News

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုများထွက်ပေါ်

၂၀၁၃ နေပြည်တော်ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကို နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီက နေပြည်တော်ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်ဟုသိရသည်။ အခမ်းအနားသို့ ပြိုင်ပွဲဝင် ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်အတူ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသောင်းထိုက်နှင့် ဦးဇော်ဝင်း တို့တက်ရောက်ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် တက်ရောက်ခဲ့ခြင်းမရှိကြောင်း နေပြည်တော်မှ လာသောသတင်းများအရ သိရသည်ဟုဆိုသည်။

အုပ်စုများမဲခွဲအပြီးတွင် အုပ်စု (က) ၌ လက်ရှိချန်ပီယံ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင် ဘောလုံးအသင်းများပါဝင်ခဲ့ပြီး အုပ်စု (ခ) တွင် အင်ဒိုနီးရှား၊ ထိုင်း၊ အရှေ့တီမော၊ ကမ္ဘောဒီးယားနှင့် အိမ်ရှင်မြန်မာအသင်းတို့ ပါဝင်ကြသည်ဟုသိရသည်။ ထပ်မံရရှိသော သီတင်းများအရဆိုလျှင် အုပ်စု (က) တွင်ပါဝင်သော ဖိလစ်ပိုင်အသင်းမှာ ဆီးဂိမ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ နုတ်ထွက်သွားသည်ဟုသိရပြီး မဲခွဲပွဲသို့မူ ဖိလစ်ပိုင် ဘောလုံးအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လည်းတက်ရောက်ခဲ့သည်။

အဆိုပါအုပ်စု မဲခွဲပွဲသို့တက်ရောက်ခဲ့သူ ဝါရင့်အားကစား ကလောင်ရှင် လူလူမင်းက “မဲခွဲပွဲကိုကျွန်တော်တက်ရောက်ဖြစ်ခဲ့ပါတယ်။ မဲခွဲပွဲအပြီးအထိဖိလစ်ပိုင်နှုတ်တွက်တယ်ဆိုတာ ဘာမှမပြောကြသလို ကြားလည်းမကြားမိပါဘူး။ နောက်ပိုင်းမှ ဖိလစ်ပိုင် နှုတ်ထွက်တယ်ဆိုတဲ့ သတင်းထွက်လာတာပါ။ ဒီကတာဝန်ရှိသူတွေလည်း ဒီသတင်းကိုဘယ်သူမှအတည်မပြုနိုင်သေးပါဘူး။ ကျွန်တော့အထင် အုပ်စုအနေအထားကိုကြည့်ပြီးမှ မချောင်နိုင်ဘူးထင်လို့ နှုတ်ထွက်တယ်ပြောသလားပဲ” ဟု ၎င်း၏ထင်မြင်ချက်ကိုပြောပြခဲ့သည်။

ဖိလစ်ပိုင်သည် ၂၀၁၃ နေပြည်တော်ဆီးဂိမ်းပြိုင်ပွဲနှင့်ပတ်သက်၍ ဝင်ပြိုင်မည်မပြိုင်မည်ကို ဖိလစ်ပိုင်အမျိုးသား အိုလံပစ်ကော်မတီနှင့် အမျိုးသားအားကစားကော်မရှင်တို့အကြား အစောပိုင်းကာလများကတည်းက အငြင်းပွားလျက်ရှိပြီး ထိုအထဲ၌ ဘောလုံးအသင်းလည်းပါဝင်သည်ဟုသိရသည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အမျိုးသား ၁၁ သင်း၊ အမျိုးသမီး ၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အရှေ့တီမော အမျိုးသမီးအသင်းမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် နေပြည်တော်ရှိဇေယျာသီရိကွင်းတို့တွင် လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မန္တလေးမြို့ရှိ အဆင့်မြင့်ဘောလုံးကွင်းတို့၌ လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်ဟုသိရသည်။

အမျိုးသမီးဘောလုံးအသင်းအုပ်စုများအနေဖြင့် အုပ်စု (က) တွင် မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် အုပ်စု (ခ) တွင် ထိုင်း၊ လာအို၊ မလေးရှား၊ အရှေ့တီမော တို့ပါဝင်ကြသည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စုတက်နိုင်မည်ဖြစ်သော်လည်း ဆီမီးဖိုင်နယ်တွင် ပွဲမကြပ်စေရန်အတွက် အုပ်စု ပထမ ရရှိရန် လိုအပ်ပေသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *