News

စင်ကာပူ ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကား

Google ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကားများဟာ အင်တာနက်မှာ အထူးရေပန်းစားကျော်ကြားပါတယ်။ ဒါပေမယ့် Google ရဲ့ကားများဟာ တန်ဖိုးကြီးမားပြီး တပ်ဆင်ထားတဲ့ 3D Laser Sensor တွေဟာ ကားရဲ့ တန်ဖိုးထက်မြင့်မားပြီး ဒေါ်လာ (၇၅၀၀၀) ကနေ ဒေါ်လာ (၈၅၀၀၀) အထိတန်ကြေးရှိပါတယ်။

အခုတော့ စင်ကာပူက အဖွဲ့တစ်ခုက အလိုအလျှောက်မောင်းနှင်တဲ့ကားကို တီထွင်နိုင်ပြီဖြစ်ပြီး Google ကားများရဲ့ ဈေးနှုန်းထက် တစ်၀က်သာ ရှိပါတယ်။ တန်ကြေးအားဖြင့် ဒေါ်လာ (၃၀၀၀၀) ၀န်းကျင်သာရှိပါတယ်။ အဆိုပါကားတွင် Lidar Sensor နဲ့ ကွန်ပြူတာတို့တပ်ဆင်ထားပါတယ်။

အဆိုပါ အဖွဲ့မှာ National University of Singapore (NUS) နဲ့ Singapore-MIT Alliance for Researach and Technology (SMART) တို့ မှ သုတေသန ပညာရှင်(၁၂) ယောက်ပါ၀င်ပါတယ်။ သူတို့ကား ရဲ့ တန်ကြေးကို ဒေါ်လာတစ်သောင်း ကနေ (၇၈၀၀) အထိလျှော့ချနိုင်ဖို့ ရည်မှန်းထားပါတယ်။ သူတို့ရဲ့ ကားကို နောင်နှစ်နှစ်အတွင်းမှာ လမ်းမများပေါ်မှာ အခြားကား များနဲ့ အတူမောင်းနှင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

NUS နဲ့ SMART တို့ဟာ အလိုအလျှောက်မောင်းနှင်တဲ့ကားများကို တီထွင်တာဟာ ပထမအကြိမ်မဟုတ်ဘဲ ၂၀၁၁ ခုနှစ်မှာ Golf ရိုက်လျှင် အသုံးပြုတဲ့ ကားများကို အလိုအလျှောက်မောင်းနှင်စေပြီး စမ်းသပ်ခဲ့ကြပါတယ်။

အလိုအလျှောက်မောင်းနှင်တဲ့ကားများဟာ ကားနည်းပညာလောကမှာ အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ကားပိတ်ဆို့တဲ့နေရာမှာ ခက်ခက်ခဲခဲမောင်းနှင်နေရတဲ့ ဒုက္ခတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။ Artificial Intelligence နည်းပညာ အသုံးပြုထားတဲ့ကားများဟာ လူသားများထက် ပိုမိုဘေးကင်းအောင်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကားများမှာ လူတွေလို အိပ်ငိုက်ခြင်း၊ စိတ်ခံစားမှု စတာများမရှိခြင်းနဲ့ ပိုမိုကျယ်ပြန့်သော မြင်ကွင်းကို ကြည့်နိုင်ပါတယ်။

ကားပိုင်ရှင်များအနေဖြင့် အသုံးမပြုတဲ့အချိန်မှာ အငှားယာဉ် ၀န်ဆောင်မှုကို ပြုလုပ်နိုင်ပြီး တစ်နေ့တာ အချိန်ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ခိုင်းစေလို့ ရပါတယ်။ သီအိုရီအရ အလိုအလျှောက်မောင်းနှင်တဲ့ကားက ပိုင်ရှင်ကို အလုပ်ပို့ပြီးချိန်မှာ ကလေးတွေကို ကျောင်းပို့ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကားအငှား ၀န်ဆောင်မှုကို ပြုလုပ်မှာဖြစ်ပြီး ခရီးသည်တွေကို အကြိုအပို့လုပ်တာ၊ ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတာပြုလုပ်မှာဖြစ်ပါတယ်။ ရုံးဆင်းချိန်မှာ ကားပိုင်ရှင်ကို သွားကြိုပြီး အိမ်ကိုပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါကားများဟာ စင်ကာပူနိုင်ငံရဲ့ မော်တော်ယာဉ်သွားလာမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း သိရှိနိုင်ပြီး လမ်းပိတ်ဆို့မှု မရှိအောင်မောင်းနှင်ပေးနိုင်ပါတယ်။

အခုလောလောဆယ်မှာ စင်ကာပူ ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကားဟာ နမူနာပုံစံ အဆင့်ပဲရှိသေးပြီး အခြားကားများသွားလာ တဲ့ လမ်းမများပေါ်မောင်းနှင်နိုင်ခြင်း မရှိသေးပါဘူး။ အခြားစဉ်းစားစရာ အချက်တွေရှိနေပြီး မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားရင် ဘယ်သူ့မှာ တာ၀န်ရှိသလဲဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဆိုပါကားများကို အငှားယာဉ် ၀န်ဆောင်မှု ပြုလုပ်နိုင်ဖို့အတွက် ပြုလုပ်စရာ အချက်တွေရှိပါသေးတယ်။ အဆိုပါကားများဟာ လျှပ်စစ်စွမ်းအင် အသုံးပြုတဲ့ကားများဖြစ်တဲ့အတွက် လျှပ်စစ်အားသွင်းစက်ရုံများ တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပြူတာ နဲ့ ထိန်းချုပ်မောင်းနှင်တဲ့အတွက် Hacker များရဲ့ အန္တရာယ်ကိုလည်း ကြောက်ရပါသေးတယ်။ ငွေပေးချေမှုစနစ် တွေကိုလည်း လုံခြုံစိတ်ချရအောင်ပြုလုပ်ဖို့လိုပါသေးတယ်။

စင်ကာပူ ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကားကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “စင်ကာပူ ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကား

Comments are closed.