News

သမ္မတကတော်ကို ကြောက်၍ ဆေးလိပ်ဖြတ်ခဲ့ရဟု အိုဘားမားပြောကြား

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ညီလာခံတက်ရောက်လာသူ ကိုယ်စားလှယ်တစ်ဦးနှင့် စကားလက်ဆုံကျနေစဉ် ဇနီးဖြစ်သူ မီရှဲအိုဘားမားကို ကြောက်၍ စီးကရက်ဖြတ်ခဲ့သည်မှာ နှစ်အတန်ကြာပြီဟူ၍ သမ္မတအိုဘားမားက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၄ရက် သတင်းများတွင် ဖော်ပြထားသည်။

CNN သတင်းဌာန၏ ဖော်ပြချက်အရ စက်တင်ဘာ ၂၃ရက် ကုလအထွေထွေညီလာခံ အစည်းအေ၀း တစ်ခု၌ ကိုယ်စားလှယ်တစ်ဦးနှင့် စကားလက်ဆုံကျစဉ် ဇနီးဖြစ်သူ မြည်တွန်တောက်တီးမည်ကို ကြောက်၍ စီးကရက်မသောက်သည်မှာ ခြောက်နှစ်ကြာပြီဖြစ်ကြောင်း သမ္မတအိုဘားမားက အရွှန်းဖောက်ခဲ့သည်ဟု ဆိုသည်။ စီးကရက် သောက်သုံးမှုနှင့် ပတ်သက်၍ နှစ်ကိုယ်ကြားပြောခဲ့သည့်တိုင် ပွင့်နေသော မိုက်ကရိုဖုန်းတစ်လုံးကြောင့် အိုဘားမား၏ ပြောစကားကို လူသိခဲ့ပြီး CNN သတင်းဌာနကလည်း ထပ်ဆင့်ထုတ်လွှင့်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲများ စတင်ပြုလုပ်ချိန်မှစ၍ သမ္မတအိုဘားမား၏ စီးကရက်သောက်သည့် အလေ့အထနှင့် ဆေးလိပ်ဖြတ်ရန် ကြိုးပမ်းပုံများသည် အမေရိကန် မီဒီယာများအကြိုက် သတင်းဖြစ်ခဲ့ရသည်ဟု သိရသည်။ သို့ရာတွင် သမ္မတအိုဘားမား ဆေးလိပ်ဖြတ်ခဲ့ရခြင်း၏ နောက်ကွယ်တွင် သမ္မတကတော် မီရှဲလ်အိုဘားမား၏ ဖိအားများလည်း ရှိနေနိုင်ကြောင်း၊ စက်တင်ဘာ ၂၃ရက်က ၀န်ခံချက်ကို အကြောင်းပြု၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် သမ္မတကတော် မီရှဲအိုဘားမား ကိုယ်တိုင်ကလည်း ခင်ပွန်းသည်၏ ဆေးလိပ်သောက်သုံးမှုအကျင့်ကို မနှစ်သက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *