News

ဟိုတယ် နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း သင်တန်းသားသစ် ခေါ်ယူခြင်း

Hotel & Gastronomy profession ကို ၂၀ဝ၇ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ယခုအချိန်တွင် ပြည်တွင်း လုပ်သက်ရင့် အတွေ့အကြုံ ပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ သင်ကြားပေးနေခဲ့ပြီး၊ သင်တန်းဆင်းပြီး ကျောင်းသားများကို အာဆီယံနိုင်ငံအဆင့်နှင့် ဟိုတယ်ခရီးဝန်ကြီးဌာန အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်နိုင်ခဲ့ပြီး သင်တန်းပြီးဆုံးသူများ မှာလည်း ပြည်တွင်း ပြည်ပရှိ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းပိုင်းဆိုင်ရာများတွင် ကြီးကြပ်၊ မန်နေဂျာ ရာထူးများဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်းပြုနေကြပြီ ဖြစ်သည်။

လာမည့်နှစ် ၂၀၁၄ ခုနှစ်အတွက် သင်တန်းသားအသစ်များကို စတင်လက်ခံနေပါသည်။ ယခင်က လုပ်ငန်းခွင်သို့ ရောက်ရှိပြီး (လက်တွေ့သင်တန်း အလုပ်အကိုင်နေရာရှိပြီး) သူများကိုသာ ကျွမ်းကျင်မှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ တိုးတက်မှုရှိလာအောင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ အထောက်အပံ့ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်လာသော ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၏ လိုအပ်ချက်အရ ကျွမ်းကျင်သော ဟိုတယ်ဝန်ထမ်း တစ်ယောက်ဖြစ်လိုပြီး အမှန်တကယ် အလုပ်အကိုင် လိုအပ်နေသော လူငယ်များအတွက် CVT သင်တန်းကျောင်းမှ အလုပ်သင် သင်တန်းသားအဖြစ် လက်တွေ့လုပ်ငန်းခွင် (ဟိုတယ် (သို့) စားသောက်ဆိုင်) နေရာများကို လေ့ကျင့်သင်တန်း ပေးရန် ဆက်စပ်ဆောင်ရွက်ပေးပါသည်။

တက်ရောက်မည့်သင်တန်းသားများသည် စာသင်နှစ်များအတွင်း Food Production, Food & Beverage Service, Front Office & Housekeeping Operations စသည့် ဘာသာရပ်များအပြင် အခြား လိုအပ်ချက်များဖြစ်သည့် Hotel English, IT & Hotel Software, Etiquette & Tourism ဘာသာရပ်များကိုပါ သင်ကြားရမည် ဖြစ်သည်။

ထိုဟိုတယ်ဒီပလိုမာသင်တန်းသို့ အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း ဟိုတယ်များနှင့် စားသောက် ဆိုင်များတွင် လုပ်ကိုင်နေသူ လူငယ်များသည် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ထို (Hospitality) နယ်ပယ်ကို စိတ်ဝင်စားသူများ မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါသည်။

သင်တန်းတက်ရောက်စဉ်အတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့် ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံခြင်း မရှိဘဲ ဆွစ်ဇာလန်နိုင်ငံရှိ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်နေသော သင်တန်းကျောင်းလည်း ဖြစ်ပြီး အသစ်ထပ်မံ ဖွင့်လှစ်မည့် သင်တန်းနှင့် ပတ်သက်သော သိကောင်းစရာများကို လာမည့် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် သင်တန်းကျောင်း တည်ရှိရာ အမှတ် ၄၂၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီရုံး အဆောက်အဦ၏ သုံးလွှာတွင် ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၃၈၃၆၇၆ နှင့် ဝ၉-၇၃၁၆-၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။