News

တိုးမြှင့်ပင်စင်လစာ အငြိမ်းစား ၀န်ထမ်းတချို့မရသေး

တိုးမြှင့်ပင်စင်လစာ ခံစားခွင့်ရရှိရန် နိုင်ငံ၀န်ထမ်း အငြိမ်းစားတချို့အနေဖြင့် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ တိုးမြှင့်ပင်စင်လစာသစ် ခံစားခွင့် မရရှိသေးသော ပင်စင်စား ၀န်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ငွေစာရင်းရုံးခွဲ၊ နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချူပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများသို့ ဆက်သွယ်သော်လည်း ပြန်လည် အကြောင်းကြားခြင်းမရှိဟု ဆိုသည်။

“လစာတိုးပေးတာ လေးလပိုင်းကနေပါ။ အခုထိ မရသေးဘူး။ စောင့်နေတာ ငါးလလောက်ရှိပြီ။ ဖုန်းနဲ့ ဆက်ပေမယ့် အခုအချိန်ထိ အကြောင်းပြန်ခြင်း မရှိဘူး”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ နိုင်ငံ၀န်ထမ်း အငြိမ်းစားတစ်ဦးက ပြောသည်။ နိုင်ငံ၀န်ထမ်း အငြိမ်းစားများအား တိုးမြှင့်ပင်စင်လစာသစ် ပေးအပ်ရာတွင် မရရှိသေးဘဲ ကြန့်ကြာစေသည့် လစာသစ်ခံစားခွင့်ပေးသည့် စနစ်အပေါ် နိုင်ငံ၀န်ထမ်း အငြိမ်းစားတချို့က ေ၀ဖန်ခဲ့ကြသည်ဟု သိရသည်။

“ပင်စင်လစာက အမြဲတမ်း လာထုတ်နေတာ။ အခုပေးတဲ့ တိုးမြှင့်ပင်စင်လစာကို အရင်ပင်စင်လစာထဲ တစ်ခါတည်း ထည့်ပေါင်းပေးရင် ရရဲ့သားနဲ့ အခုတော့ အကြောင်းလည်းမကြား ဖုန်းဆက်တော့လည်း ဘာမှန်းမသိနဲ့”ဟု တိုးမြှင့်ပင်စင်လစာ မရရှိသေးသူ ၀န်ထမ်းတစ်ဦးက ပြောသည်။ ပင်စင်လစာသစ် ခံစားခွင့် မရရှိသေးသော ကာကွယ်ရေး၀န်ထမ်းများသည် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်း ရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် မြို့ပြပင်စင်စားများသည် မိမိတို့နှင့် နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံးချူပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးချူပ်များသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များဖြင့် နိုင်ငံပိုင်သတင်းစာများတွင် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃)တွင် ပင်စင်ထုတ်နေသော အငြိမ်းစား ၀န်ထမ်းကြီးတစ်ဦးက “ပြီးခဲ့တဲ့ သြဂုတ်လ ပင်စင်ထုတ်တော့ လစာသစ်မပါသေးတာ ငါးလရှိပြီးမို့ ဘဏ်အ၀င်၀မှာ ချထားတဲ့ စာရင်းစာအုပ်ကြီးတွေမှာ ကိုယ့်နာမည်ပါမပါ ရှာတယ်။ ခါတိုင်းကတော့ ကိုယ်ကအပြင်အလုပ်ကလေးတစ်ခု ပြန်လုပ်နေတော ့အချိန်မရလို့ မရှာနိုင်ခဲ့ဘူး။ အဲဒီနေ့ကတော့ ခွင့်လည်းယူခဲ့ပြီး ဇနီးဖြစ်သူကလည်းပါတော့ ၀ိုင်းရှာပေးပြီး ကိုယ့်နာမည်တွေ့သွားတယ်။ ဒါနဲ့ အဲဒီက ဘဏ်၀န်ထမ်းအမျိုးသမီးလေးက ကိုယ်ပင်စင်ထုတ်ခဲ့တဲ့ စလစ်ရဲ့ နောက်ကျောဘက်မှာ စာရင်းမှာပါတဲ့ အချက်အလက်ကလေးတွေ ရေးပေးလိုက်ပြီး ပင်စင်ထုတ်တဲ့ဆီမှာ ပြန်သွားပြတော့ တိုးမြှင့်ပင်စင်လစာ ငါးလစာကို ထပ်ပြီးထုတ်ပေးလိုက်ပါတယ်။ တချို့လည်း ဒီမှာ စာရင်းမပါတော့ ပင်စင်ရုံးကို သွားကြတဲ့အခါ အဆင်ပြေတယ်လို့ သိရပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲပေါ့လေ”ဟု ပြောပြပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *