ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ WIPO (World Intellectual Property Organization)အဖွဲ့ချုပ်က မြန်မာနိုင်ငံ အပါအဝင် ဖံွ့ဖြိုးဆဲနိုင်ငံများတွင် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေ ရေးဆွဲအကောင်အထည်ဖော်ရေး သတ်မှတ်ချက်ကို နောက်ထပ် ရှစ်နှစ် သက်တမ်းတိုးပေးလိုက်ကြောင်း သိရပါသည်။ မူလက သတ်မှတ်ထားချက်အရ ဉာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို ၂၀၁၃ခုနှစ် ဇူလိုင်လ နောက်ဆုံးထားပြီး ရေးဆွဲ ပြဋ္ဌာန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံ အပါအဝင် အချို့ နိုင်ငံများတွင် သတ်မှတ်ထားသည့် ကာလအတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် နောက်ထပ် ရှစ်နှစ် သက်တမ်း တိုးပေးလိုက်ခြင်း ဖြစ်သည်။
ရွှေ့ဆိုင်းပေးလိုက်သည့် သက်တမ်းအရ ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁ရက်နေ့အထိ ဖြစ်ကြောင်း၊ သို့သော် ထိုနေ့ရောက်မှ ဥပဒေ ပြဌာန်းရမည်ဟု ဆိုလိုခြင်း မဟုတ်ပဲ အဆိုပါ ကာလအတွင်းမျာ ယင်းဥပဒေကို အပြည့်အဝ အသုံးပြုပြီး ဖြစ်နေရမည်ဟု ဆိုလိုကြောင်း၊ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် (စစ်တွေ)က ပြောကြားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို ၁၉၉၅ခုနှစ် ဝန်းကျင်ကာလကတည်းက စတင် ရေးဆွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ခုနှစ်အထိ ၁၈နှစ် ကြာမြင့်အောင် ရေးဆွဲမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးပြတ်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။ ထို့သို့ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ရေးဆွဲခြင်းကို ၁၉၉၅ခုနှစ်မှ ၂၀၀၁ခုနှစ်ကြားကာလအား ရှေ့နေချုပ်ရုံးမှ ဦးဆောင် ရေးဆွဲခဲ့ပြီး ၂၀၀၄-၂၀၀၅ခုနှစ် ဝန်းကျင်ကာလများတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်၍ တတ်သိပညာရှင် အချို့နှင့် ထပ်မံ ရေးဆွဲခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် WTO အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး WIPO၏ သတ်မှတ်ချက်အရ ၁၁နှစ်အတွင်း ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို အပြီးအပြတ် ရေးဆွဲရမည် ဖြစ်သော်လည်း ပြီးပြတ်ခဲ့ခြင်း မရှိကြောင်း သို့ဖြစ်၍ ၂၀၀၅ခုနှစ်တွင် WIPOအဖွဲ့ချုပ်က ၂၀၁၃ခုနှစ် ဇူလိုင်လ နောက်ဆုံးထား၍ ရေးဆွဲရန် အချိန် ၇နှစ်နှင့် ၆လ တိုးပေးခဲ့သော်လည်း ပြီးပြတ်ခြင်း မရှိခဲ့ပါ။ လက်ရှိအချိန်တွင် ဖံွ့ဖြိုးဆဲ နိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့် တစ်ပြေးညီ သတ်မှတ်ခံရသော အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သည့် ကမေ္ဘာဒီးယားနှင့် လာအိုနိုင်ငံတို့တွင် ဉာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် ဥပဒေများကို ရေးဆွဲထားပြီး အသုံးပြုရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။
တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က “ဘာကြောင့် မပြီးသလဲဆိုတဲ့ နေရာမှာ နှစ်ချက် ရှိတယ်။ တစ်အချက်က ဒီဥပဒေက နိုင်ငံရေး၊ အုပ်ချုပ်ရေး ဥပဒေတွေလောက် အရေး မကြီးဘူးလို့ ထင်ခဲ့တယ်။ နောက်တစ်ချက်က ဒီဥပဒေကို ရေးဆွဲဖို့အတွက် ကျွမ်းကျင် ပိုင်နိုင်တဲ့သူ ရှားပါးတာကြောင့် ဖြစ်တယ်။ ဘာကြောင့် ရှားပါးသလဲ ဆိုတဲ့နေရာမှာ အရင်က ရေးဆွဲခဲ့တဲ့ လူကြီးတွေက အငြိမ်းစား ယူကုန်ပြီ၊ တချို့ဆိုလည်း သေကုန်ကြပြီ။ နောက်တက်လာတဲ့သူတွေကလည်း တစ်ယောက်တက်လာရင် တစ်ယောက်က အသစ်ပြန်ပြီး ရေးနေတဲ့အတွက် မပြီးနိုင် ဖြစ်နေခဲ့တာပါ”ဟု ပြောကြားခဲ့သည်။
နိုင်ငံတကာ ကုမ္ပဏီတွေက နိုင်ငံတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သည့်အခါ တစ်အချက်က ယင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေရှိသလား ကြည့်ကြောင်း၊ နှစ်အချက်က အဆိုပါ နိုင်ငံတွင် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေရှိသလား၊ ကြည့်ကြောင်း၊ လောလောဆယ်တွင် ၎င်းဥပဒေ မရှိသေးသည့်အတွက် လှည့့်ပြန်သွားသူတွေ ရှိကြောင်း ဦးသန်းမောင် (စစ်တွေ)က ဆက်လက်ပြောကြားသည်ဟု သိရပါသည်။
Ref: Daily Eleven