို့ ဆိုထားတော့ အဲဒီအချိန်တုန်းကလည်း နိုင်သူအကုန်ယူစနစ်ပဲ ကျင့်သုံးခဲ့မယ်လို့ယူဆပါတယ်။ အတိုက်အခံပါတီကတော့ ကိုဘအေးတို့ ကလေးတွေကပေါင်မုန့်ညာတုတ် လို့ခေါ်တဲ့ ပမညတပါတီပါ။ တစ်သီးပုဂ္ဂလလည်းရှိပါတယ်။

နောက် လမ်းစဉ်ပါတီခေတ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေကတော့ တစ်ပါတီစနစ်ဖြစ်လို့ သိပ်ပြီးလေးနက်မှုမရှိလှပါဘူး။ လုပ်တဲ့သူကလည်း တာဝန်ကျေလုပ်တာဖြစ်သလို ထည့်တဲ့သူကလည်း ဝတ်ကျေတန်းကျေပါဘဲ။ အသက်မပါလှဘူးလို့ ပြောရမှာဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရတက်တဲ့ ၁၉၆၂ခုနှစ်ကနေ ပြည်သူလွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့် ဆင့်ပေါ်ပေါက်လာတဲ့ ၁၉၇၄ ခုနှစ်အထိ (၁၂)နှစ်တာကာလကတော့ ဘာရွေးကောက်ပွဲမှ မရှိတဲ့ကာလပေါ့။

၁၉၈၈ အရေးအခင်းအပြီး တပ်မတော်အစိုးရ တက်လာပြီးတဲ့နောက် ၁၉၉၀မှာ လုပ်တဲ့ ရွေးကောက်ပွဲကိုတော့ မပြောတော့ပါဘူး။ အားလုံးသိကြတဲ့အတိုင်း အလကားရွေးကောက်ပွဲ ဖြစ်သွားလို့ပါ။ အဲဒီကနေ နှစ်(၂၀)ကြာမှ ၂၀၁၀ နိုဝင်ဘာမှာလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးက မဲအများဆုံးနဲ့ အာဏာရပါတီဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျမှ ဝင်ပါလာပြီးတော့ လွှတ်တော်ထဲမှာ အမတ်နေရာ(၄၀)လောက် ရရှိသွားပါတယ်။ လစ်လပ်နေရာ (၃၀)အတွက် လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၅ အတွက် စမ်းသပ်မှုတစ်ခုလို့ပြောရမှာပါ။ ၂၀၁၅မှာတော့ ပါတီကြီးတွေ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြမှာပါ။ လူထုထောက်ခံမှု အများဆုံးရထားတယ်ဆိုတဲ့ NLD ကလည်း သူတို့ပါတီအနိုင်ရမယ်လို့ မျှော်လင့်ထားသလို ပြည်ခိုင်ဖြိုးကလည်း သူတို့ပါတီအောင်နိုင်ရေးအတွက် ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ အခုဆိုရင် တိုင်းရင်းသားပါတီတချို့ ပူးပေါင်းထားတဲ့ ဖက်ဒရယ်ပါတီကလည်း ပါတီကြီးတစ်ခုအနေနဲ့ ရှိနေပါပြီ။ ဒီတော့ ၂၀၁၅မှာ ဒီပါတီသုံးခုကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာပေါ့။

အဲဒီလို အကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ အားခဲနေကြတဲ့ အချိန်မှာပဲ အခုPR ဆိုတဲ့ အချိုးကျစနစ်ကြီးက ထွက်ပေါ်လာတာပါ။ ဒီအချိုးကျကိုယ်စားပြု PR စနစ်ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့တာဖြစ်ပြီး ၄င်းပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကတော့ ဇူလိုင်(၂၄)ရက်မှာ အချိုးကျကိုယ်စားပြု PR စနစ်အဖြစ် တိုက်ရိုက်တင်သွင်းတာမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ်သစ် ဖော်ဆောင်ပေးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာ တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်မတက်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ NLD ကလည်း ဒီစနစ်ကိုကန့်ကွက်ပြီး မြို့နယ်တွေမှာ အဖွဲ့ဝင်တချို့က ဦးဆောင်ကာ ဆန္ဒပြတာတွေ လုပ်နေကြပါတယ်။ NLD ဗဟိုကတော့ သူတို့မညွှန်ကြားဘူးလို့ ဆိုပါတယ်။ ဒီ PR စနစ်ကို ပြည်သူ့လွှတ်တော်မှာ သုံးရက်တိုင် ဆွေးနွေးမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌကပြောပါတယ်။

ဒီနေရာမှာ အရင်ဆုံး ဘယ်နိုင်ငံတွေက PR စနစ်ကျင့်သုံးပြီး ဘယ်လိုအဆင်ပြေတယ် ဆိုတာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ ဇူလိုင်(၂၇)ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ (၆)မိနစ်စာတင်ပြချက်ထဲက ကောက်နုတ်တင်ပြပါမယ်။ ပထမဦးစွာတင်ပြမှာကတော့ နယ်လ်ဆင်မင်ဒဲလားဟာ ထောင်ထဲမှာ (၂၇)နှစ်ကြာနေခဲ့ပြီးတော့ အသက်(၇၁)နှစ်အရွယ် (၁၉၉၀)ပြည့်နှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ လွတ်လာပြီးတော့ လေးနှစ်အကြာမှာ တောင်အာဖရိကမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါကြောင်း၊ အဲဒီရွေးကောက်ပွဲကြောင့် တစ်ချိန်တုန်းက သူ့မျက်လုံးကိုယ်ဖေါက်၊ ကိုယ့်မျက်လုံးသူဖေါက်တဲ့ အသားအရောင်ခွဲခြားတဲ့စနစ်၊ အကြမ်းဖက်ဝါဒတွေ လွှမ်းမိုးနေတဲ့ တောင်အာဖရိကဟာ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းခဲ့သလဲ လေ့လာကြည့်တဲ့အခါ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်နဲ့ ဖြေရှင်းခဲ့တာတွေ့ရကြောင်း၊ အဲဒီမှာသူ့ရဲ့ ANC ပါတီက (၅၂)ရာခိုင်နှုန်း၊ အရင်အစိုးရဟောင်းက (၃၂)ရာခိုင်နှုန်း၊ နောက်တစ်ခါ အသားအရောင်ရှိတဲ့သူတွေက (၈)ရာခိုင်နှုန်း၊ အဲဒီလိုအချိုးကျရတဲ့ စနစ်နဲ့ တောင်အာဖရိကဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းကို သွားခဲ့ကြောင်း၊ ဘယ်လောက်ထိအောင်မြင်ခဲ့သလဲဆိုတော့ သမ္မတရွေးပွဲသုံးကြိမ် အခုJacabZumaအထိ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ အဲဒီမှာလည်း တိုင်းရင်းသားတွေအတွက် ထိုက်သင့်တဲ့နေရာရခဲ့ကြောင်း၊ သူနဲ့မသင့်မြတ်တဲ့ Zulu တွေတောင် ပါလီမန်ထဲမှာ (၁၁)ရာခိုင်နှုန်း အချိုးကျရခဲ့ကြောင်း ပြောပါတယ်။

နောက်ဒုတိယနမူနာတစ်ခုကတော့ ကျွန်းပေါင်း(၁၂၀ဝ၀)ရှိပြီး လူဦးရေသန်း(၂၅၀)ရှိတဲ့ လူမျိုးစု (၃၀ဝ)ကျော်နဲ့ အင်ဒိုနီရှားနိုင်ငံဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံပြီး ပါလီမန်ရွေးကောက်ပွဲလုပ်ခဲ့ကြောင်း၊ အဲဒီရလဒ်တွေပေါ်မူတည်ပြီး သမ္မတရွေးကောက်ပွဲလုပ်ကြောင်း၊ ဒီနေ့ဆိုရင် ဗိုလ်ချုပ်ဟောင်းကြီး ယူဒိုယိုနို နှစ်ကြိမ်နောက်ပိုင်းအတိတ်က စစ်အာဏာရှင်တွေနဲ့ မပတ်သက်တဲ့ ဝီဒိုဒို လိုပုဂ္ဂိုလ်မျိုးကို အင်ဒိုနီးရှားက သမ္မတအဖြစ် တင်မြှောက်နိုင်တာကလည်း အချိုးကျကိုယ်စားပြုစနစ်ပဲလို့ ဆိုပါတယ်။

နောက်ဥပမာတစ်ခုက ဒီကနေ့အထိ အချုပ်အခြာအာဏာကို သက်စွန့်ဆံများ ကာကွယ်နေတဲ့ အစ္စရေးနိုင်ငံဖြစ်ကြောင်း၊ ဟစ်တလာကြောင့် ခြောက်သန်းကျော် သေဆုံးခဲ့ပြီးမှ ပေါ်ပေါက်လာရတဲ့ ဂျူးတွေရဲ့ နိုင်ငံအစ္စရေးဟာ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီးတော့ သူ့တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်မြဲစေရေးကို စိုက်လိုက်မတ်တပ် ဆောင်ရွက်နေကြောင်း၊ ဒီနမူနာသုံးခုကြောင့် အချိုးကျကိုယ်စားပြုစနစ်ဟာ မြန်မာနိုင်ငံလို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုအပ်တဲ့အချိန်၊ တိုင်းရင်းသားတွေ ပြဿနာဖြေရှင်းတဲ့ နိုင်ငံတွေမှာ ဆောင်ရွက်လို့ရကြောင်း၊ လက်တွေ့အလုပ်ဖြစ်မယ်ဆိုတာ ဖေါ်ပြနေကြောင်း၊ အဲဒီနိုင်ငံသုံးခုလုံးမှာ ဒီနေ့ဒီမှာထောက်ပြနေတဲ့ အကြမ်းဖက်သမားတွေ လွှတ်တော်ထဲ ရောက်လာတာမတွေ့ရကြောင်း (လွှတ်တော်ကိုယ်စားလှယ်တချို့က PR စနစ်ကျင့်သုံးရင် အကြမ်းဖက်သမားတွေ လွှတ်တော်ထဲ ရောက်လာနိုင်ကြောင်း ဆွေးနွေးတင်ပြဘူးပါတယ်။) ဒါ့ကြောင့် အချိုးကျစနစ်ကို ဘယ်အချိန် လုပ်မလဲဆိုတဲ့အခါ ကနေဒါအတွေ့အကြုံအရ ပြောရရင် နှစ်ပါတီလွှမ်းမိုးမှု အနည်မထိုင်သေးတဲ့ အချိန် အခုလို ရွေးကောက်ပွဲသက်တမ်း တစ်ကြိမ်ကာလအတွင်းမှာ လုပ်ဖို့လိုကြောင်း၊ ကနေဒါမှာ ယနေ့ Green Partyဆိုတာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင့် နှစ်ပေါင်း (၂၀) ရှိပြီဖြစ်ကြောင်း၊ (၉)ရာခိုင်နှုန်း ထောက်ခံမဲရခဲ့ကြောင်း၊ ဒါပေမယ့် လစ်ဗရယ်နဲ့ ကွန်ဆာဗေးတစ်ပါတီ ကြီးနှစ်ခုက လွှမ်းမိုးထားတော့ အချိုးကျစနစ် တင်လာတိုင်း ပယ်ဖျက်ခဲ့ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ ပါတီငယ်တွေ ဝင်လာလို့ရှိရင် နေရာဖယ်ပေးရမှာ ကြောက်တဲ့အခြေအနေမျိုး ရှိကြောင်း၊ ဒါ့ကြောင့် တိုင်းပြည်ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့၊ ဖွံ့ဖြိုးမှုမြှင့်တင်ဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ၊ ညီညွတ်ရေးအစိုးရ လိုကြောင်း၊ ဒီညီညွတ်ရေးအစိုးရကို အချိုးကျစနစ်ကသာလျှင် ရွေးချယ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုပညာကို အချိုးကျစနစ်က ရယူပြီးတော့ ဆောင်ရွက်မယ်ဆိုရင် အခုစိုးရိမ်ပူပန်နေတဲ့ ပြဿနာတွေအားလုံး ဖြေရှင်းနိုင်လိမ့်မယ်ဖြစ်ကြောင်း တင်ပြသွားပါတယ်။

PR နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တချို့ကလည်း အခြေခံဥပဒေပါ ပြဌာန်းချက်ကို ပြင်ဖို့လိုကြောင်း၊ နို့မဟုတ်ရင် အခြေခံဥပဒေကို ဆန့်ကျင်ရာရောက်သွားမှာဖြစ်ကြောင်း၊ တချို့ကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စိုးရိမ်ကြောင်း ပြောကြပါတယ်။ ဇူလိုင်(၂၈)ရက်မှာ ပြည်သူ့ လွှတ်တော်မှာ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးတင်ပြကြတာနဲ့ ပတ်သက်ပြီး အနည်းငယ်ကြည့် ကြရအောင်။ တပ်မတော်သား ကိုယ်စားလှယ်ဗိုလ်မှူးကြီး ဌေးနိုင်က မြန်မာနိုင်ငံတွင် PR စနစ်ကျင့်သုံးနိုင်ခြင်းရှိမရှိဆိုတာကို သုံးသပ်ရမှာဖြစ်ကြောင်း၊ အချိုးကျစနစ်ဆိုတာ မျှတတဲ့ စနစ်ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒအကျိုးကျ မျှတစွာပါဝင်နေကြောင်း၊ PR စနစ်ရဲ့ အဓိကအားသာချက်တွေကတော့ ပြည်သူတွေရဲ့ ဆန္ဒအကျိုးကျ ပါဝင်ခြင်း၊ ပါတီငယ်များ ပါဝင်လာသဖြင့် လွှတ်တော်အတွင်း ဆွေးနွေးအကြံပြုချက်များ ပိုမိုပြည့်စုံနိုင်စေခြင်းနဲ့ ဒီမိုကရေစီ အနိုင်ကျင့်မှု မခံရခြင်းတို့ဖြစ်ကြောင်း၊ အားနည်းချက်ကတော့ ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်တဲ့အတွက် အုပ်ချုပ်မှုအပိုင်း ခိုင်မြဲမှုလျော့နည်းခြင်း၊ ပါတီများလာသဖြင့် အငြင်းပွါးမှုနဲ့ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် FPTP စနစ်ကိုသာသိရှိပြီး PR စနစ်ဆိုတာကို အလေ့အကျင့်မရှိသလို လူနည်းစုသာ သိရှိသည့်စနစ်ဖြစ်သောကြောင့် သာမန် ပြည်သူတွေအနေနဲ့ ပို၍ပင် နားလည်ဖို့ခက်ခဲတဲ့စနစ်ဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိပြီး မိမိနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများအားလုံးအတွက် ကိုက်ညီအောင် ရေးဆွဲမယ်ဆိုရင် အသုံးပြုနိုင်သော အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းများအနက် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေနဲ့ မဲဆန္ဒပေးမယ့် ပြည်သူတွေက ကျင့်သုံးမယ့်စနစ်ကို သေချာစွာ သိရှိရေးမှာ အဓိကကျပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဘယ် ရွေးကောက်ပွဲစနစ်မဆို ကျင့်သုံးနိုင်ကြောင်း၊ ဒါပေမယ့် ဒီစနစ်ဟာ နိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူများ၊ နိုင်ငံရေးပါတီများအားလုံး လက်ခံကျင့်သုံးနိုင်တဲ့စနစ်၊ မျှတတဲ့စနစ်၊ ကောင်းမွန် ရှင်းလင်းတဲ့စနစ်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေပဲ အခြေခံဥပဒေနဲ့ ညီညွတ်အောင် ရေးဆွဲမယ်ဆိုရင် ဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးပါတယ်။

ကလောမဲဆန္ဒနယ်က ဒေါက်တာဒေါ်သန်းငွေ ဆွေးနွေးတာကတော့ မိမိတို့နိုင်ငံမှာ မဲအများဆုံးရသူ အနိုင်ယူစနစ်ကို နှစ်ပေါင်း(၆၀)ကျော် ရွေးကောက်ပွဲ(၅)ကြိမ်နဲ့ တစ်ပြည်လုံး ကန့်ကွက်သူမရှိ လက်ခံကျင်းပလာခဲ့တာ ဖြစ်ပါကြောင်း၊ ယနေ့တိုင်းပြည်အခြေအနေအရ ဒီမိုကရေစီတည်ထောင်ခါစ၊ ကူးပြောင်းဆဲကာလ အပြည့်အဝမရရှိသေးချိန်တွင် PR ကဲ့သို့ နားလည်ရခက်သော စနစ်အကြောင်း ပြည်သူများ သေချာစွာမသိရှိသေးဘဲ ကျင်းပမည်ဆိုလျှင် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားများကလည်း တန်းတူအခွင့်အရေးရရှိရန် တိုင်းရင်းသားနိုင်ငံရေးပါတီများ ထူထောင်ကြပြီး PR စနစ်ကို ကန့်ကွက်နေချိန်တွင် ယင်းစနစ်ကို မဖြစ်မနေဆောင်ရွက်ပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးတွင် အနှောက်အယှက် ဖြစ်နိုင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉(က) တွင် တိုင်းဒေသကြီး (၇)ခုနဲ့ ပြည်နယ်(၇)ခုဟာ တန်းတူအဆင့်အတန်းရှိရမည်ဟု ဆိုထားရာ PR စနစ်ကို တိုင်းဒေသကြီးများတွင်သာ အသုံးပြုမည်ဆိုပါက ယင်းဥပဒေကို ချိုးဖေါက်ရာကျပါကြောင်း၊ မြန်မာနိုင်ငံမှာ PR စနစ် သုံးလိုပါက အချိန်ယူရှင်းလင်းပြီး ပြည်သူ့ဆန္ဒခံယူ၍ လက်ခံမှသာ ကျင့်သုံးသင့်ပါကြောင်း၊ ရွေးကောက်ပွဲစနစ်တိုင်းတွင် အားနည်းချက်ရှိပါကြောင်း၊ အသားကျပြီးသော FPTP စနစ်တွင် အားနည်းချက်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် အသားကျခြင်းမရှိသော နောက်စနစ်သစ်တစ်ခု ကူးပြောင်းမယ်လို့ စဉ်းစားတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ် မဖြစ် အားလုံးစဉ်းစားသင့်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။

မိုင်းဖြတ် မဲဆန္ဒနယ်မှာဦးစိုင်းကျောက်က လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ မိမိတို့နိုင်ငံအတွက် PR စနစ်ဟာ အထူးသင့်မြတ်လျှော်ကန်တယ်လို့ ထင်မြင်ယူဆပါကြောင်း၊ ဒါ့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်ယုတ်လျော့နိုင်ခြင်းမရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းကြောင့် ပြည်သူ့ကောင်းကျိုးကို ဆောင်ကြဉ်းပေးမယ့် အစိုးရအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာပြီး လိုက်လျောညီညွတ်ထွေတဲ့ ဥပဒေအရပ်ရပ်များကို တည့်မတ်ပြုပြင် ပြဌာန်းနိုင်မယ့် လွှတ်တော်အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲပုံစံများကို မိမိတို့ရဲ့ ကာလ၊ ဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု၊ အမျိုးသားရေး လက္ခဏာများနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲပုံစံများဖြင့် ရွေးချယ်ကျင်းပလျက်ရှိပါကြောင်း၊ PR စနစ်ကို မိမိတို့နိုင်ငံအတွက် စတင်ပြောင်းလဲကျင့်သုံးခြင်းဖြင့် ပါတီကြီးများ ကြီးစိုးသည့်စနစ်ကို ဖယ်ရှားနိုင်ခြင်း၊ အာဏာရှင်စနစ် ပေါ်ပေါက်လာမှုကို တားဆီးနိုင်ခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း တိုးတက်မြင့်မားလာစေပြီး လွှတ်တော်ရဲ့ အဆင့်အတန်း ပိုမိုမြင့်မားလာစေနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်များရဲ့ မဲတွေ အလေအလွင့် လျော့နည်းပြီး ကိုယ်စားလှယ်များ အချိုးညီညီဖြင့် အနာဂတ်နိုင်ငံရေးကို ပုံဖေါ်ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ အခုတင်ပြတဲ့ PR စနစ်ကျင့်သုံးလျှင် ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ဝေဝေဆာဆာနဲ့ လူမျိုးပေါင်းစုံ အရောင်အသွေးစုံ ပါဝင်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ ဆွေးနွေးသွားခဲ့ပါတယ်။ သူကစိတ်ကူးနဲ့တောင် မြင်ကြည့်လိုက်ပါသေးတယ်။

ဒီလိုလုပ်ရင်ကောင်းမလားလို့ ကိုဘအေးစဉ်းစားကြည့်မိတယ်။ PR ကိုထောက်ခံတဲ့သူတွေရယ်၊ ကန့်ကွက်တဲ့သူတွေရယ်ကို လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေကို ဖြစ်ဖြစ်၊ အပြင်မှာလည်း ပါတီတွေက တာဝန်ရှိသူတွေကို ဖြစ်ဖြစ် ဒါရိုက်တာမောင်သီရဲ့ စကားနပန်းလို စကားရည်လုခိုင်းရင် ကောင်းမလားလို့။ နိုင်အောင်ပြောနိုင်တဲ့သူတွေ့ရဲ့ ဆန္ဒအတိုင်းလုပ်ခိုင်းလိုက်ပေါ့နော်။ ပြောနေကြတာကတော့ ပြည်ခိုင်ဖြိုးကလည်း နောက်လာမယ့် ရွေးကောက်ပွဲမှာ အများစု နိုင်ခြေမရှိဘူးထင်လို့ အချိုးကျစနစ်ကို ထောက်ခံတာ။ NLD ကလည်း သူနိုင်ခြေအများစုရှိမယ့်လို့ ယူဆထားတော့ ဒီ PRကိုကန့်ကွက်တာ စသဖြင့်ပေါ့။ ဒါပေမယ့် ပြည်သူ့လွှတ်တော်က မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ်တစ်ခု ပေါ်ပေါက်လာစေရန်အတွက် လေ့လာသုံးသပ်ရေး ကော်မရှင်တစ်ရပ်ကို ဇူလိုင်(၃၁)ရက်နေ့က ဖွဲ့စည်းပေးလိုက်ပါပြီ လေ့လာတဲ့ကာလအဖြစ် ရက်ပေါင်း ၂၁ရက် သတ်မှတ်ပေးထားပြီး ကော်မရှင်အနေနဲ့ ပြည်ထဲရေး၊ လဝက၊ ရွေးကောက်ပွဲကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ CSO များစတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး အကြံပြုတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်မယ့် စနစ်ကောင်းတစ်ခုကို ရွေးချယ်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ကိုယ်ကပညာရှင်မဟုတ်တော့ ပညာရှင်တွေရဲ့ ရွေးချယ်မှုကိုပဲ လက်ခံရမှာပါ။

ပြောရရင် စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၇မှာ ပြဌာန်းထားပြီး ပုဒ်မ၃၉၇ အရ ရွေးကောက်ပွဲစနစ်ကို ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းနိုင်လို့ သိရပါတယ်။ အဲဒီလိုပြဌာန်းတဲ့ ပုဒ်မ၃၉၇ ဟာ ၄၃၆အရ ဆန္ဒခံယူပွဲလုပ်ရန် မလိုတဲ့ အခန်း(၉)ပါ ပြဌာန်းချက်ဖြစ်ပါတယ်။ သို့ကလိုမို့ ဒီနေ့ အချိုးကျစနစ်နဲ့ သွားမလား၊ ဒါမှမဟုတ် နိုင်သူအကုန်ယူစနစ်ကိုပဲ ထားမလားဆိုတာမူ ပြဿနာဖြစ်နေတဲ့အတွက် တိုင်းပြည် မျက်နှာတစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ ရေရည်ကို မျှော်ကြည့်ကြဖို့ပဲ ဖြစ်ကြောင်းပါခင်ဗျာ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *