News, Review

Starbucksက ကော်ဖီဆိုင်များတွင် ကြိုးမဲ့အားသွင်းကိရိယာများ တပ်ဆင်ပေးမည်။

Starbucksက ကော်ဖီဆိုင်များတွင် ကြိုးမဲ့အားသွင်းစက်များ တပ်ဆင်ပေးမည်

Starbucksက ကော်ဖီဆိုင်များမှာ Powermatရဲ့ ကြိုးမဲ့အားသွင်းစက်များ တပ်ဆင်ပေးမယ်လို့ ဇွန်လ ၁၂ ရက်နေ့က ကြေညာပါတယ်။ တပ်ဆင်မှုကို San Francisco Bay Areaမှာ ဒီနှစ်အတွင်းမှာ စတင်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Metropolitan Areaများမှာ တိုးချဲ့တပ်ဆင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Starbucksရဲ့ စီမံကိန်းဟာ ကြာရှည်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကြိုးမဲ့အားသွင်းနည်းစနစ်များဟာ အမျိုးမျိုးကွဲပြားလျှက်ရှိတဲ့အတွက် အာဏာပိုင်များက စံနှုန်းတစ်ခုကို သတ်မှတ်ပေးမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ကော်ဖီဆိုင်လောကမှာ ဝိုင်ဖိုင်လွှင့်ပေးတဲ့ ၀န်ဆောင်မှုဟာ စားသုံးသူများကို စွဲဆောင်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကြာပြီ ဖြစ်ပါတယ်။ Powermatရဲ့ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကလည်း အဲဒီလိုပဲ လူကြိုက်များမှာ သေချာသလောက်ပါပဲ။

ဒါဟာ စားသုံးသူတွေ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေတဲ့ အရာဖြစ်ပါတယ်လို့ Powermat Technologiesမှ ဥက္ကဌဖြစ်သူ Daniel Schreibereက အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

ကြိုးမဲ့အားသွင်းတဲ့ နည်းပညာ စံနှုန်းသတ်မှတ်ဖို့အတွက်တော့ အလှမ်းဝေးကွာနေပါသေးတယ်။ စွမ်းဆောင်ရည်မြင့် Nokia Lumia စမတ်ဖုန်းများမှာ Wireless Power Consortiumရဲ့ စံနှုန်းဖြစ်တဲ့ Qiကို အသုံးပြုထားပါတယ်။

ဒါပေမယ့် Powermatနဲ့ Starbucksတို့ကတော့ သူတို့ရဲ့ ကြိုးမဲ့အားသွင်းနည်းပညာဟာ Power Matters Alliance နဲ့ Duracell Powermatတို့ရဲ့ စံနှုန်းများနဲ့တောင် အလုပ်လုပ်နိုင်တယ်လို့ပြောထားပြီး စားပွဲခုံများနဲ့ ကောင်တာများမှာ တပ်ဆင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ကြိုးမဲ့အားသွင်းစံနှုန်းတစ်ခုက Rezenceလို့ ခေါ်ပြီး A4WPက တီထွင်ထားတာဖြစ်ပါတယ်။ A4WPဟာ Qualcommနဲ့ Samsungတို့ကို သူ့ရဲ့ စံနှုန်းကို အသုံးပြုဖို့ စွဲဆောင်နေပါတယ်။ ဖေဖော်ဝါရီလမှာ PMAနဲ့ A4WPတို့ဟာ သူတို့စံနှုန်းနှစ်ခုကို အတူတကွပူးတွဲအသုံးပြုနိုင်မယ့် နည်းလမ်းကို တီထွင်ကြဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြဿနာက စံနှုန်းနှစ်ခုဟာ နည်းပညာချင်းမတူညီကြတာဖြစ်ပါတယ်။ PMAက ၂၀၁၂ ခုနှစ်မှာ Starbucksကော်ဖီဆိုင်များမှာ ကြိုးမဲ့အားသွင်းကိရိယာများတပ်ဆင်ပြီး စမ်းသပ်ခဲ့ပေမယ့် သူတို့စံနှုန်းကို အသုံးပြုတဲ့ စမတ်ဖုန်းမရှိခဲ့ပါဘူး။

Qiစံနှုန်းကို စမတ်ဖုန်းများမှာ အသုံးပြုကြပေမယ့် PMAရဲ့ ကြိုးမဲ့အားသွင်း ကိရိယာများနဲ့ အလုပ်မလုပ်ပါဘူး။

Schreiberက အဲဒီပြဿနာကို စတင်ပြောင်းလဲနေပြီလို့ ပြောပါတယ်။ Asus PadFone Xဟာ သူတို့စံနှုန်းကို အသုံးပြုတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမယ်လို့ ပြောပါတယ်။ AT&Tက PMAရဲ့ စံနှုန်းကို အသုံးပြုဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ Sprintကလည်း Kyorcera Hydro Vibeမှာ PMAရဲ့ စံနှုန်းကို အသုံးပြုမယ်လို့ မကြာမီကကြေညာထားပါတယ်။ Samsungက Qiစံနှုန်းကို ထောက်ပံ့ပေးတဲ့ ကာဗာများကို တောက်လျှောက်အသုံးပြုလာရာကနေ PMAနဲ့ အသုံးပြုလို့ရမယ့် အနောက်ဘက် ကာဗာများကို လဲလှယ်နိုင်ဖို့ ပြုလုပ်ပေးနေပါတယ်။

Schreiberက Apple၀က်ဆိုက်မှာ ရောင်းချနေတဲ့ iPhone 5Sအတွက် Duracell PowerCase Coverကိုလည်း ညွှန်ပြခဲ့ပါတယ်။ Appleကတော့ ကြိုးမဲ့အားသွင်းနည်းပညာကို တီထွင်ခြင်းမရှိသလို ဘယ်စံနှုန်းကိုမှလဲ ထောက်ခံခြင်းမရှိသေးပါဘူး။

ဘယ်လိုစံနှုန်းကို ရွေးချယ်၀ယ်ယူရမလဲဆိုတဲ့ စားသုံးသူတွေရဲ့ ပြဿနာဟာ အချိန်တိုအတွင်းမှာ ပြေလည်သွားမှာဖြစ်တယ်လို့ Schreiberက ပြောပါတယ်။ စမတ်ဖုန်းများမှာ PMAစံနှုန်းကို အသုံးပြုလာကြတော့မှာဖြစ်ပြီး Starbucksရဲ့ ထောက်ပံ့မှုကလည်း အကျိုးကျေးဇူးများ ဖြစ်စေမယ်လို့ သူက ဖော်ပြပါတယ်။

PMAစံနှုန်းကို အသုံးပြုခြင်းဖြင့် Starbucksအတွက်လည်း စားသုံးသူများဘယ်ဆိုင်ကနေ အားသွင်းလဲ၊ ဘယ်လောက်ကြာကြာ အားသွင်းလဲဆိုတဲ့ သတင်းအချက်အလက်များရရှိတဲ့ အတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။

Starbucksက Powermatနဲ့ ပူးပေါင်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ၂၀၁၃ ခုနှစ်ကတည်းက ဆုံးဖြတ်ချက်ချခဲ့ဟန်တူပါတယ်။

Powermat Technologiesဟာ လျှင်မြန်စွာတိုးတက်လာနေပါတယ်။ Schreiberက အခြားနိုင်ငံရှိ Starbucksဆိုင်များမှာလည်း ကြိုးမဲ့အားသွင်းစက်များ ဒီနှစ်အတွင်းမှာပဲ တပ်ဆင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ သူတို့နည်းပညာဟာ စံနှုန်းကွဲပြားမှုပြဿနာများကို အမြန်ဆုံး အဆုံးသတ်ပေးမယ်လို့ ယူဆနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *