Interview

Web Pioneer and Opera Browser ၏ CTO Mr. Hakon Wium Lie

နာမည်ကျော် Web Browser တစ်ခုဖြစ်သော Opera၏ CTO ဖြစ်သူ ဖြစ်တဲ့အပြင် Web Standard ဖြစ်တဲ့ CSS ကို တီထွင်ဖန်တီးသူထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူ Hakon Wium Lieမှ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဟု ကြားသိရပြီး ဇွန်လ ၂၆ ရက်နေ့၌ ရန်ကုန်မြို့ MICT ခန်းမတွင် World Wide Web အကြောင်း ဆွေးနွေးပွဲပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် Mr. Lieသည် မန္တလေးမြို့သို့ ဆွေးနွေးပွဲ ပြုလုပ်ရန် တက်ရောက်ခိုက် ICT Journalမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။

Mr.Wium Lieမှာ ပျော်ရွှင်စွာနေတတ်သူတစ်ဦးဖြစ်ပြီး တွေ့ဆုံချိန်လေး အတွင်းတွင်လည်း လက်တွေ့ သရုပ်ဖော်မှုတို့ကို အားပါးတရ ပြုလုပ် သွားပါတယ်။ သို့အတွက်ကြောင့် အင်တာဗျူးပုံစံမှာ အင်တာဗျူး တစ်ခုနှင့်ပင် မတူတော့ပဲ မိတ်ဆွေချင်း၊ နည်းပညာပိုင်း၊ ပုဂ္ဂိုလ်ရေးပိုင်း ဆွေးနွေးသွားခြင်းနှင့်ပင် တူနေပါတော့တယ်။

ဒါနဲ့ မြန်မာပြည်ကို လာရတဲ့ ရည်ရွယ်ချက်လေးကို အရင်ပြောပြပေးလို့ရမလား။
အင်း… ပြောရရင်တော့ ကျွန်တော့်အနေနဲ့ မြန်မာပြည်က လူတွေကော Opera Browser ကို အသုံးပြုနေကြလားဆိုတာ လေ့လာဆန်းစစ်ဖို့ပါပဲ။

ဒီလိုဆို Opera Miniရဲ့ ထူးခြားမှုကို ပြောပါဦး။
Opera Miniရဲ့ ဝန်ဆောင်မှုက စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ သူက compressionကို ၇၈% မိုဘိုင်းလ်တွေအတွက် ပြုလုပ်ပေးနိုင်တယ်။ Opera Miniမှာ address တစ်ခု ရိုက်ထည့်မယ် သို့မဟုတ် link တစ်ခု နှိပ်လိုက်မယ်ဆိုရင် အဲဒီ urlက Opera Miniရဲ့ Server တွေကို ရောက်သွားတယ်ဗျ၊ အဲဒီကနေမှ pageတွေကို patch လုပ်ပြီး binary format အဖြစ် ပြောင်းပေးတယ်၊ ပုံတွေကိုလည်း encode ပြန်လုပ်တယ်၊ အဲဒါကြောင့်လည်း ထူးခြားတယ်၊ မြန်ဆန်တယ်ပေ့ါ။

Free Downloadဆိုတော့…အခုဆို လူသန်းပေါင်း ၁၆၀ ကျော် အသုံးပြုကြတယ်ဗျ။ နိုင်ငံကတော့ အစုံပဲ၊ Russia၊ အိနိ္ဒယ စုံလို့ပါပဲ။ အများစုကတော့ PC အသုံးပြုတာနည်းပြီး ဖုန်းမှာ သုံးကြတာများတယ်။ အခုချိန်ကတော့ ဖုန်းကနေတဆင့် အင်တာနက်အသုံးပြုတာကလည်း အရေးကြီးလာပြီလေ။

ဒါဆို Opera Browserကို Promotion လာဆင်းတယ်လို့ ပြောရမှာပေါ့။
အဲဒီလို ပြောလို့လဲရတယ်။

အင်း..ကျွန်တော့်မှာ Designer တွေရှိတယ်ဗျ၊ သူတို့က ဘာလို့များ Opera ကို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြလဲဆိုတာ မေးပေးမယ်။
ရပါတယ်၊ ပြောပါ၊ ကျွန်တော်လည်း ဒါကိုပဲ သိချင်နေတာ။

(ICT Journal Designer) အခုချိန်က Firefox, Chrome တို့က အသစ်အသစ်တွေ ဆက်တိုက်ပေါ်နေပြီး support ကလည်း အရမ်းကောင်းတယ်လေ၊ အဲဒါကြောင့် Opera Desktop Browser ဘက်ကို မလှည့်ဖြစ်တာပါ။Designer တွေရဲ့ အမြင်ကို သိပြီးပြီဆိုတော့ ကျွန်တော် Developer ဘက်ကနေ ဆက်မေးကြည့်ပါဦးမယ်။ ဒီက Developerတွေက များသောအားဖြင့် website ရေးမယ်ဆိုရင် FireFox, Chrome & IEတ့ိုနဲ့ compatible ဖြစ်အောင် စမ်းကြတယ်ဗျ၊ Opera နဲ့တော့ သိပ်မစမ်းဖြစ်ကြဘူး။

(myanmarict.wpengine.com Designer) ကျွန်တော်ကတော့ Developer တွေအနေနဲ့ ကမ်ဘာပေါ်က ရှိသမျှ Browser တွေနဲ့ သူတို့ရဲ့ websiteက compatibleဖြစ်ဖြစ် စမ်းကြည့်စေချင်တယ်။ Operaလည်း အပါအဝင်ပေါ့ (ရယ်လျှက်)။ ဘာလို့ဆို လူတွေက ဘယ် Browser သုံးမယ်ဆိုတာ သေချာ မပြောနိုင်ဘူးလေ။

Steve Jobsရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ Flash အကြောင်း ပြောရအောင်၊ Flashက Browserတိုင်းမှာ compatible မဖြစ်တာမှန်ပေမယ့်၊ တချို့ အသုံးပြုသူတွေက flashကိုပဲ အလိုရှိကြတယ်လေ။ အဲဒီလိုမျိုးဖြစ်နေတဲ့အပေါ် သုံးသပ်ပေးပါဦး။

အဲဒီအစား HTML 5နဲ့ CSS 2/3ကို အသုံးပြုကြဖို့ တိုက်တွန်းရတာပေါ့၊ ကျွန်တော့်အနေနဲ့ ပြောချင်တာကလည်း Steve Jobs ဆုံးဖြတ်ချက်တွေထဲမှာ အမှားတွေ ရှိကောင်း ရှိခဲ့ပေမည့် ဒီလိုမျိုး Flash အသုံးမပြုရေးကို ဦးဆောင်သွားနိုင်တာကို လေးစားတယ်၊ အခုချိန်မှာ Video Player ထည့်သွင်းမှုအတွက်လည်း Flashကို အားကိုးစရာ မလိုတော့ဘူး။ ဘာလို့ဆို Googleက ‘.webm’ ဆိုတဲ့ video formatကို၀ယ်ပြီး Open Source ပေးလိုက်တယ်လေ။

file size အလွန်သေးငယ်ပြီး မြန်ဆန်တာကို တွေ့လိမ့်မယ်၊ client တွေကတော့ ဒီဇိုင်းလှတာကို လိုချင်ကြမှာပဲ၊ ဒါတွေကိုလည်း ခင်ဗျားတို့ Photoshop ကြီးဖွင့်ပြီး အချိန်ကုန်ခံစရာ မလိုဘူး၊ CSSနဲ့ပဲ အားလုံး လုပ်သွားလို့ရတယ်၊ Codeလေး တစ်ကြောင်း ရေးလိုက်တာနဲ့ပဲ animationတွေ လုပ်နိုင်မယ်၊ effectတွေ ထည့်နိုင်မယ်၊ စမ်းကြည့်ပါ၊ ဘာမှ မခက်ပါဘူး။ ဒီဇိုင်းပြန်လုပ်တာထက် စာရိုက်ရတာ ပိုမလွယ်ဘူးလားဗျာ (ရယ်လျှက်)

ခင်ဗျားက CSS နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ သူတစ်ယောက်ဆိုတော့ မြန်မာ fontတွေက websiteတွေပေါ်မှာ အဆင်ပြေပြေ မပေါ်နိုင်တာ ဘာကြောင့်လဲလို့ အကြံပေးပါလား။
ပထမဆုံး Websiteတွေမှာ Type Faceမျိုးစုံသုံးဖို့ CSSက အရေးကြီးတယ််။ HTML 5မှာ font တွေကို စက်ထဲမှာ install မလုပ်ထားပဲ website ကနေတဆင့် install ပြုလုပ်ပြီး ကြည့်လို့ရပြီ။

ဒါမျိုးပြုလုပ်ဖို့ကလည်း developer အနေနဲ့ လွယ်ပါတယ်၊ font ရှိနေတဲ့ url ကို point လုပ်လိုက်ရုံပါပဲ။ အခုဆိုရင် Wikipediaကတောင် ရှေးဘာသာ စကားတွေဖော်ပြဖို့ ဒီ CSS နည်းပညာကို စပြီး အသုံးပြုလာတာ တွေ့ရတယ်။ ဒါပေမယ့် ထူးခြားနေတာကတော့ မြန်မာပြည်အကြောင်း Wikipediaမှာ ရှာရင် ကျွန်တော့်မှာ အတုံးအတုံး တွေပဲ မြင်နေရတယ်၊ font ပေါ်ဖို့က စက်ထဲကို font အရင် install လုပ်ထားမှပဲ ရတယ်။ ဒါတောင် တချို့ font တွေက လွဲနေတာ တွေ့ရတယ်ဗျ။

ဒီလိုဆို ခင်ဗျားအနေနဲ့ မြန်မာ fontတွေ webပေါ်မှာ အဆင်ပြေပြေဖြစ်ဖို့ Operaကို အသုံးပြုပြီး ဘယ်လိုအကူအညီပေးနိုင်မလဲ၊ ဒါမှမဟုတ် browserတိုင်းမှာ ရဖို့ ဘယ်လို အထောက်အပံ့မျိုး ပေးနိုင်မလဲ။ ပြောရရင် Opera အနေနဲ့ ဒါမျိုးကို အထူးလုပ်ဆောင်ပေးနိုင်တာမျိုးရှိလား။

ကျွန်တော်တို့က Browser လေ၊ အဲဒီတော့ Page တိုင်းကို လိုက်ပြီး ပြင်ဆင်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ၊
ပြီးတော့ Operaက web အသုံးပြုဖို့ ကြားခံ တစ်ခုအနေနဲ့ပဲ ဆောင်ရွက်ပေးနိုင်မှာ၊ တန်ဖိုးမြင့်ဖုန်းတွေလဲ မလိုဘူး၊ ရိုးရိုးဖုန်းတွေကနေလည်း Facebookတို့ Wikipediaတို့လို websiteတွေ တက်ကြည့်နိုင်အောင် ဖန်တီးပေးထားတာပါ။

Opera Miniနဲ့ အင်တာနက် အသုံးပြုတာက ဘယ်လို အကျိုးရှိပြီး၊ ဘာတွေကောင်းကျိုးရှိလဲဆိုတာ…
ကျွန်တော့်အနေနဲ့ကတော့ မိုဘိုင်းလ်ကနေပြီး အင်တာနက်သုံးတာက ကွန်ပျူတာကနေ အင်တာနက် သုံးတာထက် ကောင်းတယ်လို့ ထင်ပါတယ်။ ဘာလို့ဆို လူတိုင်းက နေရာတိုင်းကနေ လွယ်လွယ်ကူကူ အင်တာနက် သုံးလို့ရတယ်၊ ပြီးတော့ ဖုန်းကနေ သုံးတဲ့သူတွေက သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေ၊ သတင်းတွေ၊ ဈေးကွက်အနေအထားတွေကို မြန်မြန်ဆန်ဆန် သိရှိနိုင်မယ်၊ Share လုပ်နိုင်ကြပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ဖုန်းကနေ အင်တာနက် အသုံးပြုတဲ့အခြေအနေကို ဘယ်လိုမြင်လဲဗျ။
မြန်မာနိုင်ငံက အခုအချိန်မှ မိုဘိုင်းလ်ကနေ အင်တာနက်ကို အသုံးပြု များလာတဲ့ နိုင်ငံတစ်ခုပဲဗျ။ အခုဆို လူတိုင်းနီးပါးကလည်း မိုဘိုင်းလ် ကိုင်နေကြတော့ သိပ်မကြာတဲ့ ကာလမှာ သူတို့တွေကလည်း ဖုန်းကနေတဆင့် အင်တာနက် အသုံးပြုချင်လာကြမှာပဲလေ။ ဒီလိုဆိုတော့ အခုနပြောတဲ့ အချက်တွေကိုလည်း သူတို့ လုပ်လာကြမှာပဲ။

ခင်ဗျားရဲ့ အနာဂါတ်မှာ လုပ်ချင်တဲ့ အလုပ်လေးကို ပြောပြလို့ရမလား။
ကျွန်တော်က စာအုပ်တွေကို HTML၊ CSS ကနေတဆင့် Print လုပ်သွားနိုင်ဖို့ ကြိုးစားနေတယ်ဗျ၊ ရအောင်လည်း ကျွန်တော် လုပ်မှာပဲ၊ ဖြစ်နိုင်တယ်လို့လဲ ထင်ပါတယ်။

Operaရဲ့ CTOဆိုတော့ အလုပ်အများအပြားရှိနေမှာပေါ့၊ ဘာလို့များ ဒီလိုမျိုး CSSကို တိုးတက်အောင် ဆက်လုပ်နေရတာလဲဗျ။
(ရယ်လျှက်) ကျွန်တော် ဘာလို့ ဒီလိုနေရာ၊ ဒီလိုမျိုး အလုပ်တွေ ဆက်လုပ်နေရလဲဆိုတော့ ကျွန်တော် ကြိုက်လို့ပေ့ါဗျ၊ ဥပမာ ပြောရရင် ဟိုမှာ ကင်မရာတွေ့တယ်၊ အဲတော့ ကျွန်တော် စဉ်းစားတယ်၊ ငါ ဒီကင်မရာနဲ့ Browserကို CSSနဲ့ ဘယ်လို ချိတ်ဆက်ပြီး အသုံးပြုမလဲ၊ (Demonstration ပြသလျှက်) ဟော… နောက်ပစ္စည်းတစ်မျိုး တွေ့ရင်လည်း ကျွန်တော်ဒီလိုပဲ ဆက်စပ်ပြီး စဉ်းစားမယ်။

ဒါဆို ခင်ဗျားက ကစားနေတာနဲ့ တူမနေဘူးလား (ရယ်လျှက်)
ဟဟဟ… ဟုတ်တာပေ့ါဗျာ၊ ကျွန်တော်က နည်းပညာလောကမှာ ကစားနေတုံးပဲဗျ၊ အကောင်းဆုံးအတွက်ကိုပေါ့ (ရယ်လျှက်)

နောက်ဆုံးစကားလေးများ…
Operaက အခုချိန်မှာ ဖုန်းတော်တော်များများရဲ့ default browser ဖြစ်နေပါတယ်၊ Web Font ကိစ္စကတော့ Font တီထွင်သူတွေရဲ့ အပိုင်းပေါ့၊ CSS ကတော့ ကျွန်တော်တို့ အပိုင်းပေါ့လေ။ (ရယ်လျှက်)
ကျွန်တော်တို့ အနေနဲ့လည်း ဒီလို မြန်မာနိုင်ငံလာရတာ ပျော်တယ်၊ လွတ်လည်းလွတ်လပ်တယ်၊ သွားစရာတွေကလည်း အများကြီးပဲ၊ ကျေးဇူးတင်ပါတယ်။

ဤစကား၀ိုင်းဖြစ်မြောက်ရေးအတွက် စိတ်ရင်းစေတနာရင်းဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသော မိတ်ဆွေသင်္ဂဟအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ICT ဂျာနယ်မှ ပြောကြားလိုပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *