News

တစ်လအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ငါးဦး မန္တလေးတွင် အရေးယူ

mandalay

ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု ဆိုကာ မန္တလေးတိုင်း ဒေသကြီးတွင် တစ်လအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ငါးဦးကို အရေးယူခဲ့ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်း သိရှိရသည်ဟု The Voice Dailyတွင် ဖော်ပြထားသည်။ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက ကျေးရွာ အုပ်ချုပ်ရေးမှုး နှစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး သုံးဦးကို သတိပေး စာပေးပို့ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တာဝန်မှ ရပ်စဲခံခဲ့ရသည့် ရမည်းသင်းမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှုး တစ်ဦးသည် စိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်၍ တောင်သူများ ကိုယ်စားဘက်သို့သွားရောက် ထုတ်ယူရာတွင် ကုန်ကျစရိတ်စာရင်း အတိအကျ ရှင်းလင်းခြင်း မရှိသဖြင့် တာဝန်မှ ရပ်စဲခံခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အုပ်ချုပ်ရေးမှုးများ အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားနိုင်ပြီး မှန်ကန်မှု မရှိပါက တာဝန်မှ ရပ်စဲသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်း သိရှိရသည်ဟု ဆိုသည်။

“လုပ်ပုံကိုင်ပုံက လမ်းကြောင်းလွဲနေတာ။ လုပ်ငန်းတွေ မကျွမ်းဘူးဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှုးတွေက တည့်မတ်ပေးတယ်။ အများပြည်သူကို သိပ်ပြီး ထိခိုက်တာမျိုး မဟုတ်ရင်တော့ သတိပေးစာ ပို့ပေးတယ်” မန္တလေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ပေးပို့လာသည့် တိုင်ကြားစာ အားလုံးကို မှန်ကန်မှု ရှိမရှိ စစ်ဆေးမှု ရှိကြောင်း၊ မှန်ကန်ပါက စစ်ဆေး အရေးယူမှု ရှိကြောင်း သိရသည်။ “မြင်းခြံမြို့နယ်က ကံချောရွာမှာဆိုရင် ရာအိမ်မှုး အဟောင်းကိုပဲ အုပ်ချုပ်ရေးမှုးအဖြစ် ခန့်အပ်ပြီး ရွာက ရွေးပေးတဲ့လူကို မခန့်လို့ တစ်ရွာလုံးက လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာ ရှိတယ်” မြင်းခြံမြို့ ဒေသခံ တစ်ဦးက ပြောသည်ဟု ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးပေါင်း ၁၆၈၅ဦး ရှိကာ ဇန်နဝါရီလမှ စတင်ပြီး တစ်ဦးလျှင် ချီးမြှင့်ငွေ ခုနှစ်သောင်း ရုံးစရိတ် ငါးသောင်း လစဉ် ပေးအပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ထပ်မံသိရကြောင်း ဖော်ပြထားသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *