Opinion

စာဖတ်အားတွေ မြှင့်ကြမယ်

Raise the power of reading

တစ်ခါတစ်လေ ကိုဘအေးတစ်ယောက် မြို့ထဲသွားရင်းနဲ့ သိမ်ကြီးဈေးနားရောက်လို့ရှိရင် အဲဒီအနားမှာနေတဲ့ မိတ်ဆွေဖြစ်သူ သွားစိုက်ဆရာကိုတင်မြင့်ကို ဖုန်းနဲ့လှမ်းခေါ်ပြီး နီးစပ်ရာတစ်ဆိုင်ဆိုင်မှာ လက်ဘက်ရည်သောက်လေ့ရှိကြတယ်။အဲဒီလို ထိုင်ကြရင် သူပြောလေ့ရှိတာက ခုခေတ်လူငယ်တွေဟာ စာဖတ်အားနည်းတဲ့အကြောင်း စာမဖတ်ကြတဲ့အကြောင်း ၊ အားကစား တွေဘာတွေလည်း သိပ်မလုပ်ကြတဲ့အကြောင်း အဲဒါတွေရေးစမ်းပါ ကိုဘအေးရာဆိုပြီးအမြဲပြောတယ်။သူပြောတာ ဟုတ်တော့ လည်းဟုတ်တယ်။ သူ့သားသမီး၊ ကိုယ့်သားသမီး စာဖတ်အားနည်းကြတာတော့ အမှန်ပဲ။ တစ်ခြားစာတွေဖတ်ဖို့ အသာထားဦး အိမ်မှာကြေးမုံနဲ့ ဒီမိုကရေစီတူဒေးသတင်းစာ နှစ်စောင်ယူတယ်။ သတင်းစာကို စိတ်ဝင်တစားဖတ်တာမျိုး မတွေ့ဘူး။ အားရင် တယ်လီဖုန်းနဲ့ Tablet ပဲကလိနေတာ။ အင်တာနက်ကြည့်တယ်။ ကြိုက်တာရှိရင် ဒေါင်းလုတ်ဆွဲတယ်။ အင်တာနက်မှာလည်း သတင်းတို့ ဗဟုသုတရစရာတို့ ဖတ်တာမဟုတ်ဘူးနော်။ ကိုရီးယားသီချင်းတွေ ကြော်ငြာတွေအများဆုံးအဲဒါတွေပဲ။ အင်္ဂလိပ် သီချင်းအချို့လည်းပါတယ်။ သူငယ်ချင်းတွေနဲ့ zapyaနဲ့ အပြန်အလှန်ကူးထားတဲ့ ဂိမ်းတွေဆော့တယ်။ စာဆိုလို့ကျောင်းစာတစ်ခု ပဲ။ ဒါတောင် တစ်ခါတလေတီဗွီမှာ အာရုံများနေလို့ ကျောင်းစာလုပ်ဖို့ နှိုးဆော်နေရတယ်။ အားကစားဆိုတာကတော့ ကျူရှင်ကို အပြေးအလွှားသွားရတာပဲ အားကစားလို့ပြောရမလားမသိဘူး။

လူငယ်တွေ အပါအဝင် ခုခေတ်လူတော်တော်များက စာမဖတ်ကြတော့တာအမှန်ပဲ။ နယ်ဘက်က သတင်းတစ်ခုအရဆိုရင် အမာခံစာဖတ်ပရိသတ်တွေဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေအကြားအပျော်ဖတ်နဲ့ ရသစာပေတွေအပေါ်မှာ စိတ်ဝင်စားမှု လျော့ပါးလာတဲ့အတွက် စာပေဖြန့်ချီရေးနဲ့ အငှားဆိုင်လုပ်ငန်းတွေ ၊ အရောင်းအငှားထက်ဝက်လောက် ကျဆင်း သွားတယ်လို့ သိရပါတယ်။ စာအုပ်အငှားဆိုင်တွေအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ငှားအား ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်တွေရှိတဲ့ မြေလတ်ပိုင်းမြို့တစ်မြို့က စာပေစာအုပ်အငှားဆိုင် လုပ်ငန်းရှင်တစ်ဦးက တက္ကသိုလ်အသီးသီးကကျောင်းသားအများစုကို မှီခိုအားပြုနေရတဲ့ အခြေအနေမှာ ကျောင်းသားအင်အား စုရဲ့ထက်ဝက်ခန့်ဟာ စာအုပ်စာပေအပေါ် စိတ်ဝင်စားမှု သိသိသာသာ လျော့နည်းသွားပြီး အင်တာနက် ၊ ဂိမ်းတွေ ၊ လူမှုကွန်ရက်စာမျက်နှာတွေ ၊ Chatting ထိုင်တာနဲ့ Youtube အပေါ်စွဲလမ်းမှုတွေ၊ Mobile နှင့် Wif iခေတ်ဆန်းကာလတွေ သတင်းသိလိုမှုနယ်ပယ် ကျယ်ပြန်လာတာတွေကြောင့်လို့ ထင်မြင်မိကြောင်းပြောပါတယ်။

စာပေဖြန့်ချီရေးပိုင်ရှင်တစ်ဦးကလည်း အစိုးရကဘတ်ဂျက်ချပေးတဲ့ စာကြည့်တိုက်တွေအတွက် သူ့ဆိုင်ကိုလာဝယ်ကြတာတွေ ရှိကြောင်း ၊ အငှားဆိုင်တွေရဲ့ ဝယ်လိုအားကတော့ သိသိသာသာကျသွားကြောင်း၊ ရောင်းအားဘယ်လိုပဲဖြစ်ဖြစ် ဖြန့်ချီရေးဆိုင် တစ်ဆိုင်အနေနဲ့ သုတ၊ ရသစုံအောင်တော့ တင်ပါကြောင်း၊လစဉ်ထုတ်မဂ္ဂဇင်းလိုင်းတစ်ချို့နဲ့ ဝတ္ထုလိုင်းကတော့ ရောင်းအားကျ သွားကြောင်း မြို့ပေါ်မှာရပ်တည်လို့ရတဲ့ အငှားဆိုင်တွေကတော့ အိမ်နဲ့ဆိုင် ကိုယ်ပိုင်ရှိနေတာကြောင့် ဖြစ်ကြောင်းနဲ့ ဆိုင်ခန်းငှားလုပ်တဲ့သူတွေကတော့ ရေရှည်မှာအဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။ စာပေဖြန့်ချီရေးလုပ်ငန်းရှင်တွေ အနေနဲ့ အမာခံစာအုပ်အငှားဆိုင်လေးတွေ ရပ်တည်နိုင်ရေးအတွက် အကြွေးစနစ် ၊ အရစ်ကျစနစ် ၊ ငှားပြီးငွေပေါ်ပေးစနစ်တွေနဲ့ ပေးထားရမှုများ ရှိနေဆဲအချိန်မှာ ဂျာနယ်ဖြန့်ချီရေးလုပ်ငန်းကို စာပေအသက်ကူ လုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေ ရကြောင်း၊စာဖတ်ခြင်းရဲ့ အရသာကိုခံစားတတ်သူများလာမှသာ မိမိတို့ဘဝရပ်တည်ရေး အဆင်ပြေမှာဖြစ်ကြောင်း စာပေဖြန့်ချီ ရေးနှင့် အငှားဆိုင်လုပ်ငန်းလုပ်ကိုင် သူတွေဆီကပြောကြားတာတွေ့ရပါတယ်။ဒီအခြေအနေဟာ အရပ်တစ်ခုဒေသတစ်ခု တည်းကပဲ ကြုံတွေ့နေရတာမဟုတ်ပဲ တစ်နိုင်ငံလုံးကစာအုပ်ဆိုင်တွေ အငှားဆိုင်တွေရဲ့အဖြစ်ကို ထင်ဟပ်ပြနေတာ ပဲဖြစ်ပါတယ်။

အလိမ္မာစာမှာရှိဆိုတဲ့စကားဟာ အလကားဆိုထားတာ မဟုတ်ပါဘူး။ စာများများဖတ်တဲ့ သူဟာ အကောင်းအဆိုးအမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်သူဖြစ်ပြီး လိမ္မာရေးခြားရှိလာမှာအမှန်ပါပဲ။ နောက်ပြီး အမြော်အမြင်ရှိပြီး ဗဟုသုတအရာ မှာလည်း သူများထက်ပိုသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်းစာအုပ်စာပေလူ့မိတ်ဆွေလို့ဆိုတာမဟုတ်လား။ နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့အတိုင်း နှုတ်ကဘယ်လောက်ပြောပြော တင်ပြီးကျန်ခဲ့တာမရှိဘူး။ စာကတော့ အက္ခရာတင်ပြီး ကျန်တယ်။ စာရေးဆရာကြီးတွေရဲ့ စာတွေဖတ်ပြီးတော့ လိမ္မာလာကြတယ်။ ဘယ်လိုပဲကွန်ပျူ တာတွေ၊ လက်ပ်တော့တွေ၊ တက်ဘလက်တွ၊ ဖုန်းတွေနဲ့ online ကနေစာဖတ်လို့ရတယ်ပြောပြော စာအုပ်ကိုဖတ်ရတာနဲ့ မတူပါဘူး။ အဲဒီအိုင်တီပစ္စည်း တွေကနေ ကြာကြာမဖတ်နိုင်သလို မိမိရဲ့မျက်လုံးကိုလည်းထိခိုက်နိုင်ပါတယ်။ စာအုပ်ဖတ်တာဟာ တစ်ချို့ဆွဲဆောင်မှု ကောင်းလွန်းလို့ လက်ကမချချင်အောင် ဖြစ်ရတယ်လို့တောင် ဆိုကြပါတယ်။ဒါပေမယ့် စာအုပ်ကိုလည်း တောက်လျောက် အကြာကြီးမဖတ်သင့်ပါ။ မျက်လုံးကိုအနားပေးပြီးမှ ဖတ်သင့်ပါတယ်။ လူကြီးမိဘတွေကဖြစ်စေ၊ အချင်းချင်းဖြစ်စေ၊ ဘယ်စာကတော့ကောင်းတယ်၊ ဘယ်စာကတော့ မကောင်းဘူးဆိုပြီးညွှန်ပြပေးရပါမယ်။

အခုလ ၂၃ရက်နေ့က ရန်ကုန်မြို့  မြို့တော်ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ ဒေါက်တာခင်မောင်ညွန့်ပြောခဲ့တဲ့ မှတ်သားဖွယ် သဘောထားအမြင်လေး ကိုလည်းတင်ပြ ချင်ပါတယ်။ ဆရာက“ယနေ့လူငယ်တွေရော၊ လူလတ်တွေကိုရောမှာချင်တာကကျောင်းစာလည်းဖတ်ကြပါ။ အပြင်စာလည်း ဖတ်ကြပါ။ သတင်းစာလည်းဖတ်ကြပါ။ စာရေးပြီးပို့လို့ ဘယ်စာစောင်မှမပါရင် စိတ်မပျက်ပါနဲ့။ အောင်မြင်မှုဆိုတာ ချက်ချင်း မရနိုင်ဘူး။ ရေးရင်းရေးရင်းနဲ့ စာရေးဆရာဖြစ်လာပါလိမ့်မယ်။ နောက်ပြီးစာတမ်းဖတ်ပွဲတွေ တက်ကြပါ။ စာတမ်းဖတ်ပွဲကနေ ဗဟုသုတတွေ အများကြီးရနိုင်တယ်။ နောက်ပြီးမှာချင်တာက တိုင်းပြည်နဲ့လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ဘယ်တော့မှ သစ္စာ မဖောက်ကြပါနဲ့။ လူငယ်တွေ တိုးတက်တယ်ဆိုတာ တိုင်းပြည်အားကိုဖြစ်စေပါတယ်။ တိုးတက်မှုကို ကောင်းတဲ့ဘက်က အသုံးချစေချင်တယ်”လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါ အဲဒီပွဲမှာပဲ စာရေးဆရာကြီးသောကြာမောင်ကလေးက လည်း “ပဖဗဘမ” ဗျည်း ၃၃လုံးရှိတဲ့ အထဲက “ပဖဗဘမ”ကိုပြောပြချင်တယ်။ “ပ”မပျင်းနဲ့ ပျင်းရင် “ဖ”ဖျင်းတတ်တယ်။ ဖျင်းပြီးရင် “ဗ”ဗလာနတ္ထိ၊ ဘာမှမရှိဖြစ်တတ်ပါတယ်။ ဗလာနတ္ထိဘာမှမရှိရင် “ဘ”ဘေးကိုရောက်တတ်ပါတယ်၊ ပျင်းမယ်၊ ဖျင်းမယ်။ ဗလာနတ္ထိဘာမှမရှိရင်တော့ဘေးကိုရောက်ပြီး “မ” မြောင်းထဲကျတတ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေရော မျိုးဆက်ဟောင်းတွေရောကို ပြောချင်တာက ကျန်းမာတုန်းမှာဆေးစားပါ။ ရှိနေတုန်းမှာချွေတာပါ။ အားနေတုန်းမှာစာဖတ်ပါလို့ ပြောချင်ပါတယ်လို့ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာ စာမတတ်သူပပျောက်ရေးကို ကြိုးပမ်းလုပ်ဆောင်နေသလို ပြည်သူလူထု စာဖတ်ရှိန် မြင့်မားလာဖို့အတွက် ကျေးရွာတွေအထိကို စာကြည့်တိုက်တွေ ထူထောင်ပေးနေပါတယ်။ ဒါ့အပြင် ပြန်ကြားရေနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက လူစည်ကားရာနေရာတွေဖြစ်တဲ့ ကားဂိတ်တွေ၊ ဘူတာရုံတွေနဲ့ ဈေးစတာတွေမှာ စာပေရေချမ်းစင်တွေ ထားပေးတာကိုလည်းတွေ့ရပါတယ်။ လူတွေအနေနဲ့ စာပေတွေကို စိတ်ဝင်တစားဖတ်ကြဖို့ဘဲလိုပါတယ်။ ရတဲ့အချိန်လေးမှာ ရသလို ဖတ်ကြရပါမယ်။ မအားလို့ အချိန်မရလို့ဆိုပြီး စာမဖတ်ဖြစ်တာ စာမဖတ်ကြတာဟာ ဆင်ခြေပေးတာသက်သက်ပဲ ဖြစ်ပါတယ်။ အားနေရင်စာဖတ်ပါဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုဘအေးရေးဖူးပါတယ်။ ဂျပန်နိုင်ငံဟာ တိုးတက်တာလည်း မပြောနဲ့ ဂျပန်တွေဟာအားနေရင် စာဖတ်ကြတဲ့ လူမျိုးတွေလို့ ကြားဖူးတယ်။ ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေရင်း စာဖတ် တယ်။ ကားစီးသွားရင်းနဲ့ ကားပေါ်မှာစာဖတ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကြီးပွားတိုးတက်ကြတာပေါ့။
အသိဉာဏ်ပညာကိုစာပေကနေရရှိပါတယ်။ စာပေတင့်မှ လူမျိုးမြင့်မယ်ဆိုတဲ့ စကားအတိုင်းကို ဘအေးတို့တွေဟာ စာပေကို တင့်တယ်အောင်မြှင့်တင်ရင်း မြင့်မြတ်ကြီးပွားတဲ့ လူမျိုးတွေဖြစ်အောင် ကြိုးစားကြရပါမယ်ဆိုတာကို လူငယ်တွေ စာဖတ်အား တိုးတက်ဖို့နိုးဆော်ရင်း စာဆိုတော်နေ့အထိ်မ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *