Opinion

လင်ရယ်၊ မယားရယ် ဖြစ်မှတော့

အော်စကာ – မင်္ဂလာပါ ဘကြီးဖြိုး။

ဘကြီးဖြိုး
– မင်္ဂလာပါ အော်စကာ။

အော်စကာ – ဒီအပတ်တော့ ဘကြီးဖြိုးကို လက်ထပ်တဲ့အကြောင်း ဆွေးနွေးချင်တယ်။

ဘကြီးဖြိုး
– တယ်ဟုတ်ပါလား။ အော်စကာရဲ့၊ မင်းတော့ လူပျိုကြီးဘဝက ကျွတ်တော့မယ်ထင်တယ်။ Traderလား၊ Sedonaလား။

အော်စကာ
– မဟုတ်ပါဘူး၊ ဘကြီးဖြိုး၊ ကြင်ဖော်ကြင်ဖက်လည်း မတွေ့သေးပါဘူး။ တွေ့ရင်လည်း Trader, Sedonaမှာ လက်မထပ်ပါဘူး။ နှစ်ဖက်လူကြီးမိဘဆွေမျိုးတွေ အသိအမှတ် ပြုစေပြီး တရားရုံးမှာ လက်မှတ်ထိုးလိုက်ရင် ပြီးတာပဲ ဘကြီးဖြိုး။ အကျယ်မချဲ့ပါဘူး။

ဘကြီးဖြိုး – ဒါလည်း ကောင်းပါတယ်။ ဒါပေမယ့် တရားရုံးမှာ လက်မှတ်ထိုးတယ် ဆိုပေမယ့် လက်ထပ်မယ့် မင်္ဂလာ သတို့သားနဲ့ သတို့သမီးတွေက ဘယ်ဘာသာကို ကိုးကွယ်လည်း ဆိုတာလည်း ကြည့်ရတယ်။

အော်စကာ – လက်ထပ်တာနဲ့ ဘာသာအယူဝါဒ ကိုးကွယ်တာနဲ့ ဘာဆိုင်လို့လဲ။

ဘကြီးဖြိုး – မြန်မာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေက မြန်မာ့ဓလေ့ ထုံးတမ်းနဲ့အညီ လက်ထပ်ကြရတယ်။ ဒီလိုပဲ မဟာဗေဒင်ဘာသာ ကိုးကွယ် သူတွေက မဟာဗေဒင်ဥပဒေ၊ ခရစ်ယာန် ဘာသာဝင်တွေက ခရစ်ယာန်ဥပဒေတွေနဲ့ အညီ လက်ထပ်ကြရတယ်။

အော်စကာ – တကယ်တော့ ဘကြီးဖြိုးရယ်၊ လက်ထပ် ထိမ်းမြား အိမ်ထောင်တည်ရေးဟာ ဘာသာရေး ကိစ္စမဟုတ်ဘဲ လူမှုရေးကိစ္စပဲ မဟုတ်လား ဘကြီးဖြိုးရဲ့။

ဘကြီးဖြိုး
– လက်ထပ်ထိမ်းမြား အိမ်ထောင် တည်ရေးသည် ဘာသာရေး ကိစ္စမဟုတ်၊ လူမှုရေး ကိစ္စဖြစ်ကြောင်း ကျွနု်ပ်တို့ နိုင်ငံ၌ အဓွန့်ရှည်ကြာစွာ လက်ခံ ကျင့်သုံးခဲ့ကြသည်။ အနောက်နိုင်ငံများနှင့် ခရစ်ယာန်ဘာသာဝင်များကလည်း ထိုသို့ပင် ပို၍ ယူဆလာကြပြီး ခရစ်ယာန် ဘာသာဂိုဏ်းကြီးများကလည်း အိမ်ထောင်ရေး ကိစ္စများအပေါ် နှစ်ပေါင်းများစွာက ချမှတ်ထားခဲ့သော ပညတ်ချက်များကို ပြန်လည်သုံးသပ်၍ လျော့ပေါ့ခြင်း ရုပ်သိမ်းခြင်းများ ပြုနေကြပြီလို့ ပြည်ထောင်စု မြန်မာနိုင်ငံ (ကိုသန်းငွေ (ခ) ပီ၊ ဂျီ၊ တာရှန်းနှင့် မခင်ရီ၊ အမှုစီရင်ထုံး ၁၉၆၆ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၆၀၇ (၆၁၂)မှာ ရေးဖွဲ့ထားတယ်။

အော်စကာ – မှန်တာပေါ့၊ ဘကြီးဖြိုးရာ၊ အိမ်ထောင်တည်တာဟာ လူမှုရေးကိစ္စပဲ ကျွန်တော် လက်ခံတယ်။

ဘကြီးဖြိုး – အဲဒီစီရင်ထုံးမှာ ထုံးဖွဲ့ ထားတာလေးက မှတ်သားစရာလေး ဖြစ်တယ်။

အော်စကာ – ရှင်းပြပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး – သတို့သားနဲ့ သတို့သမီးတို့ နှစ်ဦးလုံးက ခရစ်ယာန်ဘာသာဝင်တွေလေ၊ လင်မယားအဖြစ် အတူ အိုးအိမ် ထူထောင် ခဲ့ကြတယ်။ ရပ်ရွာကလည်း လင်မယားအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်၊ ၂နှစ်ခန့် ပေါင်းကြပြီး သူတို့အချင်းချင်း မသင့်မတင့်လို့ ခွဲခွာနေထိုင်ကြတယ်။ ဒီတော့ မိန်းမက ယောက်ျားအပေါ်မှာ မယားစရိတ် တောင်းတယ်။

အော်စကာ – မယားစရိတ်ကို ဘယ်လို တောင်းတာလဲ။

ဘကြီးဖြိုး – မယားစရိတ်ကို ရာဇဝတ်ကြောင်းအရ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၈အရ တရားရုံးမှာ လျှောက်ထား တောင်းဆိုတာ ဖြစ်တယ်။

အော်စကာ – တရားမကြောင်းအရလည်း တောင်းဆိုနိုင်တယ်မို့လား။

ဘကြီးဖြိုး – တရားမကြောင်းအရလည်း မယားစရိတ် ရလိုမှု စွဲဆိုတောင်းခံနိုင်တယ်။ တရားမရုံးမှာ စွဲရင် လင်ယောက်ျားရဲ့ အဆင့်အတန်းအလိုက် ဝင်ငွေရဲ့ သုံးပုံတစ်ပုံ မယားစရိတ် ရနိုင်တယ်။ လင်ယောက်ျားက ဒုတိယမယားယူရင်တော့ ပထမမယားက လင်ယောက်ျားဝင်ငွေရဲ့ ၆ပုံ ၁ပုံပဲ ရနိုင်တယ်။

အော်စကာ – ရာဇဝတ်ကြောင်း စွဲရင်ရော မယားစရိတ် ဘယ်လောက် ရနိုင်လဲ။

ဘကြီးဖြိုး – ရာဇဝတ်ကြောင်း စွဲရင် တစ်လလျှင် ကျပ်ငါးသောင်းထက် မပိုတဲ့ငွေကို ရနိုင်တယ်လို့ ပြင်ထားတာ တွေ့မိတယ်။

အော်စကာ – ရာဇဝတ်ကြောင်း တရား စွဲတာန့ဲ တရားမကြောင်း တရားစွဲတာ ဘာကွာလဲ ဘကြီးဖြိုး။

ဘကြီးဖြိုး – ရာဇဝတ်ကြောင်းအရ စွဲတာက အမှုကို မြန်မြန်ကျဉ်းကျဉ်း စစ်ဆေးပြီး လိုအပ်တဲ့ အကူအညီဖြစ်တဲ့ မယားစရိတ်ကို မကြန့်မကြာ စရိတ်စက အကုန်အကျ နည်းနည်းနဲ့ ရနိုင်တယ်။ တရားမကြောင်း စွဲရင်တော့ ရုံးခွန်တော် ထမ်းဆောင်တာ များပြီး ပိုပြီး ကြန့်ကြာတယ်လေ၊ စရိတ်လိုလို့ တရားစွဲတောင်းကာမှ အချိန်သိပ်ကြာနေရင် စားဝတ်နေရေး ခက်တော့တာပေါ့။

အော်စကာ – ခုနက ပြဿနာ ဆက်ရအောင်၊ ရာဇဝတ်ကြောင်းအရ မယားစရိတ် တောင်းတာ ဘယ်လို ဖြစ်သွားလဲ။

ဘကြီးဖြိုး – သတို့သမီးက ဘက်ပတစ်ဂိုဏ်းဝင်ဖြစ်ပြီး သတို့သားက ရိုမင်ကတ်သလစ် ဂိုဏ်းဝင်ဖြစ်တယ်၊ သူတို့ဟာ ခရစ်ယာန် ဂိုဏ်းဝင်များ ဖြစ်ကြတဲ့အတွက် ခရစ်ယာန် လက်ထပ် ထိမ်းမြားရေး အက်ဥပဒေအရ လက်မထပ်ခဲ့လို့ တရားဝင် ဇနီး မဟုတ်တဲ့အတွက် မယားစရိတ် မရထိုက်ဘူးလို့ ယောက်ျားက ထုချေတယ်။

အော်စကာ – အဲဒီတော့ မယားဘက်က ဘာပြောလဲ။

ဘကြီးဖြိုး
– မယားဖြစ်သူက သူတို့ဟာ ခရစ်ယာန်လက်ထပ် ထိမ်းမြားရေး အက်ဥပဒေအရ လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ခဲ့ပေမယ့်၊ မိတ်ဆွေတွေကို ဂရင်းဟော်တယ်ကို ဖိတ်ကြားကျေွးမွေးပြီး အကြင်လင်မယားအဖြစ် အသိအမှတ် ပြုစေခဲ့တယ်။ အကြင်လင်မယားအဖြစ် ၂နှစ်တိုင်တိုင် ပေါင်းသင်းခဲ့ပြီးမှ လင်မယား ရန်ဖြစ်တဲ့အခါ ယောက်ျားက မိန်းမကို အိမ်တွင် မနေနိုင်အောင် ညှင်းပန်း နှိပ်စက်တဲ့အတွက် မယားက ယောက်ျားထံက မယားစရိတ် တောင်းခံခြင်း ဖြစ်ပါတယ်လို့ ပြောတာပေါ့။

အော်စကာ – ယောက်ျားကရော ဘာပြောသေးလဲ။

ဘကြီးဖြိုး – ယောက်ျားက ဧည့်ပရိတ်တွေရှေ့မှာ ထိမ်းမြား လက်ထပ်ကြပြီး၊ အကြင်လင်မယားအဖြစ် အတူ နေထိုင်ခဲ့တာ မှန်ပါတယ်။ လင်မယား ကွဲကွာနေရခြင်းမှာ မယားက သစ္စာမဲ့လို့ စားစရိတ်မရထိုက်လို့ ချေပခဲ့တယ်။

အော်စကာ
– တရားသူကြီးတွေအဖို့ စဉ်းစားရတာပေါ့နော်။

ဘကြီးဖြိုး – အဲဒီတော့ သူတို့ နှစ်ယောက်ဟာ ဧည့်ခံပွဲ ပြုလုပ်ပြီး လူအများက လင်မယားအဖြစ် အသိအမှတ် ပြုခြင်းကိုခံပြီး ၂နှစ်ခန့် အတူနေထိုင်ခဲ့တာ အငြင်း မပွားကြဘူးလေ။

အော်စကာ – မှန်တယ်၊ လင်နဲ့မယား၊ လျှာနဲ့ သွားဆိုသလို ရန်ဖြစ်တာ ဆန်းတာမှ မဟုတ်တာ။

ဘကြီးဖြိုး – လက်ထပ်တုန်း က ခရစ်ယာန် လက်ထပ်ထိမ်းမြားရေး အက်ဥပဒေပုဒ်မ ၄နှင့် ၅အရ ခရစ်ယာန်ဘုန်းကြီး မှတ်ပုံတင် အရာရှိ စသည်တို့ မပါဝင်ခဲ့တဲ့အတွက် တရားဝင် လက်ထပ်ထိမ်းမြားခြင်း မဟုတ်ဘူးလို့ လင်ယောက်ျားရဲ့ ရှေ့နေကြီးကလည်း တင်ပြတာပေါ့။

အော်စကာ – ခရစ်ယာန် လက်ထပ် ထိမ်းမြားရေး အက်ဥပဒေပုဒ်မ ၄နဲ့ ၅ကို အတိအကျ လိုက်နာခြင်း မပြုခဲ့တာတော့ မှန်တာပေါ့နော်။

ဘကြီးဖြိုး – ဟုတ်တယ်၊ ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တာဟာ ယောက်ျားလုပ်သူက နှစ်ဦးကျေနပ် သဘောတူပြီး လူအများ ရှေ့မှာ လက်ထပ်ရင် လင်ခန်းမယားခန်း မြောက်တယ်ဆိုလို့ လက်ခံခဲ့တာလို့ မယားက ပြောတာပေါ့။

အော်စကာ – နှစ်ဖက် အမှုရင်ဆိုင်ကြရင် တရားသူကြီးက အမှန်အမှား ဝေဖန်ပိုင်းခြား ဆုံးဖြတ်ရမှာပဲနော်။

ဘကြီးဖြိုး – မှန်တာပေ့ါ။ အမျိုးသမီးများရဲ့ ဘဝလုံခြုံမှုကို စောင့်ရှောက် ကာကွယ်ဖို့ အစိုးရမှာ လူမှုရေးအရ တာဝန်ရှိတယ်လေ။ Russ v Russ (1962-63)weeldy law Reports 930, eourt of Appeal, 41/ c.w.n 898မှာ အိမ်ထောင်ရေးနှင့် ပတ်သက်သော အတွေးအခေါ်များသည် ခရစ်ယာန်ဘာသာ အများစု ကိုးကွယ်သော နိုင်ငံများ၌ပင် ဘာသာရေးမှ လွတ်ကင်း၍ လူမှုရေး နယ်တွင်းသို့ ချဉ်းနင်း ရောက်ရှိ၍ လက်တွေ့ကျကျ ဖြစ်ပေါ်လျက်ရှိပြီလို့ သုံးသပ်ထားတယ်။

အော်စကာ – တရားရုံးက ဘယ်လို သုံးသပ်လဲ ဘကြီးဖြိုး။

ဘကြီးဖြိုး – အခု မယားစရိတ် တောင်းတာက ရာဇဝတ်ကြောင်းအရ တောင်းတာလေ။ ဒီအမှုမှာ လင်မယား ဟုတ်၊ မဟုတ် ကွဲကွာ၍ နေ၊ မနေ၊ ယောက်ျားဖြစ်သူက အကြောင်း အလုံအလောက် မရှိဘဲ စရိတ်ထောက်ပံ့ရန် ပျက်ကွက်ခြင်း ဟုတ်၊ မဟုတ် စသည်တို့ကို စစ်ဆေးပြီး တရားရုံးက သင့်တော်တဲ့ အမိန့်ကို ချမှတ်ရမှာ ဖြစ်တယ်။ နက်နဲ့ရှုပ်တွေးတဲ့ ပြဿနာတွေ ပေါ်ပေါက်ရင် တရားမရုံးတွေကသာ ထိုပြဿနာကို အပြီးသတ် ဖြေရှင်း ဆုံးဖြတ်ရမှာ ဖြစ်တယ်။

အော်စကာ – အခုဟာက လက်ထပ်တာ ဥပဒေပြဋ္ဌာန်းတဲ့ နည်းလမ်းအတိုင်း မဟုတ်လို့ တရားမဝင်ဘူးလို့ ပြောပေမယ့် ဇနီးဖြစ်သူမှာ တရားဝင် လက်ထပ်၍ မယားအဖြစ် သက်ရောက်စေနိုင်တဲ့ အရည်အချင်း တစ်စုံတစ်ရာ ချို့တဲ့ နေပါတယ်လို့ ဆိုမထားဘူးနော်။

ဘကြီးဖြိုး – ဇနီးဖြစ်သူဟာ အရည်အချင်း ချို့ငဲ့ခြင်း မရှိခဲ့ဘဲ လက်ထပ်တဲ့နေရာမှာ ဘုန်းကြီး သို့မဟုတ် မှတ်ပုံတင် အရာရှိ ရှေ့မှောက်၌ ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းသာ ဖြစ်တယ်။ အဲဒီလို ပျက်ကွက်ခဲ့ရတာကလည်း ယောက်ျားက တရားဝင် လင်ခန်း၊ မယားခန်း မြောက်နိုင်ပါသည် ဆိုသောကြောင့် ဖြစ်ခဲ့ရတာ၊ လူအများရဲ့ ရှေ့မှောက်မှာ လက်ထပ်ခဲ့ကြပြီးနောက် ၂နှစ်ကျော် လင်မယားအဖြစ် အထင်အရှား ပေါင်းသင်း နေထိုင်ခဲ့ကြပြီးပြီ၊ အဲဒီအခြေအနေမှာ လက်ထပ်စဉ်က နည်းလမ်းမကျခဲ့သည်ကို ယောက်ျားက အခွင့်အရေး ယူနိုင်မည်ဆိုလျှင် သဘာဝတရားမျှတမှုနှင့် ဆန့်ကျင် ပေလိမ့်မည် ထိမ်းမြားရေး အက်ဥပဒေကိုပင် အခွင့်အရေးယူရာ ရောက်စေလိမ့်မည်လို့ တရားသူကြီးက သုံးသပ်တာပေါ့။

အော်စကာ – အိုး….မှန်တာပေါ့ဗျာ။ ဒါဆို အမျိုးသမီးက နိုင်တာပေါ့နော်။

ဘကြီးဖြိုး – လက်ထပ်ခဲ့စဉ်က နည်းလမ်းနှင့် အပြည့်အဝ ကိုက်ညီမှု မရှိခဲ့ခြင်းကြောင့် ယောက်ျားက မိန်းမကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၈အရ မယားစရိတ်ပေးရန် တာဝန်မရှိလို့ ခုခံခြင်း မပြုနိုင်ဘူး။ မယားက သစ္စာမဲ့ခဲ့၍ မယားစရိတ်မရထိုက် ဆိုတာကိုတော့ စစ်ဆေးပြီး ဆုံးဖြတ်ရမှာပေါ့။

အော်စကာ – ဥပဒေနဲ့အညီ တရားရုံး တွေက တရားမျှတ မှန်ကန်စွာ စီရင် ဆုံးဖြတ်နိုင်ဖို့ လိုတာပေါ့နော်။

ဘကြီးဖြိုး – ဒီအပတ်တော့ ဤမျှသာ။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *