News

ကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ထုတ်ပိုးမှုလုပ်ငန်း Rexam PLC ရန်ကုန်မြို့တွင် စက်ရုံတည်ထောင်ရန် စီစဉ်

ကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ထုပ်ပိုးမှုလုပ်ငန်းတစ်ခုဖြစ်သော Rexam PLCသည် ရန်ကုန်မြို့တွင် စက်ရုံတည်ထောင်ရန် စီစဉ်နေကြောင်း သိရသည်။ Rexamသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Ashmore ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ပြီး Rexam Ashmore Beverage Can Myanmar Co.,Ltdကို တည်ထောင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီတည်ထောင်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၂၀ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Rexamသည် အဖျော်ယမကာသံဘူးမျိုးစုံနှင့် ပလတ်စတစ်ထုတ်ပိုးမှု လုပ်ငန်းများကို အဓိကလုပ်ကိုင်ခြင်း ဖြစ်သည်။ အဖျော်ယမကာသံဘူး ထုတ်လုပ်မှု ကဏ္ဍတွင် ဥရောပနှင့် တောင်အမေရိက ဈေးကွက်၌ ဈေးကွက်ဦးဆောင်နေသည့် ကုမ္ပဏီဖြစ်ပြီး အမေရိကန်တွင် ဒုတိယမြောက် ဈေးကွက်ရရှိထားသည့် ထုတ်ပိုးမှုလုပ်ငန်း ဖြစ်သည်ဟုဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Rexam PLCသည် ကမ္ဘာ့အကြီးဆုံး အဖျော်ယမကာသံဘူး ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံပေါင်း ၂၅နိုင်ငံခန့်တွင် စက်ရုံပေါင်း ၇၀ခန့် တည်ထောင်ထားသည်။ စက်ရုံများကို အာရှ၊ ဥရောပ၊ မြောက်အမေရိကနှင့် တောင်အမေရိကတိုက်တို့တွင် အဓိကတည်ထောင်ထားခြင်း ဖြစ်သည်။

Rexam PLCကို ၁၉၂၃ခုနှစ်တွင် လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ခုနှစ်အတွင်း ၀င်ငွေပေါင် ၄၃၁၂သန်း ရရှိခဲ့ပြီး အသားတင်၀င်ငွေ ပေါင် ၂၁၄သန်း ရရှိခဲ့ကြောင်း သိရသည်။ Rexam PLCနှင့် တွဲဖက်ဆောင်ရွက်ခဲ့သည့် Ashmore အုပ်စုသည် ဗြိတိန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၉၉၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

Rexam Ashmore Beverage Can Myanmar Co., Ltdသည် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ၀င်ရောက်လာသည့် စားသောက်ကုန် ထုပ်ပိုးမှုဆိုင်ရာ နိုင်ငံတကာလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင် လုပ်ကိုင်ရန်အတွက် မှတ်ပုံတင်ပြီး ဖြစ်သည်ဟု သိရသည်။ Rexamသည် ကမ္ဘာ့အဆင့် စားသောက်ကုန်များ၊ ဘီယာများ၊ အချိုရည်များ ထည့်သွင်းရန် သံဘူးမျိုးစုံ ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးမှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ စားသောက်ကုန်နှင့် အဖျော်ယမကာကုမ္ပဏီများဖြစ်သော CoCaCola, Pepsiစသည့် ကုမ္ပဏီများ စက်ရုံ တည်ထောင်ပြီးဖြစ်ကာ Heineken, Carlsberg, Beer Chang, Pokka, F & N စသည့် ကုမ္ပဏီတို့ကလည်း စက်ရုံများ တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *