News

ကမ္ဘာ့သန့်စင်ခန်းနေ့ သတ်မှတ်

သန့်စင်ခန်းများသည် လူသားတို့အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး သန့်စင်ခန်းများ၏ အရေးကြီးပုံကို အသိအမှတ်ပြုသောအားဖြင့် တစ်နှစ်တွင် တစ်ရက်ကို သန့်စင်ခန်းနေ့အဖြစ် သတ်မှတ်ပေးရန် အဆိုကို ကမ္ဘာ့ကုလသမဂ္ဂမှ စိတ်ပါလက်ပါ သဘောတူညီခဲ့ပြီး နိုဝင်ဘာလ ၁၉ရက်နေ့ကို ကမ္ဘာ့သန့်စင်ခန်းနေ့အဖြစ် မကြာသေးမီက ကြေညာပေးခဲ့သည်ဟု သိရသည်။

ထိုသို့ သန့်စင်ခန်းနေ့အဖြစ် သတ်မှတ်ပေးရန် အဆိုကို စင်ကာပူနိုင်ငံ ကိုယ်စားလှယ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့် ထိုကိစ္စရပ်အား ပြက်ရယ်ပြုကြမည်ဆိုလျှင်လည်း ဂရုမစိုက်ဟု ဆိုသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထိုကိစ္စကို မဲပေးဆုံးဖြတ်ခြင်း မပြုမီအချိန်က ကုလသမဂ္ဂအနေနှင့် ကမ္ဘာသန့်စင်ခန်းနေ့ ကြေညာပေးလျှင် သတင်းမီဒီယာများနှင့် လူထုအတွင်း ပြက်ရယ်ပြုသူများ ကျိန်းသေရှိနေလိမ့်မည် ဖြစ်ကြောင်း၊ စင်ကာပူသံရုံးယာယီ တာဝန်ခံမာ့ခ်နေယိုက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှုးချုပ် ဂျန်အယ်လီဆင်က စင်ကာပူ၏ လုပ်ဆောင်ချက်ကို ချီးကျူးလိုက်ပြီး ကမ္ဘာ့သန့်စင်ခန်းများအဖွဲ့က ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့ကတည်းက ကမ္ဘာ့သန့်စင်ခန်းနေ့ကို ကျင်းပခဲ့ကြောင်း ပြောကြားလိုက်သည်ဟု သိရသည်။

ကမ္ဘာ့သန့်စင်ခန်းနေ့ဆိုသည်နှင့် ကြားရသူအပေါင်းက ကြံကြီးစည်ရာကွာ..သန့်စင်ခန်းနေ့ရယ်လို့ ရှိရသေးတယ်ဆိုပြီး ရယ်ပွဲဖွဲ့ချင်ကြလိမ့်မည်။ အမှန်တကယ်အားဖြင့် လူသားတို့၏ ပုံမှန်နေထိုင်မှုဘဝတွင် သန့်စင်ခန်းများ အရေးပါမှုကို အလေးမထားချင်ကြ၍ ဖြစ်ပေလိမ့်မည်။ ယခုထက်တိုင် မြန်မာနိုင်ငံ၏ ကျေးလက်တောရွာ ဒေသအချို့တွင် တောထိုင်သည့် ဓလေ့ရှိကြတုန်းပင်။ တောထိုင်သည်ဆိုသည်မှာ ရွာသားများသည် အခင်းကြီး၊ အခင်းငယ် သွားချင်သည့်အခါ နေအိမ်နှင့် ဝေးရာတောအစပ် ခြုံပုပ်များထဲတွင် သွားလာကြခြင်း ဖြစ်သည်။ ယင်းဓလေ့စရိုက်သည် လွန်စွာမှပင် နိမ့်ကျလှသော အပြုအမူတစ်ခု ဖြစ်ပေသည်။ ကူးစက်ရောဂါ ပြန့်ပွားမှုများ ဖြစ်နိုင်သဖြင့် ကျန်းမာရေး အမြင်ဖြင့် ကြည့်လျှင်လည်း မကောင်းပါ။

တချို့ရှိသေးသည်။ သန့်စင်ခန်း တစ်နည်းအားဖြင့် အိမ်သာသည် အညစ်အကြေး စွန့်ပစ်ရာ နေရာတစ်ခု ဖြစ်သည်ဆိုပြီး ညစ်ပတ်စွာ သွားလာထားခြင်းများလည်း ရှိသည်။ သန့်သန့်ရှင်းရှင်းဖြင့် အသုံးမပြုတတ်ကြပါ။ အန္တရာယ်ကို လွယ်မထားနိုင်သည့်အခါတွင် သန့်စင်ခန်း၏ အရေးပါပုံ၊ သန့်ရှင်းနေရန် လိုအပ်ပုံတို့ သိမြင်လာပေလိမ့်မည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *