သွားကိုက်သည့်အခါ (သို့မဟုတ်) သွားနှင့်ပတ်သက်သည့် ဝေဒနာခံစားရပါက အမြန်ဆုံးပျောက်ကင်းလိုခြင်း ရှိကြသည်။ ရှေးဟောင်းလူသားများသည်လည်း အလားတူသွားနှင့်ပတ်သက်သော ဝေဒနာခံစားရမည်ဖြစ်ရာ သွားဘက်ဆိုင်ရာ ကုသမှုမှာ လူသားမျိုးနွယ်စတင်ချိန်ကတည်းက တစ်စိတ်တစ်ပိုင်းရှိခဲ့ဖွယ် အနေအထားရှိသည်။ ရှေးခေတ်အချိန်အခါက သွားကိုမည်သို့ ပြောင်စင်အောင်တိုက်ရမည် စသည့် (၅၂) ချက်ပါသော စည်းကမ်းချက်များရှိခဲ့ကြောင်း ခိုင်လုံသောအထောက်အထားများနှင့် ရှာဖွေတွေ့ရှိခဲ့သည်။ သို့ရာတွင် သေချာသည့်အချက်တစ်ခုမှာ ရှေးခေတ်အချိန်အခါက ယနေ့ခေတ်ကဲ့သို့သွားနှင့်ပတ်သက်သည့် ဗဟုသုတ၊ အထူးသဖြင့် ကုသမှုဆိုင်ရာကို မသိရှိကြပေ။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ရှေးဟောင်းဂရိ နိုင်ငံတွင် သွားနုတ်ပေးသောဆရာ၀န်များရှိခဲ့ပြီး၊ အေဒီ ၁၄၀၀ ခန့်က ယိုင်နဲ့နေသော သွားများနုတ်ခြင်းသာပြုလုပ်ပေးကြပြီး ကိရိယာသစ်များပေါ်ပေါက်သောအခါ တခြားသွားများကိုပါနှုတ်ပေးကြသည်။
ဂရိတွင်ကလေးများသွားနာပါက သက်သာစေရန် ဆေးဖြင့်ကုသပေးကြပြီး၊ နှစ်ပေါင်း ၂၀၀ ၀န်းကျင်ရောက်သောအခါ ပိုမိုကောင်းမွန်သောကိရိယာများဖြင့် ကုသပေးနိုင်လာသည်။ အေဒီ ၁၁၀၀ မှ ၁၄၀၀ အလယ်ခေတ်ကာလသို့ ရောက်သောအခါ သွားပေါက်ဖာခြင်းများ ပြုလုပ်လာကြပြီး၊ ဖယောင်း၊ ကော်စေးများ ဖြင့်ပြုလုပ်ပေးကြကာ နောက်ပိုင်းတွင် ခဲ၊ ရွှေစသော သတ္တုများကို အသုံးပြုလာကြသည်။
၁၄၉၈ ခုနှစ်တိုင်အောင်သွားပွတ်တံများတီထွင်နိုင်ခြင်းမရှိသေးသော်လည်း တရုတ်နိုင်ငံမှ သွားဆရာ၀န်များကမူ ဘုရင့်မိသားစုအတွက် သွားတိုက်တံပုံစံမျိုး တီထွင်ပေးခဲ့ကြသည်။ လွန်ခဲ့သောနှစ်တစ်ရာကျော်က သွားဆရာ၀န်ဖြစ်လိုသူတစ်ဦးသည် လက်ရှိလုပ်ကိုင်နေသော သွားဆရာ၀န်ထံတွင် အလုပ်သင်အဖြစ် သင်ကြားလုပ်ကိုင်ကြရသည်။ ၁၈၄၀ ခုနှစ်တွင် The Baltimore College of Dental Surgery အမည်ရှိ ပထမဆုံးသွားဘက်ပညာကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။