News

ပြည်ပသို့ သဘာ၀ဓာတ်ငွေ့ကိုးရက်ရောင်းရငွေသည် တစ်နိုင်ငံလုံးရှိ အမကအားလုံး၌ ဆရာတစ်ဦးစီ တိုးမြှင့် ခန့်ထားနိုင်

ပြည်ပသို့ သဘာ၀ဓါတ်ငွေ့ ကိုးရက်တာတင်ပို့ ရောင်းချရငွေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မူလတန်းကျောင်း အားလုံးရှိသူငယ်တန်းမှစတုတ္ထတန်းအထိ ဆရာတစ်ဦးစီတိုးမြှင့်ခန့်ထားနိုင်ကြောင်း နို၀င်ဘာ ၆ရက်က ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF)မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖေါ်ပြပါရှိသည်ဟုဆိုသည်။

ယူနီဆက်ဖ်က ထုတ်ပြန့်သော “သဘာ၀ အရင်းအမြစ်မှ လူအရင်းအမြစ်သို့ “ဟုအမည်ပေးထားသော မြန်မာကလေးငယ်များ အတွက် လက်တွေ့ကျပြီး လက်လှမ်းမီသော လက်ငင်းဖြေရှင်းချက်များ တင်ပြထားသည့် အစီရင်ခံစာ၌ အထက်ပါ အတိုင်းဖေါ်ပြထားခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူလတန်းသင်ဆရာ ၃၆၀၀ဝ သာရှိပြီး အတန်းတစ်တန်းတွင် ဆရာတစ်ယောက်ရှိရန် ဆရာစုစုပေါင်း ၄၃၀၀၀လိုအပ်ကြောင်း၊ လိုအပ်သောဆရာများကို ပေးဆောင်ရမည့် နှစ်စဉ်လစာမှာ ကျပ်၄၄ဒသမ ၇ဘီလီယံ(၂၀၁၂ ကိန်းဂဏန်းများအရ)ဖြစ်ကြောင်း အဆိုပါပေးဆောင်ငွေမှာ ကိုးရက်တာ ( ရှစ်ရက်၊ရှစ်နာရီ နှင့် သုံးဆယ့်တစ်မိနစ်) ပြည်ပသို့ သဘာ၀ဓါတ်ငွေ့ရောင်းရ ငွေနှင့်ညီမျှသောပမာဏဖြစ် ကြောင်း အဆိုပါအစီရင်ခံစာမှာဖေါ်ပြထားသည်ဟုသိရသည်။

“သဘာဝသယံဇာတ တင်ပို့ရောင်းချမှုက ရတဲ့ဝင်ငွေတွေကိုခွဲဝေသုံးစွဲတဲ့ နေရာမှာကလေးသူငယ်တွေ အတွက်အဓိက ဦးစားပေးဖို့ မြန်မာအစိုးရနဲ့ လွှတ်တော်ကို ယူနီဆက်ဖ်ကတိုက်တွန်းပါတယ်။ သဘာ၀ သယံဇာတတွေကို အလွန်အမင်းမှီခိုတဲ့ စီးပွားရေးကနေ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင်မှု အပေါ်ဦးစားပေးတဲ့စီးပွားရေး ဖြစ်အောင် ပြောင်းလဲမှုက စစ်မှန်တဲ့ အခွင့်လမ်းပဲ ဖြစ်ပါတယ်” ဟုယူနီဆက်ဖ် မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာဘက်ထရန်ဗိန်းဘဲလ် ကပြောကြားခဲ့သည်။

ထို့အပြင် သဘာ၀ဓာတ်ငွေ့ ပြည်ပသို့တင်ပို့ ရောင်းချမှုမှ ရရှိသော၀င်ငွေ၏ ၀ဒသမ ၉ရာခိုင်နှုန်းမှာလည်း နှစ် စဉ်မြန်မာတစ်နိုင်ငံလုံးတွင် လိုအပ်သောကာကွယ်ဆေးအားလုံးကို ၀ယ်ယူနိုင်ကြောင်း ယူနီဆက်ဖ်၏ အစီရင်ခံ စာက ဆိုသည် ။နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)မှရရှိသော စာရင်းများအရ မြန်မာအစိုးရက ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ အပေါ် ဘဏ္ဍာငွေသုံးစွဲမှုကို ၇၈ ရာခိုင်နှုန်းနှင့် ၃၀ရာခိုင်အထိ တိုးမြှင့်ခဲ့သော်လည်း ၄င်းမှာ မြန်မာနိုင်ငံ၏ ဂျီဒီပီ တန်ဖိုးစုစုပေါင်း၏ ၂ရာခိုင်နှုန်း အောက်သာရှိကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *