News

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

၀ိပဿနာနှင့် ကမ္မဌာန်းဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ရက် အိန္ဒိယစံတော်ချိန် ည ၁၀နာရီ မိနစ် ၄၀အချိန်တွင် မွမ်ဘိုင်းမြို့က နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပြီး ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် (၉၀)အရွယ် ရှိပြီဖြစ်သည်။ “ဟိုဘက်ပြည်နယ်အစိုးရက ဒီနေ့ပဲ သဂြိုလ်ချင်တယ်။ ဒါပေမယ့် သားသမီးတွေကို စောင့်ပါဦးလို့ အမေကပြောလို့ ၁ရက်နေ့မှ သဂြိုလ်မှာ”ဟု သားဖြစ်သူ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဥက္ကဌဦးမောင်ရွေက ပြောသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနာကို အိန္ဒိယနိုင်ငံ မဟာရာသျှတြပြည်နယ် အစိုးရက နိုင်ငံတော်အခမ်းအားဖြင့် သဂြိုလ်ပေးမည်ဟု သိရသည်။ ဦးဂိုအင်ကာကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း (ဘုံဘေ)မြို့ရှိ Electric Funeral Groundတွင် မီးသဂြိုလ်မည်ဖြစ်ပြီး သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ၄င်းမွေးဖွားခဲ့ရာဇာတိဖြစ်သည့် မန္တလေးမြို့၊ ဧရာ၀တီမြစ်အတွင်းသို့ အရိုးပြာများကို ရေမျှောပွဲပြုလုပ်သွားမည်ဟု သားဖြစ်သူ ဦးအောင်ရွေက ပြောသည်။

ဦးဂိုအင်ကာသည် ၁၉၂၄ခုနှစ်၊ ဇန်နဝါရီ ၃၀ရက်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး ဘိုးဘွားများမှာ မင်းတုန်းမင်းလက်ထက်ကတည်းကပင် အိန္ဒိယနိုင်ငံမှ မန္တလေးမြို့သို့ ပြောင်းရွှေ့အခြေစိုက်ကာ ကုန်သည်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။ ဦးဂိုအင်ကာသည် ငယ်စဉ်ကတည်းကပင် ခေါင်းကိုက်ေ၀ဒနာကို ပြင်းထန်စွာ ခံစားခဲ့ရသူဖြစ်ပြီး ၁၉၅၅ခုနှစ်တွင် ငွေစာရင်းမင်းကြီး ဦးဘခင်၏ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာတွင် ၀င်ရောက်တရားထိုင်ခဲ့ရာမှ ခေါင်းကိုက်ရောဂါ အံ့သြဖွယ်ရာ ပျောက်ကင်းသွားခဲ့ပြီး ထိုအချိန်မှစတင်ကာ ဗုဒ္ဓဘာသာနှင့် တရားတော်များကို ယုံကြည်သွားခဲ့သည်ဟု သိရသည်။

ဦးဂိုအင်ကာသည် ၀ိပဿနာပြန့်ပွားရေးအတွက် နိုင်ငံပေါင်း ၁၅၀ကျော်တွင် တရားစခန်းများ ဖွင့်လှစ်နိုင်ခဲ့သည်။ ၀ိပဿနာတရား ပြန့်ပွားရေးအတွက် ကမ္မဌာန်းဆရာ ၁၂၀၀ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ “သူကဗုဒ္ဓဘာသာကို လူသားထဲမှာ အထူးယုံကြည်ဆုံး လူတစ်ယောက်ပဲ။ စူးစူးစိုက်စိုက်လေ့လာပြီး လူတိုင်း သိနားလည်အောင် ရိုးရှင်းစွာ သင်ကြားပေးနိုင်ခဲ့တယ်။ ဆရာတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်”ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာထွန်း၀င်းက ပြောကြားသည်။ ဦးဂိုအင်ကာ၏ လုပ်ဆောင်ချက်တစ်ခုမှာ အကျည်းထောင်များအတွင်း တရားစခန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့မှုဖြစ်ပြီး ၀ိပဿနာသုတေသန စင်တာကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။ အိန္ဒိယနိုင်ငံ အစိုးရမှ ချီးမြှင့်သည့် အရပ်သားများဆိုင်ရာ တတိယမြောက် အမြင့်ဆုံးဆုဖြစ်သည့် Padma Bhushan ဆုကို မကြာသေးမီက ချီးမြှင့်ခံခဲ့ရပြီး ဆရာကြီးရေးသားပြုစုခဲ့သည့် ဆယ်ရက်၀ိပဿနာ သင်ခန်းစာစာအုပ်မှာ ကမ္ဘာကျော်ခဲ့သည်။

“မိဘတွေက သူ့ရဲ့၀စိပိတ်၀ိပဿနာကို သဘောကျပြီး မပြတ်စခန်း၀င်ခဲ့တာကြောင့် သူနဲ့ပါရင်းနှီးခဲ့ရပါတယ်။ သူဆောက်ခဲ့တဲ့ မွမ်ဘိုင်းက ရွေတိဂုံ ပုံတူ၀ိပဿနာ စင်တာဟာ နိုင်ငံရပ်ခြားမှာ စေတီအတွက် ၀မ်းသာရသကို သုံးထားတဲ့ဗိသုကာပညာ၊ ဆောက်လုပ်ရေး နည်းပညာတွေကို အားကျမိခဲ့တယ်။ ဂျီနီဗာမှာ တစ်ခါလုပ်တဲ့ ပွဲတစ်ခုမှာ မိုက်ကရိုဆော့ဖ်က ဘီလ်ဂိတ်ကို ၀ိပဿနာနဲ့ ဗုဒ္ဓတရားတွေရှင်းပြတာ။ UN မှာ၊ နိုင်ငံတကာမှာ ဟောပြောတာတွေဟာ သာသနာအတွက် တကယ် အကျိုးများခဲ့ပါတယ်။ Vipssana Research Institute တည်ထောင်နိုင်ခဲ့သလို ပိဋကတ်တွေကို Online ကနေ ဘာသာအစုံနဲ့ အများဆုံးလုပ်ကိုင်ဆောင်ရွက် ပေးနိုင်တဲ့သူ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးရဲမြတ်သူက ၄င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၂၁ရက်က ဦးဂိုအင်ကာနှင့်အတူ အိန္ဒိယနိုင်ငံမှ ၀ိပဿနာယောဂီ ၁၅၀ကျော်နှင့် ကမ္ဘာအနှံ့မှယောဂီ ၅၀၀ခန့်တို့သည် ရန်ကုန်မြို့သို့ ဓမ္မခရီးစဉ်ရောက်ရှိခဲ့ကြပြီး ရွေတိဂုံစေတီတော် အောင်မြေနေရာ၌ စုပေါင်းတရားထိုင်ခဲ့ကြသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

  1. Soemyat Oo says:

    အဆင့်မရှိတဲ့ တွေ့ကရာ like ချင်တဲ့ကောင်တွေ သူများသေတာ like စရာလား?

    1. Zaw Linn says:

      ရူးနေလားမသိဘူး….LIKE လုပ်တရ်ဆိုတာ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ သတင်းကို မြင်ရအောင်လုပ်တာပါ….

Leave a Reply

Your email address will not be published. Required fields are marked *