News

သမဝါယမစနစ် မအောင်မြင်ရခြင်း၊ စနစ်ကြောင့် မဟုတ်၊ အကောင်အထည် ဖော်သူတွေကြောင့်သာ ဖြစ်

မြန်မာနိုင်ငံ၏ သမဝါယမစနစ် မအောင်မြင်ရခြင်းမှာ စနစ်ကြောင့် မဟုတ်ပဲ အကောင်အထည်ဖော်သူများကြောင့်သာ ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းက ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၆ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ သမဝါယမ စနစ်ဆိုသည်မှာ နိုင်ငံ၏ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာသော စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ သမဝါယမစနစ် မှေးမှိန်ခဲ့ရခြင်းမှာ ယင်းစနစ်အား အကောင်အထည်ဖော်သူများ၏ အားနည်းချက်ကြောင့်သာ ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

“သမဝါယမစနစ်အောင်မြင်ဖို့အတွက် အောက်ခြေအသင်းခွဲလေးတွေရဲ့ တာဝန်ရှိသူအပိုင်းကို ဒီမိုကရေစီ နည်းကျ ပြန်လည်ရွေးချယ်မယ်။ အသင်းသားတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ ရေးဆွဲလုပ်ကိုင်သွားမယ်။ လိုက်နာဖို့လည်း စည်းကမ်းတွေကို ချမှတ်ထားတယ်”ဟု ဝန်ကြီးက ပြောသည်။

ဝန်ကြီးက ဆက်လက်ပြောကြားရာမှာ အသင်းသားများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ခွင့်ပြုထားသော ရန်ပုံငွေဖြင့်သာ လုပ်ကိုင်ရန်၊ ငွေချေးယူသူများထံမှ တစ်စုံတစ်ရာ ဖြတ်တောက်ခြင်းအား လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း၊ ချေးငွေထုတ်ချေးရာတွင် ငွေပြန်ဆပ်သူများကိုသာ ပြန်လည်ထုတ်ချေးခြင်းဖြင့် သမဝါယမလုပ်ငန်းအား ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က “သမစနစ်ကို အောင်မြင်ချင်ရင် အစိုးရကချုပ်ကိုင်တာတွေ မလုပ်ဖို့၊ သီးခြားလွတ်လပ်စွာ လှုပ်ရှားခွင့်ပေးဖို့ လိုတယ်။ ပံ့ပိုးပေးဖို့ လိုတယ်။ ကူညီပေးရမယ်။ သမဝါယမဆိုတာ ပြည်သူတွေ ထင်သလို ဆိုရှယ်လစ် မဟုတ်ဘူး။ နိုင်ငံရေး မဟုတ်ဘူးဆိုတာကို နားလည်အောင် အစိုးရက ပြန်လုပ်ပေးရမယ်။ သမဝါယမဆိုတာ နိုင်ငံရဲ့ စီးပွားရေး ပုံစံတစ်ခုဆိုတာသိရင် ဒါဟာ အောင်မြင်လာမှာပဲ။ အစိုးရပိုင်းက စိတ်ရှည်ရှည်နဲ့ ပြည်သူတွေ နားလည်အောင် လုပ်ပေးရမယ်”ဟု ပြောသည်။

သမဝါယမ စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကလည်း “ပြည်ထောင်စု ဝန်ကြီးပြောသလို သမဝါယမ အောက်ခြေအသင်းတွေကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းမယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ တကယ်အောက်ခြေအဆင့်မှာ ဖြစ်နေတာတွေက ကွဲလွဲနေတယ်။ သမဝါယမက လူတစ်ဦးကို ကျပ်တစ်သိန်းနဲ့ ချေးတယ်။ စုငွေအနေနဲ့ ၁၀ရာခိုင်နှုန်း ထားတယ်ဆိုပေမယ့် ပြန်ထုတ်ယူတဲ့ နေရာမှာ ထောက်ခံစာမျိုးစုံ တောင်းနေတဲ့အတွက် ထုတ်ရမယ့်သူတွေ စိတ်ပျက်ပြီး မထုတ်ချင်ကြတော့ဘူး။ တချို့တွေဆိုရင် မိဘသေလို့ သားက သွားထုတ်တာတောင် မရတာတွေ ရှိတယ်။ အဲဒါတွေကို အစိုးရပိုင်းရယ်၊ လွှတ်တော်ပိုင်းတွေက သေချာ ကိုင်တွယ်ဖို့ လိုတယ်”ဟု ဆိုသည်။

အဆိုပါ သမဝါယမ စနစ်နှင့် ပတ်သက်၍ သမဝါယမတစ်ခေတ်ကို မီခဲ့သူ၊ ဖြတ်သန်းလာခဲ့သူ ပင်စင်စားကြီးတစ်ဦးက “သမဝါယမဆိုင်တွေမှာဆိုရင်၊ စာရေးမကအစ သမဝါယမ လူကြီးတွေအဆုံး ကိုယ့်အိတ်ထဲ ထည့်ဖို့ပဲ စဉ်းစားနေတာ၊ ပြည်သူလူထုအတွက် သက်သာချောင်ချိအောင် ဘယ်လိုလုပ်ပေးရမလဲ မစဉ်းစားဘူး၊ ပစ္စည်းကောင်းလေးတွေ ဆိုရင်လည်း မှောင်ခိုထုတ်တယ်။ မဖြစ်မနေ ပြည်သူကို ရောင်းပေးရမယ် ဆိုရင်လည်း အရောင်းထိုင်း ပစ္စည်းလေးတွေနဲ့ တွဲရောင်းတယ်။ ဆန်တွေ ဆီတွေဆိုလည်း အရောအနှောတွေ လုပ်ကြတယ်။ အခြေခံ လူတန်းစားတွေနဲ့ လူလတ်တန်းစားတွေအထိပါ ခံစားခဲ့ကြရတာ။ သားဝမယားဝ လုပ်လွန်းလို့ သမဝါယမ စနစ်ကြီး ပျက်စီးခဲ့ရတာပဲ။ ဘုံအကျိုးစီးပွားအတွက် လုပ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်ခဲ့ကြလို့ လူတွေက သမဝါယမဆို တော်ပါပြီဆိုပြီး လက်လန်နေကြတာ။ စောစောက ဝန်ကြီး ပြောသလိုပဲ။ စနစ်ကကောင်းပေမယ့် လူတွေက မကောင်းလို့ မအောင်မြင်ရတာဆိုတာ မှန်ပါတယ်”ဟု သူ၏ ခံစားချက်ကို ပြောပြခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *