News

ဝေဖန်သူများ ရှိနေသည့် ဆီးဂိမ်းသီချင်း ထပ်မံရွေးချယ်ခံရ

ဆီးဂိမ်းအတွက် တေးသီချင်းငါးပုဒ် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့ဟူသော သတင်းစာနောက်ဆက်တွဲ သတင်းရရှိမှုကို ဆက်လက်တင်ပြပါမည်။ ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲတွင် ဝေဖန်မှုများရှိနေသည့် “လှပတဲ့ အားကစားရဲ့ ရောင်စုံဥယျာဉ် တေးသီချင်းမှ ပထမဆု ကျပ်သိန်း ၆၀ကို ထပ်မံရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ တေးသီချင်းသည် ပထမအကြိမ် ဆီးဂိမ်းလှုံ့ဆော်ရေး တေးသီချင်းပြိုင်ပွဲတွင် ပထမဆုအဖြစ် ကျပ်သိန်း ၂၀ရရှိခဲ့ပြီး ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသည့်အတွက် အားကစား၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးတင့်ဆန်းမှ ထပ်မံ၍ အထိမ်းအမှတ် သီချင်းအဖြစ် တေးသီချင်းပေါင်း ၃၀၀ကျော်ကို ထပ်မံရွေးချယ်ရာမှ ယင်းတေးသီချင်းမှ ပထမဆုကို ထပ်မံရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တေးသီချင်း ရွေးချယ်ရေးကော်မတီဥက္ကဌ တေးရေးဆရာ မြင့်မိုးအောင်က “တေးသီချင်းကိုတော့ အဆင့်ဆင့် ရွေးချယ်တယ်။ ဘယ်လိုပဲ ရွေးချယ်ထားထား ဝေဖန်မှုတွေကတော့ ရှိနေမှာပါ။ တေးသီချင်းဆိုတာ အနုပညာပစ္စည်း ဖြစ်ပါတယ်။ အနုပညာမြောက်ဖို့ တစ်ခုတည်းကိုပဲ စဉ်းစားပြီးတော့ ရွေးချယ်တာပါ”ဟု ပြောသည်။ အဆိုပါ ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် တေးသီချင်း လှုံဆော်ပြိုင်ပွဲတွင် သီချင်းပေါင်း ၉၇ပုဒ် ယှဉ်ပြိုင်ရာမှ တေးရေးဆရာလင်းထက်၏ ရောင်စုံဥယျာဉ် တေးသီချင်းမှ ပထမဆု ရရှိခဲ့သော်လည်း ဝေဖန်မှုများကြောင့် အဆိုပါ ပထမအကြိမ် တေးသီချင်းများ အပါအ၀င် ဒုတိယအကြိမ် တေးသီချင်းပေါင်း ၂၀၀ကျော်နှင့် ထပ်မံယှဉ်ပြိုင်စေခဲ့ပြီး ယင်းတို့အနက်မှ တေးသီချင်း ၁၀ပုဒ်ကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတေးသီချင်းများမှ ပရိသတ် အများဆုံး ဆန္ဒပြုသည့်သီချင်းကို အထိမ်းအမှတ်သီချင်းအဖြစ် ရွေးချယ်ခြင်းဖြစ်ကာ အဆိုပါ ရောင်စုံဥယျာဉ် တေးသီချင်းကို ပရိသတ် ၁၇၀၀၀ကျော်၏ ဆန္ဒမဲ ၂၁ဒသမ ၆ရာခိုင်နှုန်းဖြင့် ပထမဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း ရွေးချယ်ရေးအဖွဲ့မှ သိရသည်။

ရွေးချယ်ရေး ကော်မရှင် အဖွဲ့၀င် တေးသံရှင် အယ်လ်ခွန်းရီက “အခု ရွေးချယ်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ရင်လည်း ကော်မတီအနေနဲ့ကတော့ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပါ”ဟု ပြောသည်။ ယင်းအထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုများအဖြစ် တေးရေးကေတု၀င်းထွဋ် ရေးသားသည့် “အရှေ့တောင်အာရှ မြန်မာ့အောင်မြေ” သီချင်း၊ တေးရေး သြရသ ရေးသားသည့် “မိုးယံလွင့်ပျံ လက်ခုပ်သံ” တေးသီချင်း၊ တေးရေး အောင်နိုင်စန်း ရေးသားသည့် “Win The Day”သီချင်းနှင့် တေးရေးကျော်လင်းထွန်း ရေးသားသည့် “ရွေရောင်လက်ခုပ်” တေးသီချင်းတို့က ကျပ် ၁၀သိန်းစီ ရရှိခဲ့ကြသည်။

အဆိုပါ ဆီးဂိမ်းအထိမ်းအမှတ် တေးသီချင်းကို ရွေးချယ်ခံရပါက မူပိုင်ခွင့်အဖြစ် ကျပ်သိန်း ၁၅၀ချီးမြှင့်မည်ဟု နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ ဖိတ်ခေါ်ခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၆၀သာ ချီးမြှင့်ပြီး နှစ်သိမ့်ဆုများအဖြစ် ကျပ်သိန်း ၄၀ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆန္ဒမဲပြုကြသည့် မဲဆန္ဒရှင် ၁၇၀၀၀ကျော်မှ ခုနှစ်ဦးကို ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ရာ စစ်တွေမြို့နယ်မှ ဒေါ်ခင်မျိုးသန်းက ကျပ် ၁၀သိန်း ရရှိခဲ့သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *