News

အစိုးရက မြေဈေးနှုန်းများ ထိန်းချုပ်တော့မည်ဟု ဆို

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုများအား ထိန်းချုပ်ရန်အတွက် အစိုးရက ပုံသေမြေဈေးနှုန်း သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိပေါက်နေသည့် မြေဈေးကြီးမြင့်မှုများအား ထိန်းချုပ်ရန် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးမှ စတင်ကာ တစ်ပေပတ်လည်မြေဈေးနှုန်းများအား သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၂၃ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ မြေဈေးတွေ ကြီးနေတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေ ကြီးနေတာကို အခွန်နည်းလမ်းများနဲ့လည်း ထိန်းပြီးလုပ်ဆောင်ဖို့တွေ ရှိပါတယ်။တစ်ပေပတ်လည်ဈေးနှုန်းတွေကိုလည်း ပုံသေသတ်မှတ်ပေးဖို့ ရှိပါတယ်”ဟု ဦးစိုးသိန်းက ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ အဓိကလမ်းများ၏ မြေဈေးများသည် တစ်ပေပတ်လည်လျှင် ၁၀သိန်းနှင့် ၁၅သိန်းဝန်းကျင်ရှိပြီး တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များတွင်လည်း မြေဈေးသည် တစ်ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းက “မြေဈေးတွေကြီးတာကို ထိန်းချုပ်ဖို့ ဒီလိုထိန်းချုပ်တဲ့နေရာမှာလည်း တံဆိပ်ခေါင်းခွန်တွေကို ကြပ်မတ်စွာ ဆောင်ရွက်ရမယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း အတွင်းရေးမှူး ဦးခင်မောင်အေးက “မဆလ ခေတ်တုန်းက တောင်ကုန်စည်ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင်ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေ ဈေးနှုန်းကို တရားဝင် ပုံသေ သတ်မှတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ နိုင်ငံတကာ မြေပေါက်ဈေးတွေနဲ့ သူတို့ဆီက နည်းပညာတွေကိုလည်း လေ့လာမှ အဆင်ပြေမယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

မြေဈေးနှုန်းများသည် သက်ဆိုင်ရာ ဒေသအနေအထား၊ ရပ်ကွက်၊ မြို့နယ်အနေအထား၊ လမ်းအနေအထား စသည်ဖြင့် အနေအထားအမျိုးမျိုးအလိုက် ဈေးနှုန်းများလည်း အသီးသီးရှိကြသည်ဖြစ်ရာ အားလုံးကို ခြုံငုံ၍ တစ်ပေပတ်လည်ပုံသေဈေးနှုန်း သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း၊ ရပ်ကွက်တစ်ခုတည်းတွင်ပင် လမ်းမကြီးဘေးက တစ်မျိုး၊ လမ်းသွယ်ထဲက တစ်မျိုး၊ လမ်းမကြီး နောက်ကျောဘက်တစ်မျိုး စသဖြင့်ရှိရာ အထက်ပါ အနေအထားများအရ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် မြေဈေးနှုန်းများ အမျိုးမျိုးရှိနေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြေဈေးနှုန်းကို ပုံသေသတ်မှတ်ပေးဖို့ဆိုသည်မှာ ခက်ခဲမည်ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့ခံတစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *