Lifestyle, News, Travel

မြန်မာနိုင်ငံတွင်းရှိနေသည့်အမေရိကန် နိုင်ငံသားများ နှင့်လာရောက်လည်ပတ်သူများအား အမေရိကန်သံရုံးမှ အသိပေးထုတ်ပြန်

မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် အမေရိကန်နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ် စာမျက်နှာများမှတဆင့် အောက်တိုဘာ ၁၅ရက် ညနေပိုင်းကထုတ်ပြန်ခဲ့သည်ဟုသိရသည်။

အဆိုပါသတိပေးစာတွင် မြန်မာနိုင်ငံ၌ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် သတိရှိကြရန်နှင့် အဆိုပါပေါက်ကွဲမှုများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ်မရှိသော်လည်း လူစည်ကားရာဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ပတ်၀န်းကျင်အား သတိထားစောင့်ကြည့်ကြရန် အဆိုပါသတိပေးစာတွင် တိုက်တွန်းထားသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံတစ်၀န်း ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါသတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ်ကိစ္စများအား တွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရမှပြောင်းရွှေ့ကြရန် အမေရိကန်သံရုံးက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး၀န်ဆောင်မှုဖြစ်သည့် Smart Travel Enrollment Program (STEP) တွင် www.Travel.State.Gov မှတစ်ဆင့်စာရင်းပေးသွင်းသင့်ကြောင်းပြောကြားထားပြီး အင်တာနက်အသုံးပြုရန်ခက်ခဲပါက နီးစပ်ရာအမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်၀န်ရုံးများတွင် စာရင်းပေးသွင်းရန်တိုက်တွန်းထားသည်။

ယင်းသတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်ဟုသိရပြီး အမေရိကန်နိုင်ငံသူတစ်ဦးအပါအ၀င် ဒဏ်ရာရသူများရှိခဲ့ကြောင်း အဆိုပါသတိပေးချက် တွင်ဖေါ်ပြထားသည်ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *