News

Hino အမှတ်တံဆိပ် ကုန်တင်ယာဉ်များ ဖြန့်ချိရန် Yoma Strategic နှင့် Japan နိုင်ငံမှ Sumitomo Corporation တို့ ပူးပေါင်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတွင် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေသော စင်ကာပူနိုင်ငံ စတော့အိပ်ချိန်းစာရင်းဝင်၊ Yoma Strategic Holdings Ltd. သည် မြန်မာနိုင်ငံတွင် Hino အမှတ်တံဆိပ် ကုန်တင်ယာဉ်များနှင့် လူစီးဘတ်စ်ကားများ ဖြန့်ချိရေးနှင့် ပြင်ဆင် ကြံ့ခိုင်ရေးဆောင်ရွက်မှု လုပ်ငန်းကို ဂျပန်နိုင်ငံမှ ထိပ်တန်းကုန်သွယ်မှုလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် Sumitomo Corporation နှင့် အကျိုးတူ ဖက်စပ်ဆောင်ရွက်ရန် အဆိုပြုလိုက်ပြီဖြစ်ပါသည်။

ဤဖက်စပ်လုပ်ငန်းသည် သက်ဆိုင်ရာအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်အပေါ် မူတည်လျက်ရှိပြီး၊ ၆၀ ရာခိုင်နှုန်းကို Sumitomo Corporation ကလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို Yoma Strategic ၏ လက်အောက်ခံကုမ္ပဏီ ဖြစ်သည့် Elite Matrix ကလည်းကောင်း၊ ကျန် ၂၀ ရာခိုင်နှုန်းကို Serge Pun & Associates  အုပ်စုဝင်ကုမ္ပဏီဖြစ်သည့် First Myanmar Investment Co Ltd. ကလည်းကောင်း အသီးသီး ပိုင်ဆိုင်ကြမည်ဖြစ်သည်။

ဤဖက်စပ်လုပ်ငန်းတွင် Yoma Strategic မှ ရင်းနှီးမြှုပ်နှံခြင်းသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း သည် Sumitomo Corporation နှင့် Yoma Strategic Holdings Ltd. နှင့် First Myanmar Investment Co., Ltd. တို့ ပါဝင်သည့် SPA ကုမ္ပဏီအုပ်စုတို့အကြား ကာလကြာရှည်စွာ တည်ရှိခဲ့ပြီးဖြစ်သည့် မိတ်ဖက်ဆောင်ရွက်ခဲ့မှုတွင် အသစ်ဆုံးသော ဆောင်ရွက်မှု ဖြစ်ပါသည်။

Hino Motors သည် Toyota Motor Corporation ၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင် အကြီးစားနှင့် အလတ်စား ကုန်တင်ယာဉ်များ အများဆုံးထုတ်လုပ်နေသည် ကုမ္ပဏီဖြစ်ပါသည်။ အရှေ့တောင်အာရှနှင့် သြစတြေးလျတို့တွင် အတော်အတန်ကြီးမားသော ဈေးကွက်ဝေစုကို ရရှိထားသည့် Hino အမှတ်တံဆိပ် မော်တော်ယာဉ်များသည် အရည်အသွေးကောင်းမွန်မှု၊ တာရှည်ခံနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုတို့တွင် နာမည်ကောင်းဖြင့် လူသိများကျော်ကြားပါသည်။ နှစ်စဉ်ကမ္ဘာအနှံ့ ရောင်းချလျက်ရှိသည့် Hino အမှတ်တံဆိပ် ယာဉ်အစီးရေ သည် ၁၃၀,၀၀၀ ခန့် ရှိပါသည်။ ဂျပန်နိုင်ငံတွင် Hino အမှတ်တံဆိပ် အကြီးစား၊ အလတ်စား ကုန်တင်ယာဉ်များကို လူကြိုက်များသည်သာမက အငယ်စားကုန်တင်ယာဉ်များကိုလည်း တဖြည်းဖြည်း လူကြိုက်များ လာပြီဖြစ်ပါသည်။

ယခုနောက်ဆုံး Sumitomo Corporation နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Andrew Rickards က “Hino အမှတ်တံဆိပ် ကုန်တင်ယာဉ်တွေနဲ့ ဘတ်စ်ကားတွေကို မြန်မာနိုင်ငံမှာ ဖြန့်ချီဖို့နှင့် ပြင်ဆင်ကြံ့ခိုင်မှုဆောင်ရွက်ပေးနိုင်ဖို့ Sumitomo Corporation နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အလားအလာအပေါ် ကျွန်တော်တို့ အပြည့်အဝယုံကြည်မှုရှိပါတယ်။ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အတူ အကြမ်းခံပြီး ဝန်စည်စလှယ်တင်နိုင်မှု အားကောင်းတဲ့ ကုုန်တင်ယာဉ်တွေ ဝယ်လိုအား တိုးတက်လာတာ တွေ့မြင်ရပါတယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း ထိန်းထားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

မြို့ပြဖွံ့ဖြိုးမှု ဆက်လက်ဖြစ်ပေါ်ပြီး၊  ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးလာတာနဲ့အမျှ၊ အထူးသဖြင့် မြို့ကြီးများအကြား ကူးလူးသွားလာတဲ့အခါ၊ ခရီးဝေးသွား အဆင့်မြင့်ဘတ်စ်ကားကြီးတွေ ဝယ်လိုအားလည်းတက်လာမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်တွေ ဝယ်လိုအား တဟုန်ထိုး တိုးမြင့်လာတာရဲ့နောက်မှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းကြီးအများအပြားက မြန်မာနိုင်ငံ ဈေးကွက်ကို မျက်စိကျနေကြပါတယ်။ မြန်မာနိုင်ငံရဲ့မော်တော်ယာဉ်လုပ်ငန်းမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖို့ ရေရှည်အစီအစဉ်တွေနဲ့အညီ ကျွန်တော်တို့ရဲ့ မော်တော်ယာဉ်လုပ်ငန်းဌာနကို ခိုင်မာ လာအောင်ကြိုးပမ်းရာမှာ အခုလိုပူးပေါင်း ဆောင်ရွက်မှုဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်ရပ်စတင်လိုက်တာ ဖြစ်တယ်လို့ ကျွန်တော်တို့  အခိုင်အမာ ယုံကြည်ထားပါတယ်” ဟုပြောကြားခဲ့ ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *