News

ဝေဖန်မှုများကြားက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

Pyithu Hluttaw

ပြန်ကြားရေး ဝန်ကြီးဌာနက ဥပဒေမူကြမ်း ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းခဲ့သော ဝေဖန်မှုများရှိနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ဇူလိုင်လ ၄ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရသည်။ ယခု အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စသော အချက် ၂၄ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့စဉ်အချိန်တွင် မီဒီယာအဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက ကန့်ကွက်ခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် သတင်းမီဒီယာ ကောင်စီမှ ရေးဆွဲနေသော မီဒီယာ ဥပဒေနှင့် စင်ပြိုင်ရေးဆွဲခဲ့ခြင်း၊ ဂျာနယ်လစ်များကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်းများ အပါအဝင် ဥပဒေကြမ်း အခန်း (၃)ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းချက်များတွင် ပါဝင်သော ပုဒ်မများ၊ အခန်း (၇)ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် ပါဝင်သော ပုဒ်မများအပြင် ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဖွင့်ဆိုချက်များကို ထည့်သွင်းခဲ့ခြင်းတို့အတွက် ဝေဖန်ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ မီဒီယာများမှ ထည့်သွင်းလိုသည့် အချက်များ ပြင်ဆင်လိုသည့် အချက်များကို အကြံပြုထားပြီး၊ ၎င်းတို့ ရေးဆွဲထားသော မီဒီယာ ဥပဒေကြမ်းကိုလည်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားကြောင်း သိရသည်။ သတင်း မီဒီယာ ကောင်စီမှ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ရေးဆွဲ ပေးပို့ထားသော သတင်းမီဒီယာ ဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်ကြားရေး ဝန်ကြီးဌာနက လက်မခံနိုင်သည့် ပြဋ္ဌာန်းချက် (၁၇)ချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် ပြန်လည်ပေးပို့ထားကြောင်း သတင်းမီဒီယာ ကောင်စီဝင် ဒေါက်တာသိန်းမြင့်က ပြောကြားသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *