News

အိန္ဒိယကလေးငယ်တစ်ဦး အလိုအလျောက် မီးတောက်လောင်ဟု ဆို

အလိုအလျောက် မီးတောက်လောင်မှု (SHC)များ ဖြစ်ပွားခဲ့သည်ဆိုသော သုံးလသားအရွယ် အိန္ဒိယ ကလေးငယ်တစ်ဦးသည် ၎င်းတက်ရောက် ဆေးကုသမှု ခံယူနေသည့် ဆေးရုံမှ သြဂုတ်လ ၂၃ရက်နေ့တွင် ပြန်ဆင်းလာပြီဖြစ်ကြောင်း သိရသည်။ ရာဟူးအမည်ရှိ အဆိုပါ ကလေးငယ်သည် ကိုးရက်သား အရွယ်မှစ၍ ဆေးရုံမတင်ဆောင်မီအထိ အလိုအလျောက် မီးတောက်လောင်မှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း မိဘနှစ်ပါး၏ အဆိုကို ကိုးကား၍ နယူးယောက် တိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

အလိုအလျောက် မီးတောက်လောင်မှု လေးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ရာဟူးကို အိန္ဒိယနိုင်ငံ တမီလ် နာဒူးပြည်နယ်ရှိ အစိုးရဆေးရုံသို့ မိဘများက ပို့ဆောင်ပေးခဲ့ရကြောင်း နယူယောက်တိုင်းမ်၏ အဆိုအရ သိရသည်။ ထိုသို့ အလိုအလျောက် မီးတောက်လောင်မှုများကြောင့် မီးဘေးအန္တရာယ် စိုးရိမ်နေကြသော ရွာသူ ရွာသားများက မိမိတို့ မိသားစုကို မောင်းထုတ်ခဲ့ရာ ရွာအနီး ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံခဲ့ရကြောင်း ရာဟူး၏ မိဘများက ပြောကြားသည်ဟု သိရသည်။ သို့ရာတွင် ရာဟူး၏ ကိုယ်ခန္ဓာမှ မီးလောင်လွယ်ဓာတ်ငွေ့များ ထွက်ပေါ်တတ်ခြင်း ရှိမရှိ စစ်ဆေးခဲ့ရာ ပုံမှန်သာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရခြင်းကြောင့် အလိုအလျောက် မီးတောက်လောင်မှုများ ဖြစ်ခဲ့သည်ဟူသော အချက်အပေါ် ဆရာဝန်များက သံသယဝင်ခဲ့ရသည်ဟု ဆိုသည်။

အလိုအလျောက် မီးတောက်လောင်မှု ဖြစ်စဉ်များကို သိပ္ပံပညာရှင် အများအပြားက သံသယအမြင်ဖြင့် ရူမြင်တတ်သော်လည်း မကြာသေးမီကာလများအတွင်း ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ထောက်ခံသူ ပိုများလာကြောင်း၊ နယူးယောက်တိုင်းမ် သတင်းစာအရ သိရသည်။ ဥပမာအားဖြင့် ၂၀၁၁ခုနှစ်အတွင်းက အိုင်ယာလန် နိုင်ငံသားတစ်ဦးသည် အလိုအလျောက် မီးတောက်လောင်မှု ဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း အိုင်ယာလန် သေမှုသေခင်း စစ်ဆေးသူတစ်ဦးက အတည်ပြုခဲ့ဖူးသည်။ အလားတူ ၂၀၁၂ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် သိပ္ပံပညာစာစောင် တစ်စောင်ပါ ဆောင်းပါးတစ်ပုဒ်၏ အဆိုအရ တစ်စုံတစ်ဦး၏ သွေးထဲ၌ မီးလောင်လွယ်သည့် အက်စီတုန်း ဓာတုဖျော်ရည်များ ပါဝင်မှုနှုန်း မြင့်မားပါက အလိုအလျောက် မီးတောက်လောင်တတ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *