News

ပြည်သူ့အသံသိရန် နော်ဝေဝန်ကြီးချုပ် တက္ကစီမောင်း

နော်ဝေဝန်ကြီးချုပ် ယန်စတောက်တန်ဘတ်သည် မဲဆန္ဒရှင် ပြည်သူများ၏ သဘောထားအမှန်ကို ဖော်ထုတ်နိုင်ရန်အတွက် မွန်းလွဲပိုင်းတစ်ခု၌ တက္ကစီကား ဒရိုင်ဘာအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သြဂုတ်လ ၁၁ရက်က ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ သူက “ပြည်သူတွေ အမှန်တကယ် ဘာတွေ တွေးနေတယ်ဆိုတာ ကြားရဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်။ လူတွေ သူတို့ တွေးမိကြတဲ့ နေရာတစ်ခုကတော့ တက္ကစီ တစ်ခုပေါ်မှာပါ” ဟုပြောကြားခဲ့ပြီး ဗီဒီယိုဖိုင်တစ်ခုကို Facebook/Twitter နှင့် You Tubeတို့တွင် တင်ခဲ့သည်။

စက်တင်ဘာ ၉ရက် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ အပြည့်အဝ ပြုလုပ်နေစဉ် ကာလအတွင်း သူ၏ဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ဆုံး ကောက်ခံရရှိသော သဘောထား စစ်တမ်းများအရ စတောက်တန်ဘတ်၏ ဗဟိုလက်ဝဲယိမ်း မဟာမိတ်အဖွဲ့သည် ရွေးကောက်ပွဲတွင် အခြေအနေ မကောင်းနိုင်ဟု ဆိုသည်။ ဗီဒီယိုတွင်အော်စလို တက္ကစီမောင်းသမား ယူနီဖောင်းကို ဝတ်ဆင်လျက် ခရီးသည်များကို မာစီဒီးအနက်ရောင်ဖြင့် တင်ဆောင်နေသည့် စတောက်တန်ဘတ်ကို နော်ဝေးနိုင်ငံ မြို့တော်အော်စလို၏ ဇွန်လ ညနေခင်းတစ်ခု၌ တွေ့မြင်ရသည်။ တက္ကစီအတွင်းတပ်ဆင်ထားသည့် ကင်မရာက ခရီးသည်များ၏ တုံ့ပြန်မှုများကို မှတ်တမ်း တင်ထားသည်။ ယင်း၌ခရီးသည်တစ်ဦးက “ဒီလိုကြည့်ရင် ခင်ဗျားက ဝန်ကြီးချုပ်နဲ့တောင် တူသေးတယ်”ဟု မှတ်ချက် ပေးခဲ့သေးသည်ဟု ဆိုသည်။

ခရီးသည်များအနက် အဖွားကြီးတစ်ယောက်က စတောက်တန်ဘတ်ကို မှတ်မိသွားပြီး ကုမ္ပဏီ အကြီးအကဲများ၏ လစာအကြောင်း တောင်းဆိုမှု တစ်ခု ပြုလုပ် သွားခဲ့သေးသည်ဟု သိရသည်။ အဖွားကြီးက “သူတို့တွေ ဒီလိုမျိုးပိုက်ဆံတွေ သန်းနဲ့ချီပြီးမရသင့်ဘူး”ဟုပြောသွားခဲ့သည်။ ဝန်ကြီးချုပ် တက္ကစီကားမောင်းနေစဉ် အနောက်ဘက်ခုံတွင်ထိုင်သော သူ၏ခရီးသည်များသည် ပညာရေး ကိစ္စမှသည် ရေနံမူဝါဒအထိ အကြောင်းအရာ အမျိုးမျိုးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ခရီးသည်များ၏ ပြောစကားများအပြင် ဝန်ကြီးချုပ်က သူတက္ကစီကား မမောင်းဖြစ်သည်မှာ ရှစ်နှစ်ခန့်ကြာပြီဖြစ်ကြောင်း ခရီးသည်တစ်ဦးထံ ဝန်ခံခဲ့သည်ကိုလည်း ကြားသိရသည်။ အမျိုးသမီးငယ်တစ်ဦးက ဝန်ကြီးချုပ်၏ ကားမောင်းပုံကြောင့် “မသေလို့တော်သေးတာပေါ့”ဟု မှတ်ချက်ပြုခဲ့သလို အခြားအမျိုးသမီးတစ်ဦးကလည်း ရုတ်တရက် ဘရိတ်ဆောင့်အုပ်ခဲ့သည့် ဝန်ကြီးချုပ်ကို အပြစ်တင်ခဲ့သည်ဟုဆိုသည်။ စစ်တမ်းများအရ အခြေအနေမကောင်းသော်လည်း အဘိုးကြီးတစ်ဦးကမှု စတောက်တန်ဘတ်၏ လေဘာပါတီကို မဲပေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *