News

သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်မှု ဆွီဒင်နိုင်ငံ အဆင့်တစ်နေရာတွင်ရှိ

ဆွီဒင်နိုင်ငံသည် အသက်ကြီးသူများအတွက် အကောင်းဆုံးနေရာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံက အဆိုးဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတစ်ခုက ဖော်ပြထားသည်ဟု သိရသည်။ The Global Age Watch Indexက နိုင်ငံပေါင်း ၉၁နိုင်ငံရှိ အသက်ကြီးသူများ၏ ဘ၀အရည်အသွေးကို စစ်ဆေးလေ့လာခဲ့သည်။ နော်ေ၀နှင့် ဂျာမနီတို့လည်း ထိပ်ပိုင်းနေရာရှိနေပြီး ယူကေက အဆင့် ၁၃သာ ရှိသည်။ နိုင်ငံပေါင်းများစွာသည် ၄င်းတို့၏ အသက်ကြီးသူများအတွက် လုံလောက်သော စနစ်ကျသော ပံ့ပိုးမှုမရှိဟု ၄င်းအညွှန်းကိန်းက သတိပေးခဲ့သည်။

၂၀၅၀ပြည့်နှစ်တွင် ၁၅နှစ်အောက်ရှိသူများထက် ပထမဆုံးအကြိမ်ကျော်လွန်မည်ဖြစ်ပြီး အသက်ကြီးသူ အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်မည်ဟု ဆိုသည်။ The Global Age Watch Index အညွန်းကိန်းကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် Help Age International အဖွဲ့တို့က စုစည်းခဲ့ပြီး ကုလသမဂ္ဂ၏ Day of Older Personsနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သုတေသီတို့က အညွန်း ၁၃ခုကို အသုံးပြုခဲ့ပြီး ၄င်းတို့တွင် ၀င်ငွေ၊ အလုပ်အကိုင်ရရှိမှု၊ ကျန်းမာရေး ထောက်ပံ့မှု၊ ပညာရေးနှင့် ပတ်၀န်းကျင်တို့ ပါ၀င်သည်။ ယခုလေ့လာမှုမှာ ကမ္ဘာလုံးဆိုင်ရာ ပမာဏအနေဖြင့် ပထမဆုံးပြုလုပ်သော လေ့လာမှုဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။ ကမ္ဘာတစ်၀န်းရှိ နိုင်ငံများသည် အသက်ကြီးသူများ လျင်မြန်စွာ များပြားလာခြင်းနှင့် ရင်ဆိုင်နေရသည်ဟု လေ့လာမှုစာတမ်း ရေးသားသူများက ပြောကြားခဲ့သည်။ အမျိုးသားနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များတွင် အသက်ကြီးရင့်သူများကို ဆက်လက်ချွင်းချက်ထားခြင်းက ကမ္ဘာ့သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်ကြောင်း Help Age International၏ ယာယီအမှုဆောင်ချူပ် ဆီလ်ဗီယာစတက်ဖာနိုနီက ပြောကြားခဲ့သည်။

အသက်အရွယ်အလိုက် အမျိုးသား၊ အမျိုးသမီးတို့၏ ဘ၀အရည်အသွေးကို ပိုမိုနားလည်ခြင်းဖြင့် ယခုအညွန်းကိန်းသစ်က အခြေအနေများ ကောင်းမွန်လာရေး အာရုံစိုက်စေနိုင်ပြီး တိုးတက်အောင် ပြုလုပ်ရန်လိုသည်ဟု ၄င်းက ပြောကြားခဲ့သည်။ ဆွီဒင်က ထိပ်ဆုံး၊ အာဖဂန်က နောက်ဆုံးနေရာရှိသော အညွန်းကိန်းတွင် ထိပ်ဆုံး ၂၀ကို အနောက်ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျနှင့် ချီလီတို့က ကြီးစိုးထားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *