Gaming

The Devil Is a Part-Timer! (Hataraku Mao-sama!)

The Devil Is a Part-Timer!

Genre – Fantasy, Comedy
No. of Episodes – 13
Studio – White Fox
Score – 4.5 out of 5

The Devil Is a Part-Timer! (Japan အမည် – Hataraku Mao-sama!) ဇာတ်လမ်းဟာ Ente Isla လို့ခေါ်တဲ့ ဆန်းပြားတဲ့ မှော်အစွမ်းများ၊ ထူးခြားဆန်းကြယ်တဲ့ သတ္တဝါများကို မြင်တွေ့နိုင်မည့် အခြားကမ္ဘာ တစ်ခုနှင့်အတူ သာမန်လူသားများ နေထိုင်တဲ့ Japan နိုင်ငံ Tokyo မြို့တို့မှာ တစ်ပြိုင်တည်းနေရာယူထားတဲ့ Fantasy ၊ Comedy နှင့် Action အမျိုးအစားများစွာ ရောစပ်ထားတဲ့ စိတ်ဝင်စားဖွယ် Animation Series ဇာတ်လမ်းသစ်တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် နှစ်ယောက်ကတော့ Ente Islaရဲ့ နယ်မြေအများစုကို အုပ်စိုးထားသလို လူသားများ နေထိုင်ရာ ကုန်းမြေများကိုပါ သိမ်းပိုက်ရန် နယ်မြေချဲ့ထွင်လျက်ရှိတဲ့ မကောင်းဆိုးဝါးများရဲ့ ဘုရင် Demon Lord (Maou) Satan Jacobနှင့် မကောင်းဆိုးဝါးများအား နှိမ်နှင်းသူ သူရဲကောင်း အမျိုးသမီး Emilia Justina တို့ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် Maouနှင့်အတူ သူ၏ စစ်သူကြီး လေးယောက် စစ်ရှုံးနှိမ့်နေချိန်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူသားများနှင့် မှော်ဆရာများ စစ်တပ်၏ ဖမ်းဆီးမှုမှ လွှတ်မြောက်အောင် Maouဟာ သူ၏ စစ်သူကြီး တစ်ယောက်ဖြစ်သူ Alcielနှင့် Ente Isla ကမ္ဘာမှနေပြီး လူသားများ နေထိုင်ရာ အခြားလောက တစ်ခုဖြစ်တဲ့ Tokyo မြို့ကို ထွက်ပြေး တိမ်းရှောင်ရာမှ ရယ်စရာ အဖြစ်အပျက်မျိုးစုံဖြင့် ကြုံတွေ့ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။

အတိတ်မှ အနာဂတ်သို့ရောက်လာသူ ဇာတ်လမ်းတွေ၊ တောသား မြို့တက်တဲ့ဇာတ်လမ်းတွေမှာ ဇာတ်ကောင်အများစုဟာ တိုးတက်တဲ့မြို့ပြ လူနေမှုနဲ့ ဆန့်ဝင်မှုမရှိလို့ ကြောင်တောင်တောင် အဖြစ်အပျက်တွေနှင့် ရင်ဆိုင်ရပုံဇာတ်လမ်းတွေက ထွက်တာများလွန်းလို့ ရိုးနေပါပြီ။ Hataraku Mao-sama! မှာတော့ အရင်ကားတွေနှင့် ပုံစံမတူတော့ဘဲ Tokyo မြို့ပေါ်ရောက်ရောက်ခြင်း Foreign Cosplayerတွေလို့ အထင်ခံရတာက Ente Isla မှော်ကမ္ဘာမှရောက်လာတဲ့ Maouနှင့် Alciel တို့ဟာ ကမ္ဘာသစ်ရဲ့ အလေ့အထများကို နားလည်အောင် သူတို့ရဲ့ မှော်အစွမ်းနှင့်စိတ်ညို့လိုက်ရုံနှင့် သိရှိသွားပုံဖြင့် တင်ဆက်ထားတာက မြင်နေကြ ပုံစံတွေကနေ တင်ဆက်ပုံ ကွဲထွက်သွားစေပါတယ်။ Maou နှင့် Alciel တို့ဟာ Japan နိုင်ငံသို့ ရောက်ရှိချိန်မှာ သာမန် လူသားများအသွင်သို့ ကူးပြောင်းသွားသလို မှော်အစွမ်းအနည်းငယ်သာ အသုံးပြုနိုင်တဲ့ အခြေအနေဖြစ်လို့ Ente Islaသို့ ပြန်နိုင်မည့် Magic Gate မဖွင့်နိုင်ခင်မှာ နေစရာ၊ စားစရာရအောင် Maou အနေနှင့် Hamburger ဆိုင်မှာ အချိန်ပိုင်း အလုပ်ဝင်ရောက် လုပ်ကိုင် ရပါတော့တယ်။ Ente Isla မှာ မိစ္ဆာဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Maou ဟာ လူသားအမည် Sadao Mao အနေနှင့် Hamburger ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေချိန်မှာ Maou အား အပျက်ရှင်းရန် လိုက်လာတဲ့ Emilia နှင့်အတူ Ente Islaနှင့် Tokyo မြို့နှစ်နေရာလုံးမှ အခြားစိတ်ဝင်စားဖွယ် ဇာတ်ကောင်များနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Emilia ကိုယ်တိုင်ကလည်း Ente Islaမှာလို အစွမ်းမထက်တော့သလို ဆိုးသွမ်းနေခြင်း မရှိတဲ့အပြင် အလုပ်ခွင်မှာ အလုပ်ကြိုးစားသလို လူသားတွေ အပေါ်မှာလည်း ကြင်နာမှုရှိတဲ့ Maou ကို တိုက်ခိုက်ဖို့ ခက်နေပါတယ်။ နောက်ပိုင်းမှာတော့ အခြားရန်သူများကို Maouနှင့် Emiliaတို့ ပူးပေါင်းပြီး တိုက်ခိုက်ရမှာ ဖြစ်သလို လူသားများရဲ့ ကြောက်လန့်မှု ခြောက်ခြားမှုမှ တစ်ဆင့် မိစ္ဆာစွမ်းအင်များ ပြန်လည် ရရှိနိုင်ကြောင်း Maouနှင့် Alcielတို့ သိရှိခဲ့ရပါတယ်။ ဒါပေမယ့် လူသားကမ္ဘာနှင့် မိမိရဲ့ Hamburger ဆိုင်မ ှအလုပ်အပေါ် သံယောဇဉ် တွယ်နေပြီဖြစ်တဲ့ Maou ဟာ လူသားများရဲ့ ကြောက်ရွံ့မှုမှ ရရှိတဲ့ အစွမ်းဖြင့် မိမိကမ္ဘာကို ပြန်နိုင်ရန် မဆောင်ရွက်ခြင်းကြောင့် Tokyo မြို့မှာ ဆက်လက်နေထိုင်ပြီး ဇာတ်လမ်း ဆက်ထားတာကို တွေ့ရမှာပါ။ The Devil Is a Part-Timer! ဇာတ်လမ်း တင်ဆက်မှုပိုင်း အားသာချက်တစ်ခုကတော့ Comedy ဇာတ်လမ်းပိုင်းမှာဆိုလည်း ရယ်ရွှင်ဖွယ်ကောင်းအောင်၊ Romance အပိုင်းမှာဆိုလည်း ကြည်နူးဖို့ ကောင်းအောင် စီစဉ်နိုင်သလို Action ခန်းတွေမှာလည်း Animation Quality ကောင်းကောင်း၊ Magic Spell မျိုးစုံဖြင့် ဇာတ်လမ်း အချိုးအကွေ့တိုင်းမှာ မအီသွားအောင် ဆွဲဆောင်နိုင်သွားတာ တွေ့ရမှာပါ။ Animation ပရိသတ်များအားလုံးနှင့် သင့်တော်တဲ့ The Devil Is a Part-Timer! ဟာ Light Novel စာအုပ်များကို မှီငြမ်းထားတာဖြစ်လို့ နောက်ထပ် စာအုပ်အသစ်တွေ ထွက်လာပြီး နောက်ပိုင်းမှာ Second Season ထွက်လာဖို့ မျှော်လင့်နိုင်ပါသေးတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *