News

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် တက်ရောက်ခွင့် ရရှိမည့် ကျောင်းသားကျောင်းသူများစာရင်း နို၀င်ဘာတွင် ထုတ်ပြန်မည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက်ထူးချွန်သည့်ကျောင်းသားကျောင်းသူများသာ တက်ရောက်ခွင့်ရရှိမည့် ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်၀င်ခွင့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး ရှိရွေးချယ် ခံရမည့်ကျောင်းသား၊ ကျောင်းသူ စာရင်းများအား နို၀င်ဘာ လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေး၀န်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

အဆိုပါရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာတက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ အာဆီယံပညာရေးကွန်ရက်မှ ထောက်ပံ့ကြေးများရရှိခြင်း၊ တက္ကသိုလ်အဆောင်များတွင်နေထိုင်ခွင့်နှင့် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်အပါအ၀င် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ထား၍ အခွင့်အလမ်းများစွာ ရှိနေမှုတို့ကြောင့် ယင်းတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရန် စောင့်ဆိုင်းနေ ခြင်းဖြစ်သည်။

ထို့အတွက် ပြည်နှယ်နှင့်တိုင်းဒေသကြီး အသီးသီးမှလာရောက် လျှောက်ထားကြသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သက်ဆိုင်ရာဘာသာရပ် များဖြစ်သည့်ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည့် ဝိဇ္ဇာဘာသာရပ်များအတွက် ရမှတ် ၄၃၀၊ သိပ္ပံဘာသာတွဲများတွင် ရမှတ်၄၉၀၊ အင်္ဂလိပ်ဘာသာရပ် အတွက်ရမှတ် ၅၀၀၊ မြန်မာဘာသာရပ် အတွက်ရမှတ်၄၅၀ ဖြင့်ဘာသာရပ်တစ်ခုလျှင် ထူးချွန်သည့် ကျောင်းသားကျောင်းသူ ၁၅ဦးစီ ဖြင့်ရွေးချယ်ခေါ်ယူမည်ဖြစ်ကြောင်း တက္ကသိုလ် ၀င်ခွင့်စိစစ်ရေး အဖွဲ့မှ ကြေညာထားသည်။

ရန်ကုန်တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၀၀ နှင့် မန္တလေး တက္ကသိုလ်တွင် ၃၀၀ဖြင့် ရွေးချယ်ခေါ်ယူ ပြီးပထမနှစ်သင်တန်းမှစကာ လေးနှစ်ကြာမြင့်မည် ဖြစ်ပြီး ပါရဂူဘွဲ့အထိသင်ကြားပေးသည်ဟု သိရသည်။

“ဒီရန်ကုန်၊မန္တလေး တက္ကသိုလ်၀င်ခွင့်အတွက် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေ ကိုလာမယ့် နို၀င်ဘာလဆန်းမှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးကနေ ၀င်ခွင့်လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို စစ်ဆေးနေပါပြီ၊ တက္ကသိုလ်၀င်ခွင့် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မကြာမီတက်ရောက်နိုင်တော့ မှာဖြစ်ပါတယ် “ဟုပညာရေး ၀န်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦး ကပြောပြခဲ့သည်။

အောက်မြန်မာပြည်ဒေသများမှ ကျောင်းသားကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီး အထက်မြန်မာပြည် ကျောင်းသားကျောင်းသူများက မန္တလေးတက္ကသိုလ် တွင်လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တက္ကသိုလ်တွင်ဝိဇ္ဇာနှင့် သိပ္ပံဘွဲ့သင်တန်းများ ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီးလက်ရှိတွင် အနိမ့်ဆုံး ဝိဇ္ဇာနှင့် သိပ္ပံဘွဲ့တစ်ခုခု ရရှိထားသူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေကာ ဘွဲလွန်ဒီပလိုမာ သင်တန်းများ၊ မဟာဘွဲ့လွန်သင်တန်းများ၊ မဟာသုတေသနဘွဲ့ သင်တန်းများနှင့် ပါရဂူဘွဲ့ သင်တန်းများ ကိုဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသည် ဟုသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *