အမျိုးသမီးတွေ အသက်ရှည်ပြီး ကျန်းမာတဲ့ ဘဝတွေကို ရရှိစေဖို့အတွက် အဓိကကျတဲ့ နည်းလမ်းနှစ်ရပ် လေ့လာတွေ့ရှိထားတယ်လို့ Mg Mandalay၊ မြဝတီ ကျန်းမာရေးရဲ့ သစ်ထူးလွင်မှာ ဖော်ပြထားတာကို ပြန်လည် မျှဝေတင်ပြလိုက်ရပါတယ်။
ပထမအချက်ကတော့ “အကောင်းဆုံးကို မျှော်လင့်ပါ”တဲ့။ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ လေ့လာမှုအရ အမျိုးသမီးဦးရေ တစ်သိန်းကို လေ့လာခဲ့ရာမှာ အကောင်းမြင်နှုန်းများတဲ့သူတွေဟာ အဆိုးမြင်တတ်သူတွေထက် လေ့လာမှုအပြီး ပထမရှစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၁၄ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ အကောင်းမြင်သမားတွေဟာ လူမှုဆက်ဆံရေး ကွန်ရက်ခိုင်မာပြီး စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအချက်မှာ “ချစ်သောသူကို ကြင်နာပါ”တဲ့။ စိတ်ဖိစီးမှု ခံစားရပုံချင်း တူနေရင်တောင် ဂရုစိုက်ရမယ့် ဘဝကြင်ဖော်ရှိနေတဲ့ အိမ်ထောင်ရှင်တွေဟာ အရွယ်မတိုင်ခင် အသက်သေဆုံးနိုင်ခြေ ၃၆ရာခိုင်နှုန်း လျော့နည်းကြောင်း မီချီဂန်တက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ချစ်တဲ့သူနဲ့ အတူရှိနေတာဟာ ခန္ဓာကိုယ်ကနေ ချည်နှောင်တဲ့ ဟော်မုန်းအောက်ဆီတိုစင် ထွက်စေခြင်းနဲ့ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အထွက်နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေတာကြောင့်ပါ။ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းရှိနေရင် သွေးဖိအား မြင့်တက်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။