News

Red Linkကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲမည်

မြန်မာနိုင်ငံတွင် အင်တာနက် ဝန်ဆောင်မှုပေးလျှက်ရှိသည့် Red Linkကုမ္ပဏီကို မြန်မာနိုင်ငံ၏ စတော့ အိတ်ချိန်းဈေးကွက် ဝင်ရန် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဌနှင့် ပူးတွဲ တည်သူ ကိုသိန်းသန်းတိုးက ပြောကြားသည်ဟု သိရသည်။

“ကုမ္ပဏီကို အများပိုင် ကုမ္ပဏီပြောင်းဖို့ လုပ်ငန်းစဉ်တွေ စပြီး လုပ်နေပါပြီး။ ဒီနှစ်ထဲမှာ ပြောင်းနိုင်မယ် ထင်ပါတယ်။ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းမှာ ဖြစ်ပေမယ့် ရှယ်ယာ တန်ဖိုးတွေကို တွက်ချက်ရဦးမှာ ဖြစ်လို့ ရှယ်ယာတွေ ထုတ်ရောင်းဖို့တော့ အချိန်စောင့်ရဦးမယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ် အမီ စတော့ အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ရန် မြန်မာ့ အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ သို့သော်လည်း ၂၀၁၅ခုနှစ် အမီ စတော့ အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ရန်မှာ မြန်မာနိုင်ငံ၏ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (Securities Exchange Law)ထွက်ပေါ်မှု နောက်ကျနေသဖြင့် အစီအစဉ်များ နောက်ကျလျှက်ရှိကြောင်း အဆိုပါ ဈေးကွက်ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးနေသော ဂျပန်ပညာရှင် အချို့က သုံးသပ်သည်ဟု သိရသည်။

“ကျွန်တော်တို့က စတော့ အိတ်ချိန်းပေါ်တဲ့အထိ စောင့်နေလို့မရဘူး။ စတော့ဈေးကွက်ပေါ်တဲ့အချိန်မှာ အဆင်သင့် ဖြစ်နေအောင် အခုကတည်းက ကြိုတင် ပြောင်းထားတဲ့ သဘောပါ”ဟု ကိုသိန်းသန်းတိုးက ဆိုသည်။

Red Link ကုမ္ပဏီသည် ရတနာပုံ တယ်လီပို့တ်၏ လက်တံ ကုမ္ပဏီ တစ်ခုအဖြစ်သာ လုပ်ကိုင်ခွင့် ရရှိသေးပြီး ကိုယ်ပိုင် ISP (Internet Service Provider) လိုင်စင်ရရှိရန် စောင့်မျှော်နေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *