News

မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် The Eldersအဖွဲ့ ထောက်ခံ

www.innovapedia.org

မြန်မာနိုင်ငံသို့ သုံးရက်ကြာရောက်ရှိနေသည့် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders)က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များအပေါ် ထောက်ခံ အားပေးနေမည်ဖြစ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်နေသော နိုင်ငံခေါင်းဆောင်များအား ပိုမိုကောင်းမွန်သော တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ခေါင်းဆောင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက စက်တင်ဘာ ၂၆ရက်က ရန်ကုန်မြို့ရှိ The Strand Hotel၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။

ပြည်တွင်းနှင့် ပြည်ပမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရန် အကောင်အထည်ဖော် ကြိုးပမ်းမှုတွင် ပါ၀င်လှုပ်ရှားခဲ့သူများ၊ လုပ်ဆောင်ချက်များကို ကြိုဆိုခဲ့ပြီး လာမည့်နှစ်များတွင်လည်း မြန်မာပြည်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆက်လက် ပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူအားလုံးဆီက အသံတွေကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ လာရောက် နားထောင်ခြင်းဖြစ်ပါတယ်။ သူတို့အားလုံးကို ထောက်ခံအားပေးဖို့ ရောက်ရှိခဲ့တာပါ။ ကျွန်တော်တို့ ဒီခရီးစဉ်မှာ တွေ့ဆုံသူတွေကို မေးခဲ့တဲ့မေးခွန်းကတော့ ဘယ်လို ဒီမိုကရေစီပုံစံမျိုးကို မျှော်မှန်းပါသလဲဆိုတဲ့ မေးခွန်းပါပဲ”ဟု မစ္စတာဂျင်မီကာတာက ပြောဆိုသည်။

ထို့အပြင် တိုင်းရင်းသားများ၏ ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် အားလုံးပါ၀င်ဆွေးနွေးနိုင်မည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးနိုင်မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders)က တိုက်တွန်းခဲ့သည်။ ထိုကဲ့သို့ နယ်စပ်ဒေသ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် လူနည်းစုများနှင့် အစိုးရကြား ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီအာတီဆာရီက “ကျွန်တော်အမြဲပြောလေ့ရှိပါတယ်။ ဒါဟာ အစပါ။ ဒီဖြစ်စဉ်ရဲ့ အဆုံး မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အရသာခံစားဖို့ဆိုတာ ဒီပဋိပက္ခတွေရဲ့ အောက်မှာ တိမ်မြှုပ်နေတဲ့အကြောင်းခြင်းရာကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ အချက်ကို သတိထားရမှာပါ”ဟု မှတ်ချက်ပြု ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများရှိနေသေးကြောင်း၊ ပဋိပက္ခများသည် အမြဲတမ်းမတူညီသော်လည်း ဖြစ်စဉ်များ၏ နောက်ပိုင်းတွင် တူတာတစ်ခုတော့ အနည်းဆုံးရှိကြောင်း၊ အောင်မြင်မှုရှိစေရန် အားလုံးနှင့်ဆိုင်သည့် စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် ဆန့်ကျင်ဘက် ပြုလုပ်သည့် စိတ်နေစိတ်ထားအား စွန့်လွှတ်နိုင်သည့်အပေါ်တွင် မူတည်ကြောင်း၊ ယခုအချိန်တွင် မြန်မာလူမျိုးလောက် ငြိမ်းချမ်းရေးကိုလိုလားသူများ ရှိမည်မထင်ကြောင်း၊ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီအာတီဆာရီက ဆက်လက်ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့က အစ္စလာမ် ဘာသာ၀င်များအား အကြမ်းဖက်သူ လက်သည်တရားခံများကို ယခုကဲ့သို့ အရေးမယူပဲ လွှတ်ထားခြင်းအား ရပ်တန့်ပါရန်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်ဟု သိရသည်။

ယင်းကဲ့သို့ လူတစ်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တိုင်းပြည်အနှံ့ ဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ “မြန်မာနိုင်ငံမှာ မတူညီတဲ့ ဘာသာ၀င်လူမျိုးကြား တင်းမာမှုတွေအပေါ် အာရုံစူးစိုက်မှုတွေ ရှိခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေကိုလည်း မေတ္တာနဲ့ သည်းခံခြင်းရှေ့ထားပြီး လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အစွန်းရောက်သူများရဲ့ အရိုးစွဲနေတဲ့ မုန်းတီးမှုတွေကို ဖျောက်ဖျက်ဖို့ကတော့ နှစ်တွေအတော်ကြာဦးမှာပါ။ ပညာရေး သင်ရိုးညွန်းတမ်းမှာ ထည့်ဆွဲရမယ့် ယဉ်ကျေးမှု ဖလှယ်ခြင်းနဲ့ဖြစ်စေပေါ့။ ရခိုင်ဒေသမှာ ရှိတဲ့သူတွေအားလုံး မည်သည့်ဘာသာ၀င်တွေဖြစ်စေ အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့ စားနပ်ရိက္ခာ၊ ပညာရေး၊ လုံခြုံရေးတွေ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ဒီလို အဓိပ္ပာယ်မဲ့ ဖျက်လို့ဖျက်ဆီး အကြမ်းဖက်မှုမျိုးကို လျစ်လျူမရှုသင့်ပါဘူး”ဟု နော်ေ၀နိုင်ငံ ၀န်ကြီးချူပ်ဟောင်း ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ ဒုတိယ ဥက္ကဌဂရိုဟာလမ်ဘရန့်စ်လန်းက ပြောကြားသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၄ရက်မှ ၂၆ရက်အထိ သုံးရက်ကြာ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးနှင့် ၂၀၁၃ခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားလုံး၀ မကျန်ရှိအောင် ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မကြာမီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အပစ်အခတ်များ ရပ်စဲခဲ့ပြီဖြစ်သော်လည်း ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရန် လိုအပ်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင် အပါအ၀င် လူမှုရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Source: The Standard Time Daily

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် The Eldersအဖွဲ့ ထောက်ခံ

Leave a Reply

Your email address will not be published. Required fields are marked *