မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဇူလိုင်လ ၂၅ရက်နေ့၌ GSM ဖုန်းလိုင်း အရေအတွက် ၂သိန်းကို ငွေကျပ် ၁၅၀၀ဖြင့် ပထမဦးဆုံးအကြိမ် စတင်ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားကြောင်း အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။ “ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။ ရောင်းတာကတော့ ဈေးမပြောင်းဘူး၊ ၁၅၀၀ကျပ်ပဲ”ဟု ၎င်းက ပြောပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)နှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၁၅၀၀ဖြင့် ယခုနှစ် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့ပြီး CDMA ဖုန်းလိုင်း အသုံးမပြုနိုင်သည့် နေရာဒေသအချို့၌ WCDMA ဖုန်းလိုင်း အနည်းငယ်ကို ရောင်းချပေးခဲ့သည်။
“GSMက အရေအတွက် ၂သိန်း၊ CDMAက တစ်သိန်းခွဲ ရောင်းမှာ”ဟု ဦးကျော်စိုးက ပြောပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုဘိုင်းဖုန်းလိုင်းကို ခွဲတမ်းအနေဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး လစဉ် လတိုင်း အရေအတွက် ၃သိန်းခွဲကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ လိုင်းအရေအတွက် ၁၀သိန်းကျော် ချထားပေးပြီးဖြစ်သည့် MEC၏ CDMA 800 ကွန်ရက်သည် လက်ရှိအချိန်၌ ပြည့်ကြပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM ကွန်ရက်များ ဖြစ်ကြောင်း၊ ထို့ကြောင့် ချထားပေးမည့် မိုဘိုင်းဖုန်းလိုင်းမှာ GSMများသာ ဖြစ်လာနိုင်ကြောင်း မိုဘိုင်းအင်ဂျင်နီယာမှူး တစ်ဦးက ပြောသည်ဟု ဆိုပါသည်။
နိုင်ငံတကာ အဆင့်မီ GSM ဖုန်းလိုင်းများကို အသုံးပြုလိုကြသော်လည်း လက်ရှိအချိန်၌ MEC၏ CDMA ဖုန်းလိုင်းများကိုသာ ရောင်းချပေးနေသည့်အတွက် အသုံးပြုသူများမှာ ရရှိရာ ဖုန်းလိုင်းကိုသာ အသုံးပြုနေကြရသည်ဟု မိုဘိုင်းဖုန်းဆိုင် အချို့က ပြောကြားပါသည်။ “GSM ချပေးမယ်ဆို ကောင်းတာပေါ့၊ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာ၊ ဈေးကွက်က သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်၊ ထွက်တဲ့ကတ်ကလည်း နည်းတယ်။ သူ့မိတ်နဲ့ သူပဲ သွားမယ်ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်”ဟု ACE ဟန်းဆက် အရောင်းဆိုင်က ဦးသန်းထိုက်က ပြောသည်ဟု သိရပါသည်။ လက်ရှိတွင် ၂သိန်းတန် GSMဖုန်း သုံးစွဲနေသူ ဦးဘအေးက ပြောကြားရာတွင် “MECရဲ့ CDMA 800တွေတုန်းက အပြင်ပေါက်ဈေး ၇သောင်း၊ ၈သောင်းအထိ ဖြစ်ပါတယ်၊ အခု GSMတွေ ချပေးမယ် ဆိုတော့ ဒီထက် ဈေးတွေ မြောက်သွားဦးမလား မသိဘူး။ တချို့လည်း မဲပေါက်ပြီး ဖုန်းမကိုင်နိုင်သေးတဲ့ သူတွေကတော့ ပြန်ရောင်းကြဦးမှာပဲ”ဟု သူ၏ ထင်မြင်ချက်ကို ပြောကြားခဲ့ပါသည်။