News

ဗုံးများတွေ့ရှိနေမှု တမင်လုပ်ဆောင်နေခြင်းဖြစ်၍ ထောင်ချောက်ထဲမ၀င်ရောက်မိစေရန် သတိပေး

ရန်ကုန်မြို့နှင့်မန္တလေးမြို့ကြီးများအပါအ၀င် နေရာတော်တော်များများ၌ ဗုံးများတွေ့ရှိနေခြင်းသည် ပြည်သူများအကြား အကြောက်အလန့်နှင့် လှုပ်လှုပ်ရှားရှားဖြစ်စေရန်အတွက် တမင်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည့်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၅ရက်က ေ၀ဖန်ပြောကြားလိုက်သည်။

ထိုသို့ဗုံးများတွေ့ရှိနေရခြင်းကြောင့် ပြည်သူများကြောက်လန့်မှုများ ဖြစ်ပွားအောင်လုပ်နေခြင်းကြောင့် စိုးရိမ်လွန်ကဲမှုမဖြစ်စေပဲ လမ်းလွဲသို့ရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်မိစေရန် သတိထားဖို့လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြည်သူတွေကစိုးရိမ်တာတော့ စိုးရိမ်တာပေါ့။ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့။ ဒါပေမဲ့ အမေကတော့ယုံကြည်တယ်။ အမေတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့စဉ်းစားတတ်မှာပါ။ ဒါတွေကတမင်ပေါ့နော်။ လှုပ်လှုပ်ရှားရှားဖြစ်အောင်လို့ ဆွတာဆိုတော့ အဲ့ဒီထောင်ချောက်ထဲ၀င်မသွားဖို့လိုတယ်။ ပြည်သူတွေက ခေါင်းအေးအေးနဲ့စဉ်းစားတတ်ဖို့ပဲလိုတယ်။ ဒါကိုသတိတော့ထားရမှာပေါ့။ စိုးရိမ်မှုလွန်ကဲနေလို့တော့ဘယ်ဖြစ်မလဲ။ လူများတဲ့နေရာသွားရင် အန္တရာယ်ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။ သတိရှိတာတော့မမှားပါဘူး ဒါပေမယ့် အစိုးရိမ်လွန်နေလို့တော့လည်းမကောင်းဘူး။ ဘာပဲပြောပြော မဇ္စျိမပဋိပဋာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ဗုံးပေါက်ကွဲမှုများ ဗုံးတွေ့ရှိသည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုပေါ် အာရုံပြောင်းစေရန်အဖွဲ့အစည်းတစ်ခုခုကလုပ်ဆောင်နေသည်ဟု ထင်ပါသလားမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ” အဲ့ဒါလည်းဖြစ်နိုင်တာပေါ့။ ပြောလို့တော့မရဘူပေါ့နော်။ ဒါကအုပ်ချုပ်ရေးဆိုင်ရာက ဘယ်သူတွေလုပ်လဲဆိုတာဖော်ထုတ်ပေးမှ ဖြစ်မှာပေါ့။ မှန်းခြေနဲ့သိပ်စဉ်းစားနေရင် တစ်ခါတစ်လေ မဖြစ်သင့်တာတွေဖြစ်သွားလိမ့်မယ်။ တင်းမာမှုတွေဖြစ်သွားနိုင်တယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။

ထိုပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက “ဒါကတော့ ဗုံးခွဲတဲ့အဖွဲ့အစည်းဆိုမှတော့ ခင်ဗျားတို့စဉ်းစားကြည့်ပေါ့။ ဗုံးတွေနဲ့နီးစပ်တဲ့အဖွဲ့အစည်းပဲဖြစ်မှာပေါ့” ဟု ဗုံးများတွေ့ရှိနေရခြင်းမှာ မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်နေသည်ဟု ယူဆ၍ရပါသနည်းဟူသောမေးခွန်းကို ဖြေကြားခဲ့ပြီး ပြည်တွင်းပြည်ပမှဆိုသည်မှာ စစ်ဆေးမှုပေါ်ပေါက်လျှင် သိရှိနိုင်မည်ဟု ဖြေကြားခဲ့ကြောင်းဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “ဗုံးများတွေ့ရှိနေမှု တမင်လုပ်ဆောင်နေခြင်းဖြစ်၍ ထောင်ချောက်ထဲမ၀င်ရောက်မိစေရန် သတိပေး

  1. Thi Ha Aung says:

    ဘာတွေလဲ ဖတ်လို့လဲမရဘူ

    1. Kyaw San Tun says:

      mozilla browser အသုံးပြုတယ်ဆိုရင် Tools ထဲက Option ရွေးလိုက်ပါ။ ပြီးရင် Content ထဲက Default font မှာ Myanmar3 ကိုရွေးလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Computer ထဲမှာ Myanmar3 fonts ရှိပို့လိုအပ်ပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *