လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် စာအုပ် အုပ်ရေ ၁၀၀၀ အား တစ်နှစ်ခန့် ရောင်းချနေရခြင်းသည် ပြည်သူများ စာဖတ်အားနည်းနေသည်ကို ထောက်ပြနေပြီး ယင်းသို့ ဖြစ်နေရခြင်း အကြောင်းအရင်းကို ရှာဖွေသင့်ကြောင်း အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟုမ်းမီဒီယာခန်း၌ ပြုလုပ်ခဲ့သည့် ဦးဘုန်း(ဓါတု)၏ “ပန်းသေနတ်” စာအုပ် မိတ်ဆက်ပွဲတွင် စာရေးစရာ ချစ်ဦးညိုက ပြောကြားခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ စာပေလောကမှာ စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေ ၁၀၀၀ လောက်ကို တစ်နှစ်လောက်ရောင်းယူရတယ်။ လူဦးရေ သန်း ၆၀ လောက်ရှိနေတဲ့ နိုင်ငံမှာ ဒီလိုမျိုးအုပ်ရေ ၁၀၀၀ လောက်ကိုတောင်မှ တစ်နှစ်လောက် ရောင်းနေရတာက ပြည်သူတွေ စာမဖတ်ကြဘူးဆိုတာ ထင်ရှားတယ်။ ဘာကြောင့်သူတို့တွေ စာမဖတ်နိုင်တာလဲဆိုတာ အဖြေရှာကြရလိမ့်မယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲတွင် အမှတ်တရစကားပြောကြသည့် ဆရာမ ရွေှကူမေနှင်း၊ ဆရာ ချစ်ဦးညို၊ ဆရာ ဦးဘုန်း(ဓါတု) တို့က မြန်မာနိုင်ငံရှိ ပြည်သူများ စာဖတ်မှုအားနည်းနေသည့် အကြောင်းများကို သုံးသပ်ခဲ့ကြသည်။ ဦးဘုန်း(ဓါတု)က ပြည်သူများ စာမဖတ်နိုင်ခြင်းသည် စာဖတ်ခြင်းကို စိတ်၀င်စားမှု မရှိခြင်းကြောင့် မဟုတ်ပဲ စာဖတ်ရန် အခွင့်အလမ်းမရှိခြင်းကြောင့် သာဖြစ်ကြောင်း ပြောဆိုသည်။
“ကျွန်တော်တို့ လူမျိုးတွေက စာဖတ်ဖို့ စိတ်မ၀င်စားတာ မဟုတ်ဘူး၊ သူတို့က စာဖတ်ဖို့ အခွင့်အရေး မရှိသေးတာ။ သူတို့ကိုသာ စာဖတ်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ရင် စာဖတ်ကြမည့်သူတွေဆိုတာ ၁၈၂၄ ခုနှစ်က အင်္ဂလိပ်တွေရေးသားပြုစုခဲ့တဲ့ စာတွေကို ဖတ်ရင် သိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
၎င်းတို့၏ အမှတ်တရစကားများတွင် ပြည်သူများ စာဖတ်အား ကောင်းလာသည်နှင့် အမျှ တိုင်းပြည်တိုးတက်လာရန် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်အား ကောင်းလာစေရန် ကလေးများအား သူငယ်တန်း အရွယ်ကပင် စာဖတ်လေ့ကျင့်မှုရရန် ပြုလုပ်ပေးသင့်ကြောင်း တိုးတတ်နေသော နိုင်ငံများတွင် လူတိုင်း နီးပါး စာဖတ်ကြကြောင်းနှင့် အင်တာနက်မှ ရယူဖတ်ရှုနိုင်သည့် အီးဘွတ်စ်များကို ရယူဖတ်ရှုခြင်းကြောင့် စာအုပ်များဖတ်ရှုမှုလျော့ကျခြင်းမဟုတ်ကြောင်း၊ တိုးတတ်သော နိုင်ငံတိုင်းတွင် အင်တာနက် အသုံးပြုသော်လည်း စာအုပ်ကိုပါ အသုံးပြုလျက်ရှိကြောင်း စသည်တို့ ပါ၀င်ကြောင်း သိရသည်။
ဖတ်ပါတယ် များသောအားဖြင့်ကြည့်လိုက်ရင် ၀ထ္တုတွေလက်ထဲမှာ