News

အလုပ်အကိုင် အခွင့်အလမ်းများအတွက် အရည်အချင်း ပြည့်မီသူ နည်းပါး

သြဂုတ်လအတွင်း၌ Telenor, Nokia Siemens, Ehite Tech စသည့် ဆက်သွယ်ရေးနှင့် အိုင်တီကုမ္ပဏီများက အလုပ်အကိုင်များ အပြိုင်အဆိုင် ခေါ်ယူလာကြပြီး လူငယ်အများအပြား စိတ်ဝင်စားကြကြောင်း၊ သို့ရာတွင် အလုပ်အကိုင် နေရာများအတွက် အရည်အချင်း သတ်မှတ်ချက်များမှာမူ လူငယ်အများစုအတွက် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း သိရသည်။

“Nokia Siemensက အလုပ်ခေါ်တာတွေ့လို့ စိတ်ဝင်တစား ရှိကြပြီး ကိုယ်ဝင်လျှောက်နိုင်တာဆိုလို့ Receptionပိုင်းပဲ တွေ့တယ်ဆိုတာမျိုးတွေလည်း ကြားရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာပေမယ့် ကိုယ့်မှာလည်း လိုအပ်တဲ့အရည်အချင်းတွေ ပြည့်စုံနေဖို့ လိုပါတယ်။ အရင် ဒီမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခဲ့တဲ့ နေရာတွေက အခုတော့ ကိုယ့်နိုင်ငံမှာပဲ အလုပ်ဝင်နိုင်ပြီဆိုရင်တော့ ဒါကကောင်းပါတယ်”ဟု Web Developer ကိုသီဟက သုံးသပ်ပြောကြားသည်။

“အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းလာတယ်။ ဒါပေမယ့် ကျောင်းဆင်းခါစ လုပ်ငန်း အတွေ့အကြုံမရှိတဲ့သူတွေအဖို့ စိန်ခေါ်မှု အများကြီး ရှိပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့လည်း ကျောင်းတွေအထိသွားပြီး အလုပ်ခေါ်တာတွေ ကြားရတယ်။ နောက်ပိုင်းတော့ ကျောင်းတက်ရင်း အချိန်ပိုင်းဝင်လုပ်၊ လိုအပ်တဲ့ Trainingတွေ လုပ်ရင်းနဲ့ ကျောင်းပြီးတဲ့အချိန်မှာ လုပ်ငန်းခွင်အတွက် အဆင်သင့် အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အခုတော့ ပြည်တွင်း ကုမ္ပဏီတွေမှာ ဝင်လုပ်နေတဲ့သူတွေ အတော်များများက Telenorတို့ Ooredooတို့မှာ လုပ်ဖို့ စိတ်ဝင်စားကြတယ်”ဟု အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သူ မအိအိက ပြောပြသည်။

ပြည်တွင်း၌ အလုပ်ခေါ်ယူမှုများလည်း  အများအပြားရှိပြီး အလုပ်ရှာဖွေနေသူများလည်း အများအပြား ရှိနေရာ ယင်းမှာ အလုပ်ခေါ်ယူသူများက သတ်မှတ်ထားသော အရည်အချင်းနှင့် အလုပ်အကိုင် ရှာဖွေသူများ၏ အရည်အချင်းတို့ မကိုက်ညီခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ “နိုင်ငံတကာ ကုမ္ပဏီတွေကတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီပဲ အလုပ်ခန့်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှသာ အလုပ်ရမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်ပြောကြားသည်ဟု သိရပါသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာသော်လည်း အရည်အချင်း ပြည့်မီသူများ၊ နည်းပါးခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များ ရှားပါးလာခြင်း၏ သော့ချက်တစ်ခုဖြစ်ကြောင်း၊ တိုးတက်လာသော နည်းပညာခေတ်ကြီးနှင့်အညီ နည်းပညာတတ်လူငယ်များ၊ အများအပြား လိုအပ်လျက်ရှိရာ ယခုခေတ် လူငယ်များအနေဖြင့် ကြိုးစားကြဖို့ လိုအပ်ကြောင်း အငြိမ်းစားအရာရှိတစ်ဦးကလည်း မှတ်ချက်ပြုခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *