News

ဂျိမ်းစ်ဘွန်း၀တ္ထုအသစ် ထွက်ပြီ

trustmeimajedi.blogspot.com

ကမ္ဘာကျော် စပိုင်ဇာတ်ကောင်ဂျိမ်းစ်ဘွန်း (007) ပါ၀င်သည့် SOLOဟု အမည်ရသော ၀တ္ထုကို အင်္ဂလန်တွင် စက်တင်ဘာ ၂၆ရက်က စတင်ဖြန့်ချီလိုက်ပြီဟု သိရသည်။ ယခုအသစ်ထွက်သည့် ဂျိမ်းစ်ဘွန်း၀တ္ထုကို နာမည်ကျော် ဗြိတိသျှလူမျိုး စာရေးဆရာ၀ီလျံဘွိုင်က ရေးသားထားခြင်းဖြစ်ပြီး မူလဂျိမ်းစ်ဘွန်းဇာတ်ကောင် စရိုက်များပြန်လည် ပါ၀င်အောင် ရေးသားထားသည်ဟု စာရေးသူက ပြောကြားထားသည်။

SOLO ၀တ္ထုသည် ၁၉၆၉ခုနှစ်၊ အနောက်အာဖရိကဒေသ၏ ပြည်တွင်းစစ်တစ်ခုကို ဇာတ်အိမ်တည် ရေးဖွဲ့ထားခြင်းဖြစ်ပြီး ဂျိမ်းစ်ဘွန်းဇာတ်ကောင်သည် ယင်း၀တ္ထုထဲတွင် အသက် ၄၅နှစ်အရွယ် ရှိနေပြီဖြစ်သည်ဟု ဆိုသည်။ ဂျိမ်းဘွန်းဇာတ်ကောင်သည် SOLO ထဲတွင် အသက်အရွယ် အနည်းငယ်ကြီးလာပြီ ဖြစ်သော်လည်း သူ၏စရိုက်ဆိုးများဖြစ်သည့် ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အရက်ကြိုက်ခြင်း၊ မိန်းမချောလေးများနှင့် ရှုပ်တတ်ခြင်း စသည်တို့မှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အသစ်ကျပ်ချွတ် ဂျိမ်းစ်ဘွန်း စာရေးဆရာ၀ီလျံဘွိုက်က ပြောကြားထားပါသည်။

“ဂျိမ်းစ်ဘွန်းရဲ့စရိုက်တွေ လျော့ပါးသွားအောင် ဒါမှမဟုတ် ဆော်နဲ့ပိုပြီး အံ၀င်ခွင်ကျအောင် ကျွန်တော် မပြင်ချင်ပါဘူး။ ဒီ၀တ္ထုထဲမှာလည်း သူက အရက်သောက်မယ်၊ ဆေးလိပ်သောက်မယ်။ မူလ ဂျိမ်းစ်ဘွန်း လုပ်လိမ့်မယ်လို့ ပရိသတ်တွေ မျှော်လင့်ထားသမျှ အားလုံးကို သူလုပ်မှာပါ”ဟု ၀ီလျံဘွိုက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ပထမဆုံး စတင်ဖန်တီးခဲ့သည့် စာရေးဆရာ အီယန်ဖလင်းမင်း ၁၉၆၄ခုနှစ်တွင် ကွယ်လွန်သွားပြီးသည့် နောက်ပိုင်း ဖလင်းမင်း၏ ဂန္တ၀င်ဇာတ်ကောင်ကို ပျောက်ကွယ်မသွားစေချင်သည့် စာရေးဆရာများက ဂျိမ်းစ်ဘွန်း၀တ္ထုများ ဆက်လက်ရေးသားခဲ့ကြပြီး ယခုအခါတွင်မူ နာမည်ကျော် ဗြိတိသျှ စာရေးဆရာ ၀ီလျံဘွိုက်ပါ ပါ၀င်လာခဲ့ခြင်း ဖြစ်ပါသည်။ ၀ီလျံဘွိုက်၏ ဂျိမ်းစ်ဘွန်း၀တ္ထု SOLOကို ဗြိတိန်တွင် စက်တင်ဘာ ၂၆ရက်က စတင်ရောင်းချခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင်မူ အောက်တိိုဘာ ၈ရက်နေ့၌ ဖြန့်ချီမည်ဖြစ်သည်ဟု သိရသည်။

BBC

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *