News

အာရှ ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် မဖြစ်နိုင်သေး

အာရှပစိဖိတ် ဒေသတွင် ကြီးမားသော လွတ်လပ်သည့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာ ယခုနှစ်တွင် မဖြစ်နိုင်ကြောင်း မလေးရှားက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ ယခုနှစ်ကုန် သတ်မှတ်ထားသော နောက်ဆုံးအချိန်တွင် သဘောတူညီချက် ရရှိနိုင်ကြောင်း အမေရိကန်က ပြောကြားပြီးနောက် တစ်ရက်တွင် မလေးရှားက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု နှစ်ကုန်သည် Trans- Pacific Partnership (TPP) သဘောတူညီချက်အတွက် အလွန်ကျပ်သော အချိန်ဇယား ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။ တနင်္လာနေ့က စတင်သော အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC)၏ နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးက အချိန်ဇယား ဖြစ်နိုင်မှုရှိမရှိ အသိ တစ်ခုကို ပေးခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ် စတီဖင်ဟာပါနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် နာဂျစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါပေမယ့် ကျွန်တော်တို့ သိထားတာကတော့ ဒီနှစ်အကုန်ဆိုတဲ့ အချိန်နယ်ပယ်ထက် ပိုပြီးတော့ အချိန်ယူရနိုင်ပါတယ်”ဟု နာဂျစ်က ထပ်မံပြောကြားခဲ့သည်။ APEC ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် အကဲခတ်သော ပြဿနာများနှင့် ပတ်သက်၍ ညှိနှိုင်းသူများသည် တိုးတက်မှုရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်းက စနေနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ (NAFTA)နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိရန် လိုလားကြောင်း အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားထားသည်။ အာရှ- ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ ၄၀ရာခိုင်နှုန်းကျော် ရှိသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *