အွန်လိုင်းမှသင်ကြားနိုင်မည့် ဥပဒေသင်တန်းအတွက် (LLB)ဘွဲ့ချီးမြှင့်တော့မည်ဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်အေ၀းသင် တက္ကသိုလ်မှ စီစဉ်ဖွင့်လှစ်လျက်ရှိသည့် အွန်လိုင်းဥပဒေဘွဲ့ သင်တန်းကို ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။ “အွန်လိုင်းဥပဒေသင်တန်းကို ဒီပလိုမာပဲ ပေးနေရာက အခုဆိုရင် ဘွဲ့ပါ ချီးမြှင့်သွားတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းဒီပလိုမာတန်းက ဖွင့်ခဲ့တဲ့ နှစ်မှာပဲ အောင်မြင်မှု ရရှိခဲ့တယ်။ တက်ရောက်နေတဲ့သူတွေရဲ့ အားပေးမှုကြောင့် သက်ဆိုင်ရာကို တင်ပြပြီး အွန်လိုင်းဥပဒေဘွဲ့ သင်တန်းကိုပါ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်အေ၀းသင် တက္ကသိုလ်ပါမောက္ခချူပ် ဒေါက်တာလှတင့်က ပြောကြားသည်။
အွန်လိုင်းဥပဒေဘွဲ့အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်၀င်တန်း အောင်မြင်ခဲ့ပြီး ဥပဒေဘွဲ့အတွက် အမှတ်မီသော ကျောင်းသားများ လျှောက်ထားနိုင်ကြောင်း ဒုတိယ အမျိုးအစားအနေဖြင့် တခြားတက္ကသိုလ်များတွင် သက်ဆိုင်ရာ နှစ်အသီးသီးတွင် တက်ရောက်နေသော ကျောင်းသားများ လျှောက်ထားနိုင်ကြောင်း၊ မည်သည့်ဘွဲ့မဆို ရရှိထားသည့် သူများပါ ယင်းသင်တန်းကို လျှောက်ထားနိုင်ပြီး ငါးနှစ်သင်တန်းဖြစ်ကြောင်း သိရသည်။ “ပညာလိုချင်တဲ့ကလေးတွေအတွက် ရိုးရိုးအေ၀းသင် သင်တန်းကတစ်မျိုး၊ အွန်လိုင်းနဲ့လည်း ထပ်ဆွဲခေါ်တာပေါ့။ အဲဒါကြောင့် အွန်ုလိုင်း LLBကို စဖွင့်တော့မှာပါ”ဟု ဒေါက်တာလှတင့်က ထပ်မံပြောကြားသည်။ အဆိုပါ သင်တန်းအတွက် သင်တန်းသားများကို သတင်းစာများမှတစ်ဆင့် ခေါ်ယူမည် ဖြစ်သော်လည်း လက်ရှိတွင် လာရောက်လျှောက်ထားသူများလည်း ရှိနေပြီဖြစ်ကြောင်းနှင့် လျှောက်လွှာတစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရပါသည်။