News

ဝေါစထရိဂျာနယ်၏ တရုတ်ဘာသာ ဝက်ဘ်ဆိုက် တရုတ်တွင် အပိတ်ခံရ

တရုတ်နိုင်ငံတွင် ဝေါစထရိဂျာနယ်၏ တရုတ်ဘာသာ တည်းဖြတ်မှုကို ဝင်ရောက် ကြည့်ရှုခြင်း ပိတ်ပင်ခံထားရသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ တရုတ်တွင် အွန်လိုင်း၌ တင်သည့် ထိရှလွယ်သော အကြောင်းအရာများကို အစိုးရ တာဝန်ရှိသူများမှ စောင့်ကြည့်ဖျက်ပစ်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပိတ်ပင်မှုမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ကြောင်း သိရသည်။

ဝေါစထရိဂျာနယ်၏ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားမှုများကို ဝင်ရောက်ဖတ်ရှု၍ ရနေပြီး ယခုကဲ့သို့ တရုတ်ဘာသာဖြင့် ဖော်ပြထားမှုများကို အဘယ်ကြောင့် ဖတ်ရှု၍ မရကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပဲ ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ပင်ခံရခြင်း ဟုတ်၊ မဟုတ်လည်း မသိရသေးဟု ဆိုသည်။ ဝေါစထရိဂျာနယ်၏ တရုတ်ဘာသာဝက်ဘ်ဆိုက်တွင် ၂၀၁၂ခုနှစ်၊ နောက်ပိုင်း ဆောင်းပါးများကို ဖတ်ရှု၍ မရအောင် ပိတ်ဆို့ထားမှုများ ရှိခဲ့ကြောင်း သိရပြီး၊ ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပိတ်ပစ်မှုမှာ ဖြစ်ခဲသည်ဟု သိရသည်။

တရုတ်အာဏာရ ကွန်မြူနစ်ပါတီသည် အင်တာနက်နှင့် သတင်းမီဒီယာများကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး ပြည်ပမှ အကြောင်းအရာများကို စစ်ထုတ်ပိတ်ပင်သည့် Great Firewallအမည်ရိ ဆော့ဖ်ဝဲလ်ကို အသုံးပြုကြောင်း၊ ထို့အပြင် ဝန်ထမ်းများစွာ ခန့်ထားပြီး ဆောင်းပါးများနှင့် မိုက်ခရိုလော့ဂ်တွင် တင်ထားသည့်အရာများကို အလျင်အမြန် ဖျက်ပစ်လေ့ရှိကြောင်း သိရသည်။ ၎င်းအပြင် Facebook၊ Twitterနှင့် You Tube ဝက်ဘ်ဆိုက်တို့ကို တရုတ်တွင် ကြည့်ရှု၍ မရအောင် ပြုလုပ်ထားသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်သတင်းဌာနများတွင် သတင်းဖော်ပြမှုများကိုလည်း အဆင့်အမျိုးမျိုး သတ်မှတ်ပြီး ထိန်းချုပ်ထားကြောင်း၊ ပြီးခဲ့သောနှစ်က လက်ရှိသမ္မတရှီကျင်ပင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဝမ်ကျားပေါင်တို့၏ ဆွေမျိုးများ၏ ပိုင်ဆိုင်မှုများ အကြောင်းတို့ကို ဖော်ထုတ်ရေးသားခဲ့သောကြောင့် အမေရိကန် သတင်းဌာန Bloombergနှင့် New York Times ဝက်ဘ်ဆိုက်များကို တရုတ်တွင် ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။

ကွန်မြူနစ်နိုင်ငံများနှင့် အာဏာရှင်နိုင်ငံအများစုသည် သတင်းမီဒီယာများအပေါ် တင်းကြပ်စွာ ထိန်းချုပ်လေ့ ရှိသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာပင် မကြာခင်ကမှ စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာ ထိန်းချုပ်မှုကို ဖြေလျှော့ပေးခဲ့ပါသည်။ သို့ရာတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှု တာဝန်ခံမှုလည်း ဒွန်တွဲ၍ ပါလာသည်ဖြစ်ရာ သတင်းဖြစ်ရင် ပြီးရော၊ စာဖြစ်ရင် ပြီးရောဟူ၍ လက်လွတ်စပယ် ရေးသားမှု မဖြစ်စေရန်နှင့်လည်း ဆင်ခြင်ရမည် ဖြစ်ပါသည်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *