News

ရေကျိုငါးပိပြဿနာ ထပ်မံပေါ်ပေါက်ပါက ငါးပိလုပ်ငန်းရှင် အသင်းမှ တာဝန်ယူမည်

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၃ရက်နေ့က ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက်ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဌ ဦးခင်လတ်က ပြောကြားသည်ဟု သိရသည်။

လက်ရှိ အချိန်တွင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါးရှိပြီး အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ရေကျိုငါးပိတွင် ယူရီးယား တွေ့သည်ဟု ဆိုသော စားသုံးသူ ကာကွယ်ရေး အသင်း၏ ထုတ်ပြန်ချက်ကြောင့် ငါးပိဈေးကွက်ရောင်းအား နှစ်ဆနီးပါး လျော့ကျခဲ့ရာက စားသုံးသူများ အတွက် လုံခြုံ စိတ်ချမှုရှိသော ၊ သန့်ရှင်းသော ငါးပိဈေးကွက်ပေါ်ပေါက်ရန် အောက်တိုဘာ ၁၃ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ငါးပိလုပ်ငန်းရှင်များ၊ စားသုံးသူကာကွယ်ရေးအသင်း၊ ဓါတုဗေဒပညာရှင်များနှင့် စားသုံးသူများ စုစည်းကာ ပထမဆုံး အဖြေရှာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အခုဆို အချိုမှုန့်ရော၊ ကြက်သားမှုန့်ကိုပါ ရှောင်ထားကြတယ်။ အဓိက ငါးပိ၊ ငံပြာရည်တို့ကိုပဲ အားကိုးပြီး သုံးနေရတာပါ။ ဒါကို ရောင်းတဲ့ လုပ်ငန်းရှင်တွေက တာဝန်ယူပေးနိုင်ရင်ကောင်းမယ်”ဟု စားသုံးသူ တစ်ဦးက ဆိုသည်။

သို့ဖြစ်၍ စားသုံးသူကာကွယ်ရေး အသင်းက စားသုံးသူများ၏ အခွင့်အရေးနှင့် အန္တရာယ်ဖြစ်စေမည့် အရာများကို အခါအခွင့်သင့်တိုင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်ရေးမှူး ဒေါက်တာရီလွင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် တည်ထောင်ထားပြီး အကျယ်အဝန်းအားဖြင့် မြေဧက ၉၀၀ကျော်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဘက်က ရရှိသော ငါးများကို ငါးပိအဖြစ် အဆင့်ဆင့် ပြုလုပ်ကာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ရောင်းချနေကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “ရေကျိုငါးပိပြဿနာ ထပ်မံပေါ်ပေါက်ပါက ငါးပိလုပ်ငန်းရှင် အသင်းမှ တာဝန်ယူမည်

  1. Thi Ha says:

    ဝမ်းသာစရာပါပဲဗျာ …..ငပိကြိုက်တယ်ဗျ

  2. Daniel Nay says:

    ဘယ်လိုတာဝန်ယူမှာလဲ

  3. Nyein Su says:

    သေရင် အသက်ပြန်ရော်ပေးမှာလား တိတိကျကျပြောပါ ဘာမှတောင်မစားရဲလောက်အောင်ဘဲ

Leave a Reply

Your email address will not be published. Required fields are marked *