Opinion

မယ်သီတာ ခိုးတာ ဘယ်သူလဲ

ထူးဆန်းသည်ဟုပင် ပြောရမည်လား။ Something wrong တစ်ခုခု မှားနေတာတော့ ဖြစ်ရမည်။ အရင်ကလည်း အဲဒီလို ဖြစ်သည်ဟုတော့ ကြားဖူးသည်။ ဒါကလည်း ဘာပဲဖြစ်ဖြစ်၊ စက်ပစ္စည်းပဲ ဖြစ်စေ၊ လူပဲ ဖြစ်စေ၊ အားနည်းချက်ကတော့ ရှိမည်ဖြစ်သည်။ ရှံစား-ဒိန်းဒေါင် ကာတွန်းထဲက စုံထောက်ကြီး ဦးရှံစားလေသံနဲ့ “မှားတဲ့အခါလည်း မှားပေမပေါ့”လို့ ပြောရမည်လား။ ဘာပြောချင်တယ်ဆိုတာတော့ ခန့်မှန်းလို့ မရသေးဘူးဟု ထင်ပါသည်။ ဒီလိုပါ အရင်တုန်းက ဂျီအက်စ်အမ် ဖုန်းတွေရဲ့ ငါးထောင်တန် ငွေဖြည့်ကတ်တွေ ခဏလေးနဲ့ ကုန်သွားတတ်သည်ဟု ပြောနေကြတာ ကြားဖူးသည်။ တချို့လည်း ကိုယ်ပြောတဲ့ အချိန်ကို မှတ်ထားပြီး ပြန်တွက်ကြည့်သည်ဟု ဆိုသည်။

တစ်သောင်းတန် ငွေဖြည့်ကတ်တွေတော့ မဖြစ်ဘူးဆိုလား။ ကိုယ်ကတော့ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ Pre Paid Card ငါးထောင်ဖိုး ထည့်ထားပြီးရင်လည်း ပြောပါလေရော။ တချို့ကတော့ ရှိတယ်လေ။ ထမင်းစားပြီးပလား။ ရေသောက်ပြီးပလား။ ဘာဟင်းနဲ့စားလဲ။ ဒီနေ့ သနပ်ခါးလိမ်းလာရဲ့လား။ အင်္ကျီက ဘာအရောင်လေးလဲ။ စကားမရှိ စကားရှာ ပြောနေတတ်ကြတာ။ ရည်းစားရှိတဲ့ လူဆိုရင်လည်း ပိုဆိုးသေးတယ်။ ဖုန်းထဲမှာ ကြူနေကြတာ မပြီးတော့ဘူး။ ဘာတွေ ပြောနေကြသလဲတော့ မသိဘူး။ ဘေးလူက နားကြီးတွေ စွင့်ပြီး နားထောင်တာတောင် ဘာပြောနေမှန်း မသိဘူး။ အပြင်လူမကြားအောင် ပြောလည်း ပြောတတ်တယ်။ တစ်ဖက်လူက ကြားမကြားတော့ မပြောတတ်ဘူး။ (ကိုယ်ချင်းမစာ ပြောတာတော့ မဟုတ်ပါဘူး) အဲဒီလို လူတွေ ဖုန်းပိုက်ဆံကတ် ကုန်တာတော့ မပြောတော့ပါဘူး။အဲဒီတုန်းကတော့ ဂျီတွေမှာ ဖြစ်တယ် ပြောကြတာ။ အခုတစ်ခါ ၁၅၀၀တန် စီဒီအမ်အေ ၈၀၀တွေ ချပေးတော့ သူတို့ MEC Telငွေဖြည့်ကတ်တွေပဲ ထည့်ရတယ်။ အဲဒီမှာလည်း ၅၀၀၀တန်နဲ့ တစ်သောင်းတန်တွေ ထုတ်တယ်။ အခြေခံ လူတန်းစားများတဲ့ မြန်မာနိုင်ငံမှာ ၅၀၀၀တန်ပဲ အသုံးများကြတယ်လေ။ အဲ…အဲဒီ ငါးထောင်တန်ပဲ ပြဿနာ တက်တာ။ အပြည့်မသုံးကြရဘူးလို့ ပြောတယ်။ စပေးတဲ့ အချိန်မှာတော့ သူတို့ စည်းကမ်းချက်အရ ၅၀၀၀ကို နှစ်လနဲ့ ကုန်အောင် ပြောကြရတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပြောရင် ပြောသလောက်ပေါ့။

ကျောင်းဆရာမဖြစ်တဲ့ အမျိုးသမီးက ကျောင်းကနေ အဲဒီ စီ ၈၀၀တစ်လုံး မဲပေါက်ပါတယ်။ ငွေဖြည့်ကတ်လေးကြိမ်လဲ ပြီးပါပြီ။ သုံးကြိမ်မှာတော့ ပြဿနာမရှိဘူး။ အခုလေးကြိမ်မြောက်မှာတော့ ပြဿနာက ရှိသွားပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သားအဖတွေ မြို့ထဲသွားရင်းနဲ့ သူ့အမေ ဖုန်းက ပိုက်ဆံကုန်နေပြီမို့လို့ လသာလမ်းက ဟန်းဆက်ဆိုင် တစ်ဆိုင်မှာ MEC Tel ၅၀၀၀တန် ငွေဖြည့်ကတ် တစ်ကတ် ဝင်ဝယ်ပါတယ်။ ကိုယ့်ဘာသာ အိမ်ကျမှ ဖြည့်မယ်ဆိုရင် တစ်ခါတစ်လေကျ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဆိုင်မှာပဲ တစ်ခါတည်း လုပ်ခိုင်းလိုက်ပါတယ်။ အဲဒီမှာ စတွေ့တာပါပဲ။ငါးထောင်တန်ကတ်က ဖုန်းထဲကို ငွေ ၄၂၁၀ကျပ်ပဲ ဝင်ပါတယ်။ ဖုန်းဆိုင်က ဝန်ထမ်း အမျိုးသမီးလေးတွေလည်း အကြိမ်ကြိမ် ပြန်စစ်ပါတယ်။ မထူးပါဘူး။ သူတို့လည်း ဘာလုပ်ရမှန်းမသိတော့ဘူး။ ဦးနှောက်ခြောက်သွားကြတယ်။ လူကြီးမရှိဘူးလား။ ပြောကြည့်ပါဦးဆိုတော့ လက်ထောက်ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် လာကြည့်ပါတယ်။ သူလည်း ဘာပြောရမှန်း မသိပါဘူး။ ကိုယ့်ကို Ringtuneတွေ ထည့်ထားလား မေးပါတယ်။ ဘာမှထည့်မထားပါဘူးလို့။ Ring Tuneထည့်ထားတယ်ဆိုရင်လည်း ကိုယ်က ငွေဖြည့်ကတ် ထည့်ထားပြီး ဘယ်ကိုမှ မခေါ်သေးတာမှ မဟုတ်တာ။ ပိုက်ဆံ ဖြတ်စရာ အကြောင်းမရှိဘူး။

တကယ်ဆိုရင် လိုတဲ့ငွေ ၇၉၀ကို သူတို့ပြန်အမ်းပေးရမှာပါ။ ဟန်းဆက်တစ်ခု ရောင်းရရင် သူတို့က ထောင်သောင်းချီ အမြတ်ရနေမှာပါ။ ဒီလောက်ငွေကလေးကို သူတို့ မကြည့်သင့်ပါဘူး။ ဒါမျိုး ၁၀ကတ်၊ အကတ် ၂၀မှာ တစ်ခုဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ တွတ်ပီကတော့ ကံမကောင်းဘူး ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကတ်ရဲ့ ချွတ်ယွင်းချက်ပဲဆိုဆို၊ ဆိုင်က တာဝန်ယူရမှာပါ။ Customer Rightsဆိုတာ ရှိပါတယ်။ သူတို့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ Pin Codeက ခဲခြစ်ပြီးသား ဖြစ်နေတော့လည်း ပြန်လဲပေးလို့ မရတော့ဘူးပေါ့။ နောက်ဆုံးတော့ ဈေးဝယ်သူ ကိုယ်ကပဲ အနာခံလိုက်ပါတယ်။ ဒီအတိုင်းပဲ ယူခဲ့လိုက်ပါတော့တယ်။ ကိုယ်မသုံးရပဲနဲ့ ၇၉၀တော့ ရှုံးခဲ့တာပေါ့။ နောက်ထပ် ဒီလိုမျိုးတွေ ဖြစ်နေဦးမှာလား။ အဖြေတစ်ခုတော့ ရှိသင့်ပါသည်။

ဒါဟာ ဘယ်လိုဖြစ်တာလဲ၊ ငွေဖြည့်ကတ်တိုင်း ဖြစ်တာ မဟုတ်ပဲနဲ့ တစ်ခုတစ်လေ ပါလာတတ်တာ။ ဖြစ်တော့ မဖြစ်သင့်ဘူးပေါ့။ ဒါဟာ နည်းပညာ ချွတ်ယွင်းချက်တစ်ခုခုတော့ ရှိလိမ့်မည်။ ကိုယ်ကတော့ နားမလည်ပါ။ ကျွမ်းကျင် နားလည်သူများက အဖြေရှာသင့်ပါသည်။ တာဝန်ရှိတဲ့သူတွေ အပိုင်းကလည်း တာဝန်ရှိသလို တာဝန်ယူသင့်သည်။ စောစောကလို နောက်ဆုံးအဆင့် ဖုန်းဆိုင်တွေကလည်း ဖြေရှင်းရမယ့် နည်းလမ်းရှာထားသင့်ပါသည်။ သုံးစွဲသူ Customerတွေဘက်က အမြဲတမ်း ခံဘက်ကချည်းပဲ ဆိုရင်တော့ မကောင်းပါ။ Something Worng တစ်ခုခုတော့ မှားနေပြီဆိုပြီး မှားတာကို တာဝန်ယူသည့်သူ ရှိသင့်သည်။
အခုဟာက ဘယ်လိုလဲဆိုတော့ ကိုယ်တွေ ငယ်ငယ်တုန်းက ခေတ်စားခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ် ရှိသည်။ (ဟို အစ်ကိုကြီးရဲ့ မခင်နှင်းဆီ မဟုတ်ပါ) မင်းမင်းလတ် ဆိုထားတဲ့ “မယ်သီတာ ခိုးတာ ဘယ်သူလဲ”တဲ့။ “စာအုပ်ထဲမှာ သင်တဲ့ မယ်သီတာ ခိုးတာ ဘယ်သူလဲ။ သူငယ်ချင်း ငယ်ရည်းစားက မေးတယ်။ ဒီလိုပါ မောင့်ချစ်တဲ့ ချစ်သူမေရယ်…ဒဿဂီရိ ခိုးသတဲ့ကွယ်” ဆိုတဲ့ သီချင်းလေးပါ။ ဆိုင်လည်း မဆိုင်ပဲနဲ့လို့ ပြောမလား မသိဘူး။ ဥပမာအနေနဲ့ ပြောတာပါ။ အခုလည်း ကိုယ်က ၇၉၀ အခိုးခံလိုက်ရတဲ့ သဘောပါပဲ။ ဒါကြောင့် “၇၉၀ ခိုးတာ ဘယ်သူလဲလို့ပဲ” မေးလိုက်ရတော့မှာပါ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *