News

ကမ္ဘာ့သမုဒ္ဒရာများကို စောင့်ကြည့်မည့် ဂျပန်ဂြိုလ်တုများ လွှတ်တင်မည်

ဂျပန်နိုင်ငံ အစိုးရသည် တိုကျိုမှ ထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်နိုင်ငံဘက်မှ သငေ်္ဘာများ သွားလာခြင်း၊ တရုတ်နှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုဆိုင်ရာ ပြဿနာများ ရှိနေစဉ်မှာပင် ကမ္ဘာ့ပင်လယ် သမုဒ္ဒရာများကို စောင့်ကြည့်အကဲခတ်သွားရန်အတွက် ဂြိုလ်တုများ လွှတ်တင်သွားရန် စီစဉ်နေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ လာမည့်ငါးနှစ်အတွင်း ဂျပန်အစိုးရ အနေဖြင့် ဂြိုလ်တုကိုးလုံး လွှတ်တင်သွားမည်ဖြစ်ကာ ရေပိုင်နက် ကျူးကျော်ခြင်းများနှင့် နိုင်ငံခြား သငေ်္ဘာများ၏ ဂျပန်ရေပြင်အတွင်း သွားလာလှုပ်ရှားမှုများကို ခြေရာခံစောင့်ကြည့်နိုင်ရန်အတွက် စီစဉ်နေကြောင်း၊ ဂျပန်ပြည်တွင်း စီးပွားရေးဆိုင်ရာ နေ့စဉ်သတင်းစာ နစ်ကိုင်းက ဖော်ပြထားသည်။

အဆိုပါ သတင်းစာက အစိုးရမှ လွှတ်တင်မည့် ယင်းဂြိုလ်တုများသည် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ခန့်မှန်းနိုင်ရေးအတွက် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ကောက်ယူ စုဆောင်းသွားမည်ဟု ဆိုသည်။ သို့ရာတွင် နစ်ကိုင်း သတင်းစာ၏ ဖော်ပြချက်ကို အစိုးရ ဝန်ကြီးဌာနဆိုင်ရာ အရာရှိများက အတည်မပြုသေးကြောင်း သိရသည်။ သတင်းစာ၏ ဖော်ပြချက်သည် အရှေ့တရုတ် ပင်လယ်အတွင်း ဆင်ကာကူကျွန်းအနီးတွင် တရုတ်အစိုးရပိုင် သငေ်္ဘာသုံးစီး ချဉ်းကပ်လာခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နှင့် ဂျပန်နှစ်နိုင်ငံအကြား နယ်မြေပိုင်နက် အငြင်းပွားမှုများသည် ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပွားခဲ့ပြီး ယမန်နှစ် စက်တင်ဘာလတွင် တိုကျို၌ ဆင်ကာကူကျွန်းစုများမှ ကျွန်းငယ်သုံးခုကို နိုင်ငံပိုင် ဝယ်ယူလိုက်ရာမှ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပိုမို ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ကမ္ဘာ့သမုဒ္ဒရာများကို စောင့်ကြည့်မည့် ဂျပန်ဂြိုလ်တုများ လွှတ်တင်မည်

  1. Myo Thiha says:

    အော် ..ဘာတွေလဲလို့ ကြည့်လိုက်တော့လဲ ဥစ္စာခြောက်နေတဲ့ ဂျပန်တွေပါလား။နဂိုကတည်းက ရေးဆွဲထားတဲ့မြေပုံတွေလည်း အသုံးမ၀င်တော့ဘူးလား။ တရုတ်ကလည်းဒီလိုပဲ။

Leave a Reply

Your email address will not be published. Required fields are marked *