News

မြန်မာနိုင်ငံ ဆက်သွယ်ရေး ဈေးကွက် ၂၀၁၆အထိ တစ်နှစ်ဒေါ်လာ သန်းနှစ်ထောင်သာ တန်ဟု ခန့်မှန်း

Telecommunication of Myanmar

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်မှာ ၂၀၁၆ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်းနှစ်ထောင်သာ တန်မည်ဟု စင်ကာပူနိုင်ငံ၏ အကြီးဆုံး ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သည့် DBS Vickersက ခန့်မှန်းလိုက်ကြောင်း သိရသည်။ အဆိုပါ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံသား ဖုန်းသုံးသူ တစ်ဦးလျှင် တစ်လ အသုံးပြုမည့် ဖုန်းပြောခအား အမေရိကန်ဒေါ်လာ ငါးဒေါ်လာဖြင့် အခြေခံ တွက်ချက်ထားခြင်း ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖုန်းပျံ့နှံ့နှုန်း ၅၅ရာခိုင်နှုန်းထား၍ ခန့်မှန်း တွက်ချက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

သို့ရာတွင် တစ်နိုင်ငံလုံး ဖုန်းပျံ့နှံ့မှုနှုန်းမှာ ၇၀ရာခိုင်နှုန်းအထိ တိုးတက်လာပါက မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်သည် ၂၀၁၆ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ဒဿမ ၅ဘီလျံအထိ တန်ကြေးရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင် ရရှိသည့် ကုမ္ပဏီနှစ်ခုအနက် Ooredoo ကုမ္ပဏီက ၁၅နှစ်စာ လိုင်စင်သက်တမ်းအတွက် အမေရိကန် ဒေါ်လာ ၁၅ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဆိုထားပါသည်။

“ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါ ဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည် စောင့်ရဦးမှာ ဖြစ်သလို အစပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်”ဟု DBS Viekers၏ Equity Researchမှ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Tan Ai Tengက သုံးသပ်ပြောကြားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင် ရရှိရန် ငွေကြေးမြောက်မြားစွာ ပေးခဲ့ရသည်ဟု အခြားသူများက စိုးရိမ်မှုများ ရှိနေသော်လည်း Ooredoo ကုမ္ပဏီကမူ လေးနှစ်အတွင်း လုပ်ငန်း စတင်နိုင်မည်ဟု ယုံကြည်ထားကြောင်း Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လိုင်စင် ရရှိသည့် Telenorနှင့် Ooredoo ကုမ္ပဏီတို့ကို ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေသော စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် Nera Tel ကုမ္ပဏီ၏ ရှယ်ယာများ ဇွန် ၂၈ရက်တွင် သုံးရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *