News

အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ၂၀၁၄တွင် ထပ်လျော့မည်ဟုဆို

လက်နက်ကုန်သွယ်မှုမှအပ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု အားလုံးကို ဧပြီလတွင် ရုပ်သိမ်းခဲ့ပြီးနောက် ကျန်ရှိနေသည့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို ၂၀၁၄ခုနှစ်တွင် ထပ်မံဖြေလျော့မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်က The Voiceသို့ ပြောကြားသည်ဟု သိရသည်။ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Peter Harrell ခေါင်းဆောင်သည့် နိုင်ငံခြားရေးနှင့် ဘဏ္႑ာရေးပူးတွဲ ကိုယ်စားလှယ်အဖွဲ့နှင့် UMFCCI တာ၀န်ရှိသူများ စက်တင်ဘာ ၂၆ရက် တွေ့ဆုံစဉ် ယင်းသို့ ဖြေလျော့ရန် ကတိပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ “အခုက Sanctionsကို ဆိုင်းငံ့ထားရုံပဲ ရှိသေးတာလေ။ အပြည့်အ၀ လျော့မပေးသေးဘူး”ဟု ၄င်းက ဆိုသည်။

အမေရိကန် အစိုးရ အရာရှိများက မြန်မာနိုင်ငံ၏ စီးပွားရေးကို လာရောက်လေ့လာခြင်းဖြစ်ပြီး နယ်ပယ်အလိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ကျန်ရှိသည့် ပိတ်ဆု့ိမှုများကို ဆွေးနွေးခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးသက်က ရှင်းပြသည်။ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့သည် အမေရိကန် စီးပွားရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံလိုသည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် လိုအပ်ချက်များကို ရှေ့ပြေး လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း စိစစ်ဆောင်ရွက်ပေးမည်ဟု ပြောကြားကြောင်း UMFCCI အထွေထွေ အတွင်းရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။

“အဓိကကတော့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ဒီကိုလာဖို့အတွက် အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ လာလေ့လာတာ”ဟု ၄င်းက ဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် စီးပွားရေးပိတ်ဆို့အရေးယူမှု အများစုကို ၂၀၁၂ခုနှစ် မေလအတွင်း ဆိုင်းငံ့ခဲ့သော်လည်း UMFCCI ဥက္ကဌဦး၀င်းအောင် အပါအ၀င် မြန်မာလုပ်ငန်းရှင် အများအပြားနှင့် ကျောက်မျက်၊ လက်နက်ကုန်သွယ်မှုများမှာ ပိတ်ဆို့စာရင်းတွင် ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *